သတင်း

ဧရာဝတီတိုင်းမှ အန်တုသူတချို့၏ အိမ်နှင့်ဆိုင်များ ချိပ်ပိတ်ခံရ

ဧရာဝတီတိုင်းအတွင်းရှိ ကျုံပျော်၊ ရေကြည်နှင့် ပုသိမ်မြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင်ခဲ့သူတို့၏ နေအိမ်နှင့် ဆက်စပ်နေရာများကို စစ်ကောင်စီက မကြာသေးခင်က စတင်၍ လိုက်လံချိပ်ပိတ်နေသည်။

ယမန်နေ့ ( နို၀င်ဘာ ၁၀) တွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်အပါအဝင် နေအိမ်၊ ဆိုင်၊ ပညာဒါနကျောင်းနှင့် ဆေးခန်း အစရှိသည့် ၇ နေရာ ချိပ်ပိတ်ခံခဲ့ရကြောင်း ​ပုသိမ်မြို့ဒေသခံများထံမှ သိရသည်။ 

“ကလေးတွေက လာဖမ်းလို့ ရှောင်နေရတာ။ ပုသိမ်မှာ ဗုံးပေါက်ပြီဆို သူတို့အိမ်တွေကို လာရှာနေတာပဲ။ အခုလည်း ချိပ်လာပိတ်တာ။ အဲဒီကောင်တွေ သေရင်သေ၊ မသေရင် အဖမ်းခံရမှ အေးမယ်လို့ (စစ်သားတွေက) ပြောသွားသေးတယ်”ဟု ပုသိမ်မြို့မှ မျက်မြင်သက်သေတစ်ဦးက ပြောသည်။

အပိတ်ခံရသည့် ၇ နေရာမှာ ဖမ်းဝရမ်းထုတ်ခံရပြီး တိမ်းရှောင်နေစဉ် ကိုဗစ်ဖြင့် ကွယ်လွန်ခဲ့သည့် နိုင်ကျဉ်းဟောင်း ဒေါက်တာစစ်တင်၏ ရွှေကျွန်းဆေးခန်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းသည်ဟု စွပ်စွဲဖမ်းဆီးခံရသည့် ကိုစိုးမြင့်မောင်၏ မရမ်းချိုရပ်ကွက်နေအိမ်၊ မရမ်းချိုရပ်ကွက်ရှိ နေအိမ်တစ်လုံး၊ ဥမ္မာဒန္တီရပ်ကွက်ရှိ ဘရဏီလက်ဖက်ရည်ဆိုင်၊ ကင်မလင်းကျွန်းလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားစဉ် ဝရမ်းထုတ်ခံထားရသူ ကိုကျော်နန္ဒ၏ ဇေယျဝတီရပ်ကွက်ရှိ ပညာပါရမီအခမဲ့ကျောင်းတို့ ဖြစ်ကြသည်။

ထိုကျောင်းသည် ၂၀၁၅ ပညာရေးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုတွင် သပိတ်စခန်းဖွင့်ခဲ့သည့်နေရာလည်း ဖြစ်သည်။ 

ထိုသို့ စစ်ကောင်စီ၏ ဖိနှိပ်နေမှုများသည် လှုပ်ရှားမှုကို ထိခိုက်စေမည်မဟုတ်ကြောင်း ပုဒ်မ ၃ ခုဖြင့် ဝရမ်းထုတ်ခံထားရသည့် ကိုကျော်နန္ဒက Myanmar Now ကို ပြောသည်။

“သူတို့ စစ်ကောင်စီအနေနဲ့ ကြောက်လို့ဖြစ်မယ်။ သရဲကြောက်တဲ့သူက တခြားသူတွေကို လိုက်ပြီး သရဲခြောက်နေသလိုပါပဲ။ ပြည်သူတွေအပေါ် အကြောက်တရားနဲ့ အုပ်ချုပ်နေသမျှ စစ်ကောင်စီအုပ်ချုပ်မှုက အသက်မဝင်ပါဘူး” ဟု ၎င်းက ဆိုသည်။

“တော်လှန်ရေးရဲဘော်တွေအနေနဲ့ တော်လှန်ရေးစကတည်းက အသက်တွေ၊ ဘဝတွေ စတေးခဲ့ပြီးသား။ ဒါ နောက်ဆုံးတိုက်ပွဲမို့လို့ သူတို့ဒီလိုလုပ်တာဟာ တော်လှန်ရေးရဲဘော်တွေကို ထိခိုက်မှာ မဟုတ်ပါဘူး” 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ချိပ်ပိတ်ခံရသော နေအိမ်တစ်လုံးကို အောက်တိုဘာ ၂၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ရေကြည်မြို့နယ်တွင်လည်း နိုဝင်ဘာလ ၁ မှစ၍ နေအိမ် ၇လုံး ချိပ်ပိတ်ခံရသည်ဟု သိရသည်။

ဇရပ်လှကျေးရွာဒေသခံတစ်ဦးက ၎င်းတို့ရွာတွင် ကိုမျိုးမင်းသန်းဆိုသူ၏ နေအိမ်ပေါက်ကွဲမှုမှ အစပြုပြီး ထိုသို့အပိတ်ခံရသည်ဟု ပြောသည်။

“အမှန်က သူ့အိမ်ကို ပါဆယ်အထုပ်တစ်ထုပ်ရောက်လာပြီး ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ဗုံးထပေါက်တာပါ။ မိသားစုတွေလည်း တော်တော်ထိသွားတယ်။ သူတို့အိမ်တွေတော့ ချိပ်ပိတ်ခံလိုက်ရတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

“ဗုံးထိသွားလို့ ဆေးရုံတင်ထားရတဲ့ ကိုမျိုးမင်းသန်းကို အရင်ဆုံးဖမ်းတာပါ။ ကျန်တဲ့သူတွေက ရှောင်နေလို့ လွတ်သွားကြတယ်” 

ပေါက်ကွဲမှုအကြောင်းပြကာ ထိုကျေးရွာမှ ကိုမျိုးမင်းသန်း၊ ကိုမိုးသီး၊ ကိုနိုင်အောင်၊ ကိုဝင်းထွဋ်တို့၏ အိမ်များ ချိပ်ပိတ်ခံလိုက်ရသည်ဟု ဆိုသည်။ တစ်ဆက်တည်းပင် ကညင်ငူရွာမှ ကိုဇေယျာ၊ ရေကြည်မြို့ပေါ်မှ ကိုစည်သူ၊ ကိုထွန်းအောင် ဆိုသူတို့၏ နေအိမ်များကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။

အလားတူ အောက်တိုဘာ ၃၁ ညတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်မှ နေအိမ် ချိပ်ပိတ်ခံရပြီး သူ၏ မိသားစုဝင်များ ညတွင်းချင်း ပြောင်းပေးခဲ့ရသည်။

စစ်ကောင်စီက PDF များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပူးပေါင်းသူများကို ပြစ်ဒဏ်ကြီးလေးသည့် ဥပဒေပုဒ်မများဖြင့် အရေးယူနေသည့်အပြင် မိသားစုပိုင် နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုပါ ချိပ်ပိတ်သိမ်းဆည်းနေ​သည်။ 

အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ ဧရာဝတီတိုင်းအပြင် ရန်ကုန်၊ မန္တလေး၊ ရေစကြို၊ ပဲခူး၊ ရွှေဘို အပါအဝင် မြို့ကြီးများရှိ နေအိမ်များကို PDF နှင့် ဆက်စပ်သူဟု သံသယရှိပါက စစ်ကောင်စီက နိုင်ငံပိုင်အဖြစ် လိုက်လံချိပ်ပိတ်နေသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမာခံနယ်မြေဖြစ်သော ဧရာဝတီတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်သောဆန္ဒပြပွဲများ အားကောင်းခဲ့ပြီး ယခုရက်ပိုင်းအတွင်း ပုသိမ်မြို့တွင် PDF လှုပ်ရှားမှုတချို့ ပေါ်ပေါက်နေ​သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button