လမ်းစ မမြင်သေးသော ရှမ်းပါတီနှစ်ခု ပူးပေါင်းရေး

ချင်း၊ မွန်၊ ကရင်ပါတီများ ပူးပေါင်းလာကြသော်လည်း ရှမ်းပါတီကြီးနှစ်ခုက အလားတူ ဆောင်ရွက်မည့် အခြေအနေ မရှိသေးပေ။

Published on Sep 26, 2018
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားများ နေထိုင်ကြသော ကျေးလက်ဒေသတစ်ခု၏ ရှမ်းရိုးရာအိုးစည်ဝိုင်းနှင့် ဓားသိုင်းကပြမှု (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားများ နေထိုင်ကြသော ကျေးလက်ဒေသတစ်ခု၏ ရှမ်းရိုးရာအိုးစည်ဝိုင်းနှင့် ဓားသိုင်းကပြမှု (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

(ရန်ကုန်) - ၂ဝ၁၈ သည် တိုင်းရင်းသားဒေသ အခြေစိုက် နိုင်ငံရေးပါတီ အများအပြားအတွက် ထူးခြားသည့် ပြောင်းလဲမှုများ ယူဆောင်လာသည့်နှစ် ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မွန်ပါတီ သုံးခု ပူးပေါင်းလိုက်ကြသည်။ နှစ်ဆန်းပိုင်းကလည်း ကရင်ပါတီ သုံးခု ပူးပေါင်းမှုကို တွေ့ခဲ့ရသည်။ ချင်းပါတီသုံးခုကလည်း ပူးပေါင်းရန် လာမည့် ရက်အနည်းငယ်အတွင်း လက်မှတ်ထိုးရန် ပြင်ဆင်နေကြသည်။

မွန်၊ ကရင်၊ ချင်းပြည်နယ်တို့တွင် ဖြစ်ပေါ်လာသော ပေါင်းစည်းမှုမျိုးကို ရှမ်းတိုင်းရင်းသား ထိပ်သီးပါတီနှစ်ခု အခြေစိုက်သည့် ရှမ်းပြည်နယ်တွင် တွေ့ရန် အလားအလာ ရှိနေပါပြီလော။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့မှ ထိပ်ပိုင်းခေါင်းဆောင်များကို ဤမေးခွန်း မေးမြန်းရာ ပါတီနှစ်ခု ပူးပေါင်းရန် အဆင်သင့် မဖြစ်သေးဟု ၎င်းတို့က ပြောကြသည်။

ပါတီနှစ်ခု အင်အား

ပါတီတံဆိပ်များကို အစွဲပြုပြီး SNLD ကို ကျားခေါင်းပါတီ၊ SNDP ကို ကျားဖြူပါတီဟုလည်း အများက ခေါ်ဆိုကြသည်။

၁၉၈၈ လူထုလှုပ်ရှားမှုကြီးအပြီး ပေါ်ပေါက်လာသော SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရာ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၂ဝ ကျော်တွင် အနိုင်ရသည်။ ထိုရွေးကောက်ပွဲရလဒ်ကို တပ်မတော်အစိုးရက လျစ်လျူရှုပြီး ၂ဝ၁ဝ တွင် ရွေးကောက်ပွဲထပ်မံပြုလုပ်ရန် စီစဉ်ရာ ခေါင်းဆောင်များ ထိန်းသိမ်းခံနေရသဖြင့် ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်း မပြုခဲ့ပေ။

ထိုအခြေအနေတွင် ပါတီဝင်အများအပြားက SNDP ကျားဖြူပါတီကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရာ လွှတ်တော်သုံးရပ်အတွက် ၅၇ နေရာ အနိုင်ရရှိခဲ့သည်။

နောက်ပိုင်းတွင် ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာပြီး ကျားခေါင်းပါတီကို ပြန်လည် မှတ်ပုံတင်ရာ ရှမ်းတိုင်းရင်းသားတို့၏ ထောက်ခံမှု ပြန်လည် ရရှိခဲ့သည်။ ကျားဖြူဘက်မှ ပါတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များပင် ကူးပြောင်းလာကြသည်။

