သတင်း

ရွှေတိဂုံရွှေပြား ညိုမည်းသွားခြင်းအကြောင်း လုပ်ငန်းရှင် ခုခံပြောကြား

(ရန်ကုန်) – ရွှေတိဂုံစေတီတော်ထိပ်ပိုင်းတွင် ကပ်လှူပူဇော်ထားသော ရွှေပြားများ ညိုမည်းလာပြီးနောက် ထွက်ပေါ်လာသည့် ကောလာဟလများအကြောင်း ဖြေရှင်းရန် အသင့်ရှိကြောင်း ရွှေပြား တာဝန်ယူထုတ်လုပ်ခဲ့သည့် ‘ရတနာကျွန်း’ ရွှေပန်းထိမ်လုပ်ငန်းက စက်တင်ဘာ ၂၁ တွင် Myanmar Now ကို ပြောသည်။

အထင်ကရစေတီတော်၏ ကြာမှောက်ကြာလှန် ဧရိယာတွင် အရောင်ပြောင်းသွားခြင်းမှာ ရွှေပြားထုတ်လုပ်သူတွင်သာ အဓိကတာဝန်ရှိကြောင်း ဂေါပကအဖွဲ့က ရှင်းလင်းပြောဆိုပြီး နောက်တစ်နေ့တွင် ‘ရတနာကျွန်း’ ဘက်က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

လာမည့် လများအတွင်း ပြည်ထောင်စုအဆင့်က ဦးဆောင်ပြီး ပညာရှင်များပါဝင်သည့် ကော်မတီဖွဲ့စည်းကာ ရွှေပြားအရည်အသွေးစစ်ဆေးမည့် အစီအစဉ်တွင် ပူးပေါင်းသွားရန် အဆင်သင့်ရှိနေကြောင်း၊ စစ်ဆေးမှု အဖြေထွက်လာပါက အားလုံး ရှင်းလင်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် အခြေစိုက် ‘ရတနာကျွန်း’ ရွှေပန်းထိမ်လုပ်ငန်းပိုင်ရှင် ဦးစန်းလွင်က ပြောသည်။

“ငြမ်းပေါ်က ဖြုတ်ချပြီး ဒါတွေကို(ရွှေပြားတွေကို) ပညာရှင်နဲ့ စစ်ဆေးတဲ့အခါ ရှင်းသွားမှာပါ” ဟု ဦးစန်းလွင်က ပြောသည်။

ဂေါပကအဖွဲ့ရှင်းလင်းချက်

အဆိုပါရွှေပြားများသည် အရည်အသွေးမပြည့်ခြင်းကြောင့် မည်းညစ်သွားခြင်းဖြစ်ကြောင်း အွန်လိုင်း လူမှုကွန်ရက်တွင် ထင်မြင်ချက်အများအပြား ပေါ်ပေါက်နေရာ ဂေါပကအဖွဲ့က ရွှေပြားတို့၏ အရည်အသွေးသည် ၁၆ ပဲရည်ရှိကြောင်း တုံ့ပြန်ထားသည်။

ရွှေသင်္ကန်းကပ်လှူပူဇော်ရေးအတွက် မကြာသေးမီ ရက်ပိုင်းအတွင်းက စတင်သော ငြမ်းတည်ဆောက်ရေးလုပ်ငန်းများ အပြီးတွင် စုံစမ်းစစ်ဆေးမှုစတင်မည်ဟုလည်း ဂေါပကအဖွဲ့က ကြေညာထားသည်။

“စုံစမ်းစစ်ဆေးတဲ့ ကိစ္စကြီးက ပြည်ထောင်စုအဆင့်ကနေ လုပ်မယ်၊ ရွှေပြားတွေကို ဖြုတ်မယ်၊ ဖြုတ်ပြီးတာနဲ့ စစ်တဲ့အခါမှာ ရွှေပါဝင်မှု ရာခိုင်နှုန်းပေါ် မူတည်ပြီး မှန်မှန်ကန်ကန် လုပ်ခဲ့တာ ဟုတ်လား၊ မဟုတ်လား ဆိုတာ ပေါ်လာမှာပါ။

အဲ့ဒီ စစ်ဆေးတွေ့ရှိချက်ပေါ် မူတည်ပြီး ကုမ္ပဏီကို လိုအပ်သလို စစ်ဆေး ဆောင်ရွက်သွားမှာပါ” ဟု ဂေါပကအဖွဲ့မှ စီမံရေးနှင့်လုံခြုံရေးတာဝန်ခံ ဦးသောင်းထိုက်က Myanmar Now ကို ပြောသည်။

ရွှေပြား ၃,၉ဝဝ ရှိသည့် ကြာမှောက်ကြာလှန် ဧရိယာတွင် ၂ဝ၁၄ ခုနှစ်က ရွှေပြား ၁,၈ဝဝ ကျော် လဲလှယ်ခဲ့ကြောင်း ဂေါပကအဖွဲ့မှတ်တမ်းအရ သိရသည်။

ရွှေပြားများ ညိုမည်းနေခြင်းကို စတင် သတိထားမိလာကြသည့် ၂ဝ၁၆ ကတည်းက ပြန်လည်ပြုပြင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ ရွှေနှင့် ရတနာဌာန တာဝန်ခံ ဦးညိုဝင်းက စက်တင်ဘာ၂ဝ သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

ဓာတုဆေးရည်

စတင် ကပ်လှူစဉ်က ရွှေစင်ပြားများ သန့်စင်ရန် ဆိုက်ယာနိုက် ဓာတုဆေးရည်အသုံးပြုခဲ့ကြောင်း၊ အောက်ဘက်တွင် ရွှေမျက်ပါးသင်္ကန်း ကပ်လှူနေသည့်အချိန် ဖြစ်ခြင်းကြောင့် ကြာမှောက်ကြာလှန် ဧရိယာတဝိုက်ကို ရေလုံလောက်စွာ အသုံးမပြုခဲ့ရသည့်အတွက် ညိုမည်းသွားရသည်ဟု ရွှေစင်ပြားထုတ်လုပ်သည့် ‘ရတနာကျွန်း’ ဘက်က အကြောင်းပြကြောင်း ဂေါပကအဖွဲ့က ပြောကြားခဲ့သည်။

‘ရတနာကျွန်း’ ရွှေပန်းထိမ်လုပ်ငန်းပိုင်ရှင် ဦးစန်းလွင်ကလည်း ရွှေ ၁၆ ပဲရည်ကို ဆိုက်ယာနိုက်ဓာတုဆေးဖြင့် ဆေးကြောပါက ညိုမည်းလေ့ရှိကြောင်း၊ အဆိုပါပြဿနာကို နားလည်သဘောပေါက်ရန် နည်းပညာပိုင်းဆိုင်ရာ ရှင်းလင်း တင်ပြရမည်ဖြစ်သောကြောင့် နှုတ်ဖြင့် ရှင်းလင်းပြောခြင်းထက် လက်တွေ့လုပ်ပြခြင်းက ပိုမိုထိရောက်ကြောင်း ပြောသည်။

“အချိန်တန်တဲ့အခါ အားလုံး ရှင်းသွားမှာပါ။ မစိုးရိမ်ကြပါနဲ့” ဟု ၎င်းက ပြောသည်။

ဆက်စပ်ဖတ်ရှုရန် –

ရွှေတိဂုံစေတီဂေါပကအဖွဲ့ သတင်းစာရှင်းလင်းပွဲ

Show More

Related Articles

Back to top button