သတင်း

ကသာမြို့နယ်တွင် စစ်တပ်က လူနေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကသာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သားများက အနီးရှိ မိုးတားလေးရွာအတွင်း ဝင်ရောက်ကာ လူနေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့၍ ရွာသား ၁၀၀၀ ခန့်ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၈  မနက်ပိုင်း၌ ခြေလျင်ချီတက်လာသည့် စစ်ကြောင်းတစ်ခု ထိုရွာနားအရောက် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်လုပ်မိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက် ထိုသို့မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကသာဒေသခံ အမျိုးသမီးတစ်ဦးထံမှ သိရသည်။ 

“သူတို့က မိုးတားလေးရွာထဲကို ဝင်ပြီးတော့မှ PDF အိမ်လို့ ယူဆရတဲ့ အိမ်တွေကိုပေါ့၊ တစ်နေ့ (နိုဝင်ဘာ ၉) က တစ်အိမ်နဲ့ ဆိုရင်တော့ ၁၂ အိမ်ပေါ့။ မီးရှို့ပစ်ခဲ့တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသမီးက ပြောသည်။ 

ကသာမြို့ အ‌ရှေ့မြောက်ဘက် မိုင် ၂၀ အကွာ၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှ မိုးတားတိုက်နယ်ရွာသည် အိမ်ခြေ ၁၅၀၀ ခန့်နှင့် တိုက်နယ်ဆေးရုံပင်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။

မှတ်တမ်းရုပ်သံတစ်ခုတွင် ဒေသခံတို့က မီးလောင်မှုမြင်ကွင်းကို ရွာနှင့် အတန်ငယ်ဝေးကွာသည့် နေရာမှ ကြည့်နေကြစဉ် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရသည်။ 

တိုက်ပွဲဖြစ်ပွားသည့်နေ့က ရွာအတွင်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး ပခုံးနှင့် နောက်ကျောတွင် လက်နက်ကြီးစထိမှန်ခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း အသက် ၄၀ ကျော်အရွယ် ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

ရွာအတွင်း ဗောဓိကုန်းရပ်၊ တိုက်ကုန်းရပ်၊ စေတီရပ်၊ လက်ပံရပ်၊ အလယ်ရပ် စသည်တို့ရှိရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် စေတီရပ်မှ ဒေသခံ ၁၀၀၀ ခန့်မှာ ဧရာဝတီမြစ်အရှေ့ဘက်ရှိ ကျေးရွာများသို့ ထွက်ပြေးနေရပြီး ဒေသခံတချို့ကမူ ကသာမြို့ဘက်သို့ တိမ်းရှောင်နေရသည်ဟု အထက်ပါ ရွာခံအမျိုးသားက ဆိုသည်။

ထိုသို့ မြစ်အရှေ့ဘက်ကမ်းသို့ စက်လှေများဖြင့် ထွက်ပြေးနေသည့် ဒေသခံများကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း ထိခိုက်သေဆုံးသူ မရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

“ဖြစ်တဲ့နေ့ကလည်း ကျွန်တော်တို့က မြစ်‌ဘေးတင် နေတာဆိုတော့ စက်လှေတွေနဲ့ တစ်ဖက်ကမ်း ကူးပြေးကြတယ်လေ။ ကူးပြေးတာကို စစ်သားတွေရောက်လာတော့ လက်နက်ကြီးနဲ့ သုံးချက်လှမ်းပစ်သေးတယ်။ ရွာသားတွေ ပြေးတာကို သေနတ်တွေနဲ့ လှမ်းပစ်တယ်၊ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်” ဟု ထိုရွာခံအမျိုးသားက ပြောပြသည်။ 

နိုဝင်ဘာ ၉ တွင်လည်း မိုးတားလေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ ဝဲကြီး‌ကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး နောက်တစ်နေ့ နံနက် (နိုဝင်ဘာ ၁၀) တွင် မိုးတားလေးရွာဘက်သို့ စစ်ကောင်စီတပ်များ ရေကြောင်းဖြင့် အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများကို ကိုးကား၍ ၎င်းက ဆိုသည်။

မိုးတားလေးတိုက်နယ်ရွာတွင် စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသည့်အိမ်များကို နိုဝင်ဘာ ၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

မိုးတားလေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်များမှာ မကွေးအခြေစိုက် တပ်မ ၈၈ နှင့် မိထ္တီလာအခြေစိုက် တပ်မ ၉၉ တို့၏ လက်အောက်ခံတပ်များဖြစ်ပြီး ကသာမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၀၉ ကိုမူ ချင်းပြည်နယ်စစ်ဆင်ရေးသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်များက မိုးတားလေးရွာအတွင်းရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် နေရာယူကာ ယနေ့အထိ တပ်စွဲထားကြကြောင်း သိရသည်။ 

“အခုလည်း နှစ်ရက်အတွင်းလည်း ရွာထဲမှာရှိတဲ့သူတွေက ထွက်ပေးဖို့ပေါ့။ မထွက်ပေးရင်တော့ သူတို့လည်း ရွာကို ထပ်ပြီးမှ မီးရှို့မယ်ပြောတယ်” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။

စစ်သားတို့ အိမ်မီးရှို့သည်၊ ထပ်ရှို့ရန် ခြိမ်းခြောက်သည် ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက်ရရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

လတ်တလောတွင် ကသာ PDF ကို Myanmar Now အနေဖြင့် ဆက်သွယ်မရသေးပေ။ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို တိုက်ခိုက်ရန် စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ရေယာဉ်များ အသုံးပြုကာ လက်နက်၊ ရိက္ခာနှင့် စစ်သားများ ဖြည့်တင်းလေ့ရှိပြီး မိုးတားလေးရွာအနီးတွင် မကြာခဏကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် အဆိုပါရွာကို ပစ်မှတ်ထားဖိနှိပ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံတချို့က သုံးသပ်သည်။

မိုးတားတိုက်နယ်ရွာသည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်နယ်စပ်မျဉ်းအနီးတွင် ရှိသည့်အပြင် ကချင်ပြည်နယ်အတွင်းသို့ ရေလမ်းဖြင့် ဝင်ရောက်နိုင်သည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကို စိုးမိုးထားနိုင်သည့်​အတွက် ဗျူဟာအရ အရေးကြီးသည့်နေရာဖြစ်သည်။

စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ ဒေသခံ PDF တချို့မှာ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ကြပြီး စစ်ကောင်စီက တပ်မတချို့ကို အသုံးပြု၍  စစ်ဆင်ရေးဆင်နွှဲနေသလို ဒေသခံ PDF အချို့ကလည်း KIA ကူညီမှုဖြင့် ပြန်လည်တိုက်ခိုက်နေကြသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button