တိုင်းရင်းသားလူမျိုးစုဒေသတွင် မဲဆန္ဒရှင် အများအပြားက မျိုးနွယ်စုတူပါတီကိုသာ ထောက်ခံလေ့ ရှိကြသည်။

ဤအခြေအနေကြောင့် ပါတီနှစ်ခု ပူးပေါင်းရေးကို ရှမ်းတိုင်းရင်းသားများထဲတွင် တောင်းဆိုမှု ပေါ်ပေါက်လာသော်လည်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပါတီနှစ်ခုစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ အောင်မြင်မှုမှာ သိသိသာသာ ကွဲပြားသွားသည်။

SNLD ကျားခေါင်းက မဲဆန္ဒနယ် ၄ဝ အနိုင်ရပြီး SNDP ကျားဖြူက ၁ နေရာ ရခဲ့သည်။

ဖြစ်ပေါ်မလာသည့် ဆွေးနွေးပွဲ

ပါတီနှစ်ခုလုံးသည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ရှမ်းတိုင်းရင်းသားတို့ နေထိုင်သော မြို့ကြီးတချို့တွင် ရုံးခွဲများ ဖွင့်ထားကြသည်။

ရွေးကောက်ပွဲအပြီးတွင် ဖြစ်လာနိုင်ချေရှိသည်ဟူသော ဆွေးနွေးပွဲတို့လည်း ပေါ်မလာတော့ပေ။

ပေါင်းစည်းရေးအတွက် SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ယခုနှစ်ဆန်းပိုင်းတွင် SNLD သို့ စာပို့ ထားသည်ဟု ပြောသည်။

“နှစ်ခါ စာရေးပြီးပြီ။ အခုထိ အကြောင်းမပြန်သေးဘူး။ အကျိုးအကြောင်း မပြန်တော့ မဆွေးနွေးဖြစ်ဘူး” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

“သံဃာတော်တွေရဲ့ သြဝါဒနဲ့ ပြည်သူတွေ လိုလားမှုကြောင့် ပူးပေါင်းချင်တယ်။ ပါတီနှစ်ခု မပေါင်းနိုင်တဲ့ အဆုံးမှာ အချင်းချင်း မယှဉ်ပြိုင်ရအောင်၊ နယ်မြေခွဲပြီးတော့ ဝင်ပြိုင်ရအောင် ဆိုပြီးတော့ အဆိုပြုထားတယ်”

SNDP ၏ ကမ်းလှမ်းချက်ကို လက်ခံရရှိထားသည်ဟု SNLD ၏ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်က ဆိုသည်။

“မူဝါဒတွေ၊ ယုံကြည်ချက်တွေ မတူညီတဲ့အခါ ပေါင်းစည်းဖို့ အခက်အခဲ ဖြစ်တယ်။ အမြင် သဘောထားတွေမှာကို အများကြီး ကွာခြားတယ်။ အမြင် သဘောထားချင်း မတူတော့ ပေါင်းဖို့ ဆွေးနွေးတဲ့ နေရာမှာ အခက်အခဲ ရှိတယ်” ဟု စိုင်းညွန့်လွင်က ပြောသည်။

“နောက်လာမယ့် ရွေးကောက်ပွဲမှာလည်း ပေါင်းဖို့ အစီအစဉ်မရှိသေးဘူး” ဟု စိုင်းညွန့်လွင်က ပြတ်ပြတ်သားသား ပြောသည်။

မတူညီသော မူဝါဒ

ပေါင်းစည်းမှုတိုင်း အဆင်ပြေသွားသည်တော့ မဟုတ်ပေ။

ပြီးခဲ့သည့်နှစ်များအတွင်း ရခိုင်ပြည်နယ်မှ ထိပ်သီး ပါတီကြီးနှစ်ခု အောင်မြင်စွာ ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်နိုင်ခဲ့သည်။ ရခိုင်ဒေသခံတို့ များစွာ ကျေနပ်အားရကြသော၊ မြန်မာပြည် နိုင်ငံရေးပါတီများသမိုင်းတွင် ထူးခြားသော ဤပေါင်းစည်းမှုသည် နှစ်အနည်းငယ်သာ ခိုင်မြဲခဲ့သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးပါတီများ၏ အခြေအနေ အမျိုးမျိုး ပြောင်းလဲနေချိန်တွင် ရှမ်းပြည်နယ်တွင်မူ ပြောင်းလဲမှုကို မတွေ့မြင်ရပေ။

