"သားသမီးတွေ လက်ထဲမှာ ပဋိပက္ခတွေ ထားခဲ့မှာလား"

ကချင်ဒေသ တိုင်းရင်းသားများ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းနေသူ တစ်ဦးက ဒေသတွင်း နောက်ဆုံးအခြေအနေများကို ပြောပြထားသည်

Published on Sep 27, 2018
သြဂုတ်လကုန်ပိုင်းက တွေ့ရသော ဦးကျော်ထွေးမောင် ခေါ် ရှဒေါင်ယော်ဇက် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)
သြဂုတ်လကုန်ပိုင်းက တွေ့ရသော ဦးကျော်ထွေးမောင် ခေါ် ရှဒေါင်ယော်ဇက် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

ရှမ်းနီ (တိုင်းလိုင်) နှင့် ကချင်များကြား အကျိုးဆောင်ပေးရာတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ ကိုကျော်ထွေးမောင် ခေါ် ရှဒေါင်ယော်ဇက်တွင် အားသာချက် တစ်ခု ရှိနေသည်။

ထိုအချက်မှာ ရှမ်း၊ ကချင် ကပြား ဖြစ်နေသည် ဟူသော အချက်ပင်။

မိုးကောင်း အခြေစိုက် All to One ပြည်သူလူထု အခြေပြု ပူးပေါင်းကူညီမှု ကွန်ရက်ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့နှင့် ပူးပေါင်း တည်ထောင်ပြီး အတွင်းရေးမှူးတာဝန် ယူထားသည့် ကိုကျော်ထွေးမောင်နှင့် မကြာသေးခင်က တွေ့ဆုံ မေးမြန်းရာ သူက ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းချက်များအကြောင်း ပြောပြထားသည်။

မေး။ ။ ရှမ်းနဲ့ ကချင်ကြား တွေ့ဆုံ ညှိနှိုင်းမှုတွေမှာ အရင်က ဘယ်လိုအခြေအနေရှိလဲ၊ အခုရော ဘာတွေပြောင်းလဲလာပါသလဲ။

ရှမ်းတွေကို အခွန်ကောက်တဲ့ ကိစ္စဟာဆိုရင်လည်း တော်တော်လေးကို အတိုက်အခံ ဖြစ်ခဲ့တယ်။ မြစ်ကြီးနားမှာရှိတဲ့ KIA ဆက်ဆံရေးရုံးကို သွားပြီးမှ ပြည်သူတွေက ဒီလို ဒီလို ပြောနေပြီ၊ အခွန် ဆိုရင်လည်း တောင်းသလောက်ပေးတဲ့ပုံစံမျိုး မဟုတ်ဘဲ ညှိနှိုင်းပေးဖို့။ လုံးဝ ငြင်းရင်လည်း အန္တရာယ်က ရှိသေးတယ်လေ။ နည်းနည်းတော့ လျှော့ပေးပါပေါ့။ နောက်တစ်ခု လမ်းကိစ္စ။ လမ်းသွားလမ်းလာ တောထဲ ဝင်တဲ့နေရာတွေ၊ ပြည်သူတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာ မိုင်းတွေ မထောင်ကြဖို့ ရုံးမှာ သွားပြောတယ်။ ဘယ်သူထောင်တာလဲ ဆိုတာလည်း မသိဘူး၊ နှစ်ဖွဲ့ ရှိတယ်၊ ဘယ်အဖွဲ့လဲ ဆိုတာ မြင်မှ မမြင်နိုင်တာ။ မစွပ်စွဲဘူး၊ မေတ္တာရပ်ခံတာ။

တိုင်းရင်းသားအရေး ဆိုရင်လည်း အစတုန်းက ကျွန်တော် ကိုယ်တိုင်ကအစ လက်ခံဖို့ ခက်ခဲခဲ့တယ်။ ၁၉၇၄ တုန်းက ရှမ်းနဲ့ ကချင် အကြီးအကျယ် ဖြစ်ခဲ့တယ်။ အဲဒီအရှိန်က မသေသေး ဘူး။ နှစ်ဘက်စလုံးက ရင်ထဲမှာ ရှိနေတုန်းပဲ။ ကျွန်တော်တို့ ကွင်းဆင်းတဲ့ အချိန်မှာ ကချင်နဲ့ ရှမ်းနဲ့ တွေ့ချင်တယ်၊ ဘုန်းကြီးတွေက သူတို့ ဓမ္မာရုံမှာ ဆွေးနွေးပွဲ လုပ်ဖို့ပြောတယ်။ ကချင်တွေက မလာနိုင်ဘူး။ Church (ခရစ်ယာန် ဘုရားကျောင်း) မှာ လုပ်မယ်ဆိုတော့ ရှမ်းတွေက မလာနိုင်ဘူး။ အဲဒီမှာ တော်တော်လေး ဒုက္ခ ဖြစ်ခဲ့တယ်။ ဓမ္မာရုံမှာ လုပ်လိုက်တော့ ကချင်တွေဘက်က တကယ်ကို တစ်ယောက်မှ မလာဘူး။ နောက် … ရွာတစ်ရွာ သွားလိုက်တယ်၊ ညှိကြည့်တယ်။ နှစ်ဘက်စလုံး ရင်ဖွင့်ကြရင် ဆရာတို့ရှိနေတဲ့အချိန် ဘာမှမဖြစ်ဘဲနဲ့ ဆရာတို့ပြန်သွားရင် ရွာမှာ နှစ်ဘက် ပြဿနာတက်မှာ စိုးရိမ်ရတယ် ဆိုတော့ ကျွန်တော်တို့ ဘာမှမလုပ်ဘဲနဲ့ ပြန်ခဲ့ရတာလည်း ရှိတယ်။ ဒါက စလုပ်တုန်းက အခြေအနေပေါ့လေ။ ဒါပေမဲ့ အဲဒီနေရာတွေ ကျွန်တော်အခု အလွယ်တကူ ဝင်လို့ရသွားပြီ။ ပြောမယ်ဆိုရင် ဝိုင်းထဲမှာကိုက ထပြီး လက်သီးထိုးမယ်အထိ ဖြစ်ခဲ့ဖူးတယ်။

နောက် မိုင်းကွဲလို့ ရှမ်းတစ်ယောက် သေသွားတယ်။ သူတို့မိသားစုတွေ အကုန်လုံး ကျွန်တော့်ဆီ လာခဲ့ကြတယ်။ ဒီပြဿနာ ရှင်းပေးဖို့ပေါ့လေ။ တစ်ယောက်တည်း မရှင်းနိုင်တော့ဘူး။ ဘုန်းကြီးတွေခေါ်ပြီး ရှင်းရတယ်။ အဲဒီတော့ ကျွန်တော့်ရုံးမှာပဲ ကချင်ဘက်ကရော ရှမ်းမိသားစုဘက်ကရော ခေါ်ပြီးတော့ စကားဝိုင်း လုပ်ရတယ်။ ကချင်တိုင်း KIA မဟုတ်ဘူး၊ ဒါတွေကို ကိုယ်က ရှင်းပြရတာပေါ့။ မရှင်းနိုင်ရင် လူမျိုးရေးပြဿနာ ဖြစ်တော့မှာလေ။

မေး။ ။ ဆက်ဆံရေးအဆင်ပြေလာအောင် တွန်းအားပေးတဲ့ တခြားအကြောင်းအရာတွေက ဘာတွေ ဖြစ်မလဲ။

အောက်ခြေက စတယ်လို့ပဲ ပြောရမလား။ တစ်ရပ်ကွက်တည်း နေတဲ့သူတွေချည်းပဲ။ အဆက်အဆံ မရှိဘူး၊ အခေါ်အပြောမရှိဘူး ဆိုရင်လည်း ကျွန်တော်တို့ ခေါ်ပြီးတော့ စုပေးလိုက်တဲ့ အတွက် အဲဒီအချိန်ကစပြီး အခေါ်အပြော ရှိသွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် သိသွားတယ်၊ ရင်းနှီးသွားတယ်၊ စကားပြောဖြစ်သွားတယ်။ အဲဒါက တစ်ချက်ပေါ့။ နောက်ပြီးတော့ ပြဿနာ အရင်းအမြစ်ကို ရှာခိုင်းတယ်၊ မတည့်ဘူး ဆိုရင်လဲ ဘာဖြစ်လို့ မတည့်ကြတာလဲ၊ တကယ့်အကြောင်းအရင်းကဘာ ဆိုတာကို ရှာခိုင်းလိုက်တယ်။ သမိုင်းကြောင်းတွေလည်း ပြန်ပြီး ရွတ်ပြရတာပေါ့လေ။ ဟိုးအရင်က အေးအတူပူအမျှ ရှိခဲ့တယ်၊ ၁၉၄၈ နောက်ပိုင်းမှ ကျွန်တော်တို့တွေ ဘာကြောင့်မို့ ပြိုကွဲသွားတယ်၊ ရှေ့လျှောက်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ အတူ နေထိုင်ရဦးမှာပဲ။ ကျွန်တော်တို့ သားသမီးတွေ လက်ထဲမှာ ပဋိပက္ခတွေ ထားခဲ့မှာလား။ ရှေရှည်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေနိုင်အောင် နှစ်ဘက် အသိုင်း အဝိုင်းတွေ မကြိုးစားသင့်ဘူးလားပေါ့။ ပြေပြေလည်လည် ရှင်းပြရတယ်။

၁၉၄၈ နောက်ပိုင်း ဘယ်အချိန်တွေမှာ ပိုပြီး အဆင်ပြေခဲ့လဲ။

လောလောဆယ် အနီးစပ်ဆုံး ထောက်ပြတာက … (တပ်မတော်နဲ့ KIA) အပစ်အခတ် ရပ်စဲခဲ့တဲ့ ၁၇ နှစ်တာ အချိန်တွေတုန်းက ကျွန်တော်တို့တွေ ဘယ်လို ရှာဖွေစားသောက်နိုင်ခဲ့တယ်၊ ညသန်းခေါင်က အစ ဘယ်လို ခရီးသွားလို့ရခဲ့တယ်၊ အဲဒီအခြေအနေတွေ သူတို့ကို ပြန်ရှင်းပြလိုက်တယ်။ လက်တွေ့ နေခဲ့ရတဲ့ အခြေအနေလေ။ အဲဒီတော့ အားလုံးက ဒီအရသာကို သိနေ တယ်လေ။ အခုအချိန်မှာ ကျွန်တော်တို့ အဲဒီလိုသွားလို့ မရဘူးလား။ အဝေးကြီး မကြည့်နဲ့ အဲဒီ ၁၇ နှစ် ကာလက အားလုံး ကြုံခဲ့ရတာပဲလေ။ ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားခဲ့ရတာလေး ပေါ့။ ဒါက လက်နက်ကိုင် ပဋိပက္ခနဲ့လည်း တိုက်ရိုက် ဆက်စပ်နေတယ်။

မေး။ ။ ဒေသတွင်း ပိုပြီးငြိမ်းချမ်းလာအောင် နှစ်ဘက်အဖွဲ့အစည်းကရော ဘာလုပ်ဖို့လိုမလဲ။

နှစ်ဘက်စလုံး တောင်းသင့်တာကို တောင်းပြီးတော့ ပေးသင့်တာကို ပေးလိုက်ရင်တော့ ပိုပြီး ပြေလည်မယ်လို့ ထင်တာပဲ။ မဖြစ်နိုင်တာကို မတောင်းနဲ့။ ဟိုဘက်ကလည်း ပေးသင့်တဲ့ဟာ ကို ပေးလိုက်။ ချက်ခြင်းလက်ငင်းတော့ ဖြစ်ဖို့ မလွယ်ဘူး။ လက်ရှိအခြေအနေကို ကျွန်တော်ရှင်းပြမယ်၊ ကချင်ဘက်ကဆိုရင် ပတ်ဂျီဆန်ဆိုပြီး ဖွဲ့လိုက်တယ်၊ အဓိကကတော့ ဘိန်းတိုက် ဖျက်ရေးပေါ့။ တခြားဘက်ကလည်း ပြည်သူ့စစ်ဆိုပြီးမှ ဖွဲ့တယ်။ ဖွဲ့တာက တစ်ရပ်ကွက်လုံးပါတာ မဟုတ်ဘူး။ ရှမ်းနီပြည်သူ့စစ် ဆိုပြီး ရှမ်းနီတွေချည်းပဲ ဖြစ်နေတယ်။ ဒါတွေက လူမျိုးရေးတွေကို ကွဲစေတဲ့ ကိစ္စတွေပဲ။

မေး။ ။ထိလွယ်ရှလွယ်ကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့အခါမှာ ဘယ်လို အထောက်အပံ့တွေ လိုအပ်လဲ။

တခြားပြင်ပအကူအညီ မယူခင်တုန်းကတော့ လုပ်နိုင်တဲ့တာက မိုးကောင်းပဲ။ အခုဆိုရင် မိုးကောင်းမှာက ကချင်ရော၊ ရှမ်းရောဘက်က စာပေယဉ်ကျေးမှုတွေ ပါလာအောင် စည်းရုံးထား တယ်။ ဘာသာရေး အသိုင်းအဝိုင်းတွေ ပါလာတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဘယ်ဘက်ကိုမှ မယိမ်းဘဲ တည့်တည့် လျှောက်နေတာ။ အားလုံးက အားပေးလို့ အခုဆို အဖွဲ့လေးတစ်ဖွဲ့ ဖြစ်နေပြီ။ ဒါက အောင်မြင်မှုတစ်ခုလည်း ဟုတ်တယ်။ ရွာကနေမြို့၊ မြို့ကနေ ပြည်နယ်အထိ ဘယ်လိုတိုးချဲ့ပြီးတော့ လုပ်မလဲပေါ့ အားလုံး ကြိုးစားရအောင် ဆိုပြီး လုပ်နေတာ။ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ လိုတယ်။ ကျွန်တော်တို့က ရွာလေး အသေးလေးတွေက အစ တကယ့် ပဋိပက္ခနယ်မြေတွေ ဖြစ်နေရင် အဲဒီမှာ ရှိတဲ့ တိုင်းရင်းသားတွေကို ကူညီချင်တယ်၊ သွားချင်တယ်။ မသွားရဆိုပြီး တားတဲ့ ပုံစံ၊ ခွင့်ပြုမိန့်တင်ပါ ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတဲ့ အချိန်မှာ အရမ်း အခက်အခဲဖြစ်တယ်။ သူတို့ဘက်က ပူးပေါင်းကူညီမှုကို ကျွန်တော်တို့မျှော်လင့် ပါတယ်။ ပြည်သူတွေ ပါလာအောင် ကျွန်တော်တို့ စည်းရုံးနိုင်တယ်။

ကျွန်တော်တို့လုပ်နေတာ လက်နက်ကိုင်ပြီး ပုန်ကန်နေတာ မဟုတ်ဘူး။ တိုင်းရင်းသားအားလုံး ချစ်ကြည် ရင်းနှီးအောင်လို့ ကျွန်တော်တို့ လုပ်နေကြတာ။ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေး ပါတယ် ဆိုတဲ့ ပုံစံမျိုးလေးပဲ လိုချင်တယ်။ ။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading