သတင်း

တူမီးကိုင်သူတို့၏ ဒေသများ လေကြောင်းမှ တိုက်ခိုက်ခံနေရ

တူမီးကိုင်ပြီး ခုခံစစ်ဆင်နေသည့် တော်လှန်ရေးအဖွဲ့များအားကောင်းရာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းစစ်ဆင်ရေး ပိုများလာနေပြီး ပစ်မှတ်ဒေသမှ ပြည်သူရာထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

အောက်တိုဘာလကုန်ခန့်မှစ၍ စစ်သားများ၊ လက်နက်များကို ကနီ၊ ဒီပဲယင်း၊ ကျွန်းလှမြို့နယ်အတွင်း လေကြောင်းဖြင့် ပို့ဆောင်ခဲ့ပြီး PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိနိုင်သည့် နေရာများကို ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာတွင် လေကြောင်းမှ တိုက်ခိုက်မှု ပိုများလာသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၀) က ကနီမြို့နယ်၊ ချောင်းမ-ကနီ လမ်းပိုင်း၊ တဇယ်ချောင်ကျေးရွာအနီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး နေ့လယ်တွင် စစ်ရဟတ်ယာဉ်က မိနစ် ၂၀ ကြာ ပစ်ခတ်ကြောင်း၊ ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနီ PDF ထံမှ သိရသည်။ 

ရဟတ်ယာဉ်တစ်စီး ရောက်လာပြီး အကြိမ်ကြိမ်ပစ်ခတ်ခဲ့သည်ကို တွေ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တဇယ်ချောင် အထွက်ဘက် လမ်းမပေါ်ကို လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်သွားတယ်။ လေယာဉ်ကတော့ တစ်စင်းတည်းပဲ။ လေးခေါက်ဝေ့ပြီး ပစ်သွားတာ” ဟု  လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါ အမျိုးသားက ပြောသည်။ 

ကြားဖြတ်ချုံခိုတိုက်ခိုက်မှုများ၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းခြင်း ဖြစ်နိုင်သည်ဟု PDF က ယူဆသည်။

နိုဝင်ဘာလဆန်း၌ မင်းကင်းမြို့နယ်ဘက်မှ အင်အား ၅၀ ခန့်၊ စားနပ်ရိက္ခာနှင့် လက်နက်ကြီးတချို့ကို ရဟတ်ယာဉ်ဖြင့် ၃ ခေါက် သယ်၍ အင်အားဖြည့်တင်းခဲ့သည်ဟု သတင်းရကြောင်း ကနီ PDF ထံမှ သိရသည်။ ထို ၅၀ ထဲတွင် အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ရှင်းလင်းသုတ်သင်မည်ဟု ကြေညာထားသော ပျူစောထီးအဖွဲ့မှ အရပ်ဝတ်လက်နက်ကိုင်များလည်း ပါဝင်သည်ဟု ဆိုသည်။

တဇယ်ချောင်ရွာအနီး တိုက်ပွဲအတွင်း စစ်သား ၅ ဦးဒဏ်ရာရသလို ၎င်းတို့ဘက်မှလည်း ၄ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု ကနီမြို့နယ် PDF ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။ 

တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ တဇယ်ချောင်၊ ရှမ်းမြောင်း၊ မင်းကုန်း၊ ညောင်ပင်ဝန်း စသည့် ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များအားကောင်းသည့် ဒီပဲယင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း နိုဝင်ဘာ ၈ တွင် စစ်သားများ ရဟတ်ယာဉ် ၅ စီးဖြင့် ရောက်လာကာ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့သည်။

ထို့ကြောင့် ဒီပဲယင်းရှိ ဝန်းရံ၊ ကုန်းရိုး၊ တပ်တည်၊ မြကန်သာ အပါအဝင် ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံနှစ်ထောင်နီးပါးလည်း အခြားကျေးရွာများသို့ တိမ်းရှောင်နေရသည်။ 

နေရပ်ပြန်ရန် အခြေအနေမပေးသေးကြောင်း အင်ဘုတ်ရွာဒေသခံအမျိုးသားက ပြောသည်။ 

“ခုချိန်ကတော့ ကျီးလန့်စာစားနေရတာပဲ။ ကိုယ့်ရွာကိုလည်း ခုချိန်ထိ ပြန်မကပ်ရဲသေးဘူး။ နောက်ပြီးတော့ မြေပြင်ကနေလာရင် ဘယ်နားမဆို ပြေးနိုင်ပေမဲ့ ဝေဟင်ကနေဆိုတော့ အသံတစ်ခုခုကြားရင်ကို လန့်ဖျပ်နေရတာ။ ဟတ်စကီးသံ ကြားရင်ကို လန့်နေရတယ်”ဟု အင်ဘုတ်ရွာဒေသခံအမျိုးသားက ပြောသည်။ 

အောက်တိုဘာ ၂၈ ကလည်း တောတောင်ထူထပ်သည့် ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ဘက် ကျွဲတဲကျေးရွာအနီး PDF များ ရှိနိုင်မည်ထင်သည့် နေရာများကို ရဟတ်ယာဉ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုနေရာများအနီး စစ်သား ၂၀၀ နီးပါး ချထားခဲ့သည်။

ထိုစစ်သားများသည် ကျွဲတဲ၊ အင်လှ၊ လိပ်စင်းတောင်၊ သရက်ပင်၊ စသည့်ကျေးရွာများကို ဝင်ရောက်မွှေနှောက်ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့်အတွက် ဒေသခံ ရာနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။ 

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းကို အားပြုလာခြင်းမှာ နေ့စဉ်နီးပါး မိုင်းဆွဲတိုက်ခိုက်ခံရမှုများနှင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်ဟု ကနီ PDF တာဝန်ရှိသူက ပြောသည်။

“ငါတို့မှာ ဒီလိုလက်နက်တွေ ရှိတယ်ဆိုပြီးတော့ ပြည်သူကိုပြပြီး ခြိမ်းခြောက်ချင်တာလည်း ပါကောင်းပါနိုင်တယ်။ လေယာဉ်ဆိုတဲ့ သဘောတရားသည် ခဏအတွင်းပဲ မုံရွာကနေ ကနီကို အချိန်မရွေးလာရောက်နိုင်တဲ့ အနေအထားပေါ့။ အခက်အခဲသိပ်မရှိဘဲနဲ့ လာရောက်နိုင်တယ်” ဟု ကနီ PDF တာဝန်ရှိသူက ပြောသည်။

“လေယာဉ်နဲ့ပဲ ခြိမ်းခြောက် ခြိမ်းခြောက်၊ တင့်ကားနဲ့ပဲ ခြိမ်းခြောက် ခြိမ်းခြောက်၊ စိတ်ဓာတ်အပေါ် အဓိကဦးတည်ပြီးတော့ အသက်စွန့်၊ ကိုယ်ကျိုးစွန့်၊ အားလုံးကို စွန့်ပြီး တော်လှန်နေတဲ့ အနေအထားဖြစ်တယ်။ ဆက်လက်ပြီးတော့ တော်လှန်သွားမယ်”  

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အဆက်အသွယ်ရှိပါက မောင်းပြန်သေနတ်များ ကိုင်ဆောင်နိုင်ကြသော်လည်း PDF အဖွဲ့အများစုသည် ပစ်အား အကန့်အသတ်ရှိသည့် တူမီးသေနတ်၊ လက်လုပ်သေနတ်များကိုသာ ကိုင်ဆောင်ထားကြသည်။

လက်နက်အင်အား သာလွန်သည့် စစ်တပ်ကို ထိထိရောက်ရောက် ခုခံနိုင်ရေးအတွက် တိုက်ပွဲဝင်လက်နက်များ ရရှိရန် PDF အဖွဲ့များက လိုလားနေကြသည်။  

စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် စစ်ရေးယန္တရားကို အကြီးအကျယ်ဒုက္ခပေးနေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို စစ်ကောင်စီတပ်က ပိုမို ထိုးစစ်ဆင်ချေမှုန်းနေပြီး အန်တုမှုအားကောင်းသည့် မြို့နယ်ပေါင်း ၂၀ ကျော်တွင် စက်တင်ဘာလ တတိယပတ်မှစ၍ အင်တာနက်ဖြတ်တောက်ထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button