ရှမ်းပါတီများ ပူးပေါင်းရေးအတွက် အဟန့်အတားဖြစ်နေသည်မှာ မူဝါဒ၊ အမြင်သဘောထားတို့ မတူသောကြောင့် ဖြစ်သည်ဟု ပါတီနှစ်ခုလုံးရှိ ရှမ်းခေါင်းဆောင်တို့က ဆိုကြသည်။ သို့သော်လည်း မည်သည့် အကြောင်းအရာများတွင် အမြင်မတူကြောင်းကိုမူ အသေးစိတ် ပြောဆိုရန် ငြင်းဆိုကြသည်။

သိသိသာသာ ကွဲပြားနေမှုကို ပါတီနှစ်ခု၏ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး မူဝါဒတွင် တွေ့ရသည်။

ကျားဖြူပါတီက ၁၄ ပြည်နယ် စနစ်ကို အဆိုပြုထားပြီး ကျားခေါင်းပါတီက ‘တောင်ကြီးမူ’ ဟုခေါ်သည့် ၈ ပြည်နယ်မူကို ပြုပြင်ပြီး ၈ ယူနစ် စနစ်ဖြင့် သွားသင့်သည်ဟု ဆိုသည်။

ကျားဖြူမှ ဦးစိုင်းအိုက်ပေါင်းက “တိုင်းရင်းသားတွေက ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ရမယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိမယ်ဆိုရင် တိုင်းပြည်က ဖွံ့ဖြိုး တိုးတက်သွားမယ်။ ပြည်နယ် အရေအတွက်က အဓိက မကျဘူး” ဟု ဆိုသည်။

ကျားခေါင်းမှ စိုင်းညွန့်လွင်က “ကျွန်တော်တို့ပါတီ စဉ်းစားချက်က လက်တွေ့မကျဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။ ဒါက ယုံကြည်ချက်ပဲလေ။ လတ်တလော ရချင်ရ၊ မရရင်နေ၊ ယုံကြည်ချက် ဆိုတာ အကောင်အထည် ဖော်ရမှာပဲ။ လက်တွေ့ကျကျ၊ အရှိကို အရှိအတိုင်းပဲ လုပ်ရမယ်ဆိုရင် ဘာမှ လုပ်စရာကို မလိုဘူးလို့ ယူဆတယ်” ဟု ပြောသည်။

ရှမ်းပါတီ နှစ်ခုစလုံးသည် နိုဝင်ဘာ ၃ တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး စသည့် နေရာ နှစ်ခုကို ဝင်ပြိုင်မည် ဖြစ်သည်။

ပါတီနှစ်ခု ညှိနှိုင်းရေးကို မျှော်လင့်နေသူ အများအပြား ရှိသကဲ့သို့ ထိုသို့သော ညှိနှိုင်းမှုမျိုး ပေါ်ပေါက်လာမည်မဟုတ်ဟု ယူဆသူများလည်း ရှိနေသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက ရှမ်းပါတီနှစ်ခု၏ ရပ်တည်မှုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ သီးခြားစီ ရှိနေသည့် အနေအထားနှင့် တူညီသည့် သဘောရှိသည်ဟု ဥပမာပေးပြီး သုံးသပ်ပြသည်။

"ဗမာတွေမှာ USDP နဲ့ NLD ကွဲလို့ ဗမာတွေ ဘာများ နစ်နာသွားပါသလဲ။ နှိုင်းယှဉ် စဉ်းစားနိုင်ပါတယ်။ ပူးပေါင်းနိုင်စရာ အကြောင်းမရှိပါဘူး" ဟု ရှမ်းပြည်နယ်တွင် ကာလကြာရှည်စွာ နေထိုင်ခဲ့ဖူးသည့် ဦးမောင်မောင်စိုးက ပြောလိုက်သည်။

ထိုက်နန္ဒာဝင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading