သတင်း

ရေစကြိုတွင် ရဲကင်းစခန်းကို ဒေသခံအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း၊ ရေစကြိုမြို့တောင်ဘက် ၁၂ မိုင်အကွာရှိ ပခန်းငယ်ရဲကင်းစခန်းကို ယနေ့ (နိုဝင်ဘာ ၁၃) နေ့ခင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

မွန်းလွဲ ၁ နာရီခန့်တွင် အင်အား ၁၅ ဦးခန့်ရှိ ရဲကင်းစခန်းကို သွားရောက်တိုက်ခိုက်စဉ် နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း၊ ရဲများအားလုံး ထွက်ပြေးသွားကာ ဆိုင်ကယ်နှစ်စီးနှင့် မောင်းပြန်ရိုင်ဖယ်နှစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ဖီးနစ်အထူးပြောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ်လင်းယုန်က Myanmar Now ကို ပြောသည်။

ထိုကင်းစခန်းမှ ထွက်ပြေးသွားသည့် ရဲတချို့ ဒဏ်ရာရရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက စခန်းကို ဝိုင်းထားစဉ် ပခန်းငယ်ရဲစခန်းမှူးကို လက်နက်ချရန် ဆက်သွယ်ညှိနှိုင်းခဲ့သေးသည်ဟု အထက်ပါ PDF ခေါင်းဆောင်က ပြောသည်။

“အစကတော့ ညှိနှိုင်းသေးတယ်ပေါ့လေ။ လက်နက်ချမလား ညှိနှိုင်းတာ စခန်းမှူးနဲ့ မတွေ့ဘူး။ တာဝန်ရှိတဲ့သူတစ်ယောက်ဆိုပြီး ဖုန်းပြောတယ်။ ညှိနှိုင်းမှု လက်မခံဘူး။ နောက်တယ်လို့ ထင်တာလားမသိဘူး။ တစ်မိနစ် အချိန်ပေးတယ်။ လက်မခံတော့ ပစ်ခတ်ပြီး ဝင်စီးတဲ့သဘောပါ”ဟု ဗိုလ်လင်းယုန်က ဆိုသည်။ 

“သူတို့ကိုလည်း ကျွန်တော်တို့ဘက် လာမယ်ဆိုရင် ကျွန်တော်တို့ လမ်းဖွင့်ထားပါတယ်။ မိသားစုအတွက်ပါ လုံခြုံရေးစီစဉ်ပေးနိုင်တယ်။ ကျွန်တော်တို့ပြည်သူတွေဆီမှာ လာခိုလှုံတဲ့အခါ လက်နက်ပါ ပါမယ်ဆိုရင် ထောက်ပံ့မှုတွေပါ လုပ်ဖို့ စီစဉ်ထားတယ်”  

ရေစကြိုမြို့နယ်ဒေသခံကာကွယ်ရေးအဖွဲ့၊ ဖီးနစ်အထူးပြောက်ကျားတပ်ဖွဲ့ (Phoenix ရေစကြို)၊ 27 Revolution Forces MGN, Thway Thauk Revolution Forces နှင့် မဟာမိတ်များက ထိုစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းမှ ရေစကြို၊ မြိုင် စသည့်မြို့နယ်များ၊ နယ်မြေထိစပ်နေသည့် မန္တလေးတိုင်း မြင်းခြံ၊ မြောင်မြို့နယ်များတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားကောင်းပြီး ပူးပေါင်းလှုပ်ရှားနေကြသည်။ 

စစ်ကောင်စီက PDF များကို အကြမ်းဖက်သမားများဟု သတ်မှတ်ထားပြီး ၎င်းတို့နှင့် ဆက်စပ်သူများ၊ အားပေးထောက်ပံ့သူများကို လိုက်လံဖမ်းဆီးနေသည်။

သတင်းပေး၊ ဒလန်တို့၏ တိုင်ကြားချက်အတိုင်း လိုက်လံဖမ်းဆီးတတ်သဖြင့် PDF က ဒလန်များ၊ အာဏာသိမ်းမှု အန်တုဆန့်ကျင်သူတို့ကို ချေမှုန်းမည်ဟု ကြေညာထားသော ပျူစောထီးလက်နက်ကိုင်အဖွဲ့ဝင်များကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ဇွန် ၂၇ ညပိုင်းတွင် ရေစကြိုမြို့နယ်၊ အောင်ပန်းရွာတွင် ဒလန်ဟု နာမည်ထွက်နေသူတစ်ဦး အသတ်ခံရပြီး စစ်ကောင်စီတပ် လာရောက်ရမ်းကားမည့်ဒဏ်ကို ကြောက်လန့်သဖြင့် ဒေသခံအများအပြား ထွက်ပြေးခဲ့ရသည်။

ဩဂုတ် ၁၉ တွင် ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ မအူအလယ်ရွာမှ PDF စခန်းကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်ခဲ့သည်။

ဩဂုတ် ၂၇ မနက်ကလည်း ရေစကြိုမြို့အနောက်ဘက် ပခုက္ကူ − မုံရွာကားလမ်းမပေါ်ရှိ ဇီးတောစံပြ ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ ဦးလေးတော်စပ်သူ ပျူစောထီးအဖွဲ့ဝင် ဦးသန်းဌေးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ရေစကြို PDF က ထုတ်ပြန်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button