သတင်း

ကော့မှူးတွင် စစ်ကောင်စီကင်းလှည့်ယာဉ် နှစ်စီးကို PDF တိုက်ခိုက်

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၂) ညနေ ၅ နာရီခန့်က ကင်းလှည့်လာသည့် စစ်ကောင်စီ ယာဉ်ငယ်နှစ်စီးကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနှစ်ဦး ဒဏ်ရာရသွားပြီး အသက်အန္တရာယ် စိုးရိမ်ရနိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပြောသည်။

မကျီးကန်ရွာ အနောက်ဘက် ကျိုက်ထော်ကားလမ်းမပေါ်၌ ဇလုပ်ကြီးရွာဘက်သို့ ဦးတည်ရာ လမ်းကြောင်းအတိုင်း မောင်းနှင်နေသည့် စစ်ယာဉ်ငယ်တစ်စီး၊ စစ်သားများ လိုက်ပါလာသည့် အိမ်သုံးယာဉ်ငယ်တစ်စီးကို လမ်း၌ ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီကင်းလှည့်ယာဉ်များက အပြင်းမောင်းနှင်ကာ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းရှိရာဘက်လမ်းသို့ ချိုးကွေ့သွားသည်ဟု ကွပ်ကဲရေးအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောသည်။

“ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထိခိုက်မှုအနေအထားအရတော့ သူတို့သည် အသက်ရှင်ဖို့ လမ်းကြောင်းတော့ သိပ်မရှိပါဘူးဗျ” ဟု ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးသလို ပစ်ခတ်သူများနှင့် အရပ်သားထိခိုက်ဒဏ်ရာရမှု အခြေအနေအသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

ဒေသတွင်းသတင်းအချို့အရ အပြန်အလှန်ပစ်ခတ်မှုအချို့ရှိခဲ့ပြီး ဒေသခံ သုံးဦး ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပါ။

NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်သည့် ၁၄ စက္ကန့်ကြာ ရုပ်သံဖိုင်တစ်ခုတွင် ကားလမ်းဘေး ဝါးတောထဲ၌ နေရာယူထားသည့် ဒေသကာကွယ်ရေးအဖွဲ့ (PDF) အချို့က မောင်းပြန်ရိုင်ဖယ်သေနတ်များဖြင့် တရစပ်ပစ်ခတ်နေသည်ကို တွေ့ရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ထိုသို့ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောသည်။ ထိုဖြစ်စဉ်အပြီးတွင် ထိုနေရာတစ်ဝိုက်မှ သေနတ်သံအချို့ ခေတ္တထွက်ပေါ်လာသည်ကို ယမန်နေ့ (နိုဝင်ဘာ ၁၂) ညနေ ၆ နာရီခန့်တွင် တစ်ကြိမ်၊ ယနေ့ (နိုဝင်ဘာ ၁၃) နံနက် ၄ နာရီခန့်တွင် တစ်ကြိမ် ကြားရကြောင်း၊ စ်အ‌သေးစိတ်ကို မသိသေးကြောင်း ၎င်းက ပြောသည်။

ထို့အတူ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ကော့မှူးမြို့နယ်အားကစားခန်းမအတွင်း တပ်စွဲထားသည့် ​ရေတပ်သား ၂၀ ခန့် အထုပ်အပိုးများသိမ်းကာ စစ်သုံးထရပ်ကားတစ်စီး၊ အရပ်ဘက်ယာဉ်ငယ်တစ်စီးဖြင့် ကွမ်းခြံကုန်းမြို့ဘက်သို့ ဦးတည်ထွက်ခွာသွားသည်ကို တွေ့ရကြောင်း ထိုသူ့ထံမှ သိရသည်။

NUG က တရားဝင်ဖွဲ့ပေးထားသည့် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှာ ရန်ကုန်အခြေစိုက်တော်လှန်ရေးအင်အားစုများ(PDF) ကို ဦးဆောင်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့ပါဝင်သည့် ဟံသာဝတီခရိုင်အတွင်း “ပျံလွှားအောင်” ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ရပ် လုပ်‌ဆောင်နေပြီး ယမန်နေ့က တိုက်ခိုက်မှုမှာ ယင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့က ပြင်ဆင်နေတုန်းရှိသေးတာပေါ့။ …. ကာလက ဘယ်အထိသွားမလဲဆိုရင်‌တော့ လွယ်လွယ်ပြောရရင်တော့ နောက်ထပ်စစ်ဆင်ရေးတစ်ခု အသွင်မပြောင်းမချင်းတော့ ဒီစစ်ဆင်ရေးအနေနဲ့ ရှိနေမှာပေါ့” ဟု ၎င်းက ပြောသည်။

NUG က ပြည်သူ့ခုခံစစ် စတင်ပြီဟု ကြေညာသည့် စက်တင်ဘာ ၇ ရက်မှစ၍ အောက်တိုဘာလအတွင်း ပျံလွှားအောင်စစ်ဆင်ရေးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၉၉ ကြိမ်နှင့် ဗုံးခွဲတိုက်ခိုက်မှု ၂၅၆ ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အောက်တိုဘာ ၂၇ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

အောက်တိုဘာ ၂၃ ရက်က စစ်သား ၄ ဦးသေဆုံးခဲ့သည့် ဗိုလ်တထောင်ဈေးလမ်းမီးပွိုင့်တိုက်ခိုက်မှု၊ လူမှုကွန်ရက်စာမျက်နှာများတွင် လူကြည့်များခဲ့သည့် ဗားကရာလမ်းဆုံရှိ လုံခြုံရေးစခန်းတစ်ခုကို မောင်းပြန်သေနတ်ဖြင့် ပစ်ခတ်မှုတို့မှာ ထိုစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ပစ်ခတ်သတ်ဖြတ်နေသည့်နောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ကြရာတွင် ရန်ကုန်တိုင်းသည်လည်း အပါအဝင်ဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button