သတင်း

ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရသူ ဦးဝင်းထိန်ကို မန္တလေးအိုးဘိုထောင်ပို့ 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်ကို ယမန်နေ့ (နိုဝင်ဘာ ၉) တွင် နေပြည်တော်မှ မန္တလေးအိုးဘိုထောင်သို့ ပြောင်းရွှေ့လိုက်သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ အမှုတစ်ခုတွင် အပြစ်မရှိကြောင်း သက်သေထွက်ဆိုပြီးနောက် ဦးဝင်းထိန်ကို စစ်ကောင်စီက ထိုသို့ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကာလက မဲဆွယ်ယာဉ်တန်းကို လက်ပြနှုတ်ဆက်မှုဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အရ စစ်ကောင်စီက စွဲဆိုထားသည့်အမှုအတွက် ထိုဖြစ်စဉ်အတွင်း ကိုယ်တိုင်ရှိနေခဲ့သူ ဦးဝင်းထိန်က ဥပဒေနှင့်အညီသာ လုပ်ဆောင်ခဲ့ကြောင်း သက်သေထွက်ဆိုခဲ့သည်။ 

အာဏာသိမ်းမှုမှာ မလုပ်ထိုက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သူ ဦးဝင်းထိန်ကို စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီက ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်။ 

အသက် ၈၀ အရွယ် ဝါရင့်နိုင်ငံရေးသမား ဦးဝင်းထိန်းသည် နိုဝင်ဘာ ၉ ရက်၊ ညနေ ၄ နာရီဝန်းကျင်တွင် မန္တလေးအိုးဘိုထောင်သို့ ရောက်ရှိသွားပြီဟု ၎င်း၏ရှေ့နေ ဦးမြင့်သွင်က အတည်ပြုသည်။

ဦးဝင်းထိန်မှာ ကျန်းမာရေးအခြေအနေကြောင့် အောက်ဆီဂျင် ပုံမှန်ရှူနေရသည့်အပြင် တစ်ပါးသူအကူအညီဖြင့် လက်တွန်းလှည်းဖြင့်သာ သွားလာလှုပ်ရှားရသူဖြစ်သည်။ လတ်တလော ကျန်းမာရေးနှင့် လိုအပ်သည့် ဆေးဝါးအထောက်အကူရရှိခြင်း ရှိမရှိ မသိရသေးသော်လည်း စိတ်မာသူဖြစ်၍ တောင့်ခံထားနိုင်လိမ့်မည်ဟု ရှေ့နေဦးမြင့်သွင်က ယူဆသည်။ 

“မနက်ဖြန်မှ ဆေးတွေသွားပို့မှာ။ အယူခံအတွက်လည်း ပါဝါထိုးမယ် (ရှေ့နေလိုက်ခွင့် ကိုယ်စားလှယ်လွှဲ စာယူခြင်း) ” ဟု ဦးမြင့်သွင်က ယနေ့ (နိုဝင်ဘာ ၁၀) တွင် Myanmar Now ကို ပြောသည်။ 

ယခင်ကလည်း နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသူ ဦးဝင်းထိန်မှာ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ၊ ဆီးကျိတ်ကြီးရောဂါများ ခံစားနေရသူလည်းဖြစ်သည်။ 

စစ်ကောင်စီက ထောင်ဒဏ်နှစ်ရှည်ချမှတ်သည့်လုပ်ရပ်မှာ တရားမျှတမှု မည်မျှကင်းမဲ့သည်ကို သမိုင်းသက်သေကျန်ရှိစေရန် ဦးဝင်းထိန်က ဆန္ဒရှိနေသည်ဟု သိရသည်။ “ဥပဒေနဲ့ မညီညွတ်ဘူးဆိုတာ ထောက်ပြဖို့အတွက် မှတ်တမ်းရှိအောင် ဆက်တိုက်တက်မှာပါ” ဟု ဦးမြင့်သွင်က ပြောသည်။

အာဏာသိမ်းသည့်လုပ်ရပ်မှာ တိုင်းပြည်ကို နစ်နာစေမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုယ်ကျိုးစီးပွားရှေးရှု၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သတင်းထောက်အချို့ကို ပြောဆိုခဲ့သည့်ပြင် ကြေညာချက်လည်းထုတ်ပြန်ခဲ့သည်။ 

ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံး၌ ဒက္ခိဏခရိုင်တ ရားသူကြီး ဦးရဲလွင်က ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်၍ ပြစ်ဒဏ်အပေါ် မန္တလေးတိုင်းတရားလွှတ်တော်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် စသဖြင့် အယူခံအဆင့်ဆင့်တက်ရန် ရှေ့နေအဖွဲ့က စီစဉ်နေခြင်းဖြစ်သော်လည်း အသေးစိတ်မသိရသေးပေ။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီး သုံးရက်အကြာတွင် အနိုင်ရပါတီ NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ 

အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၇၆ တွင် ၎င်းကို လုပ်ကြံရန် စီစဉ်မှုတစ်ခုတွင် ပါဝင်သည်ဟု သံသယရှိခံရပြီးနောက်တွင် တပ်မှထုတ်ပယ်ခံရသူ ဦးဝင်းထိန်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ အာဏာရှင်လုပ်ရပ်များကိုလည်း ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရပ်တည်သူဖြစ်သည်။

ဘဝအသက်အရွယ်၏ ထက်ဝက်ခန့်ဖြစ်သော နှစ် ၄၀ နီးပါးကို အကျဉ်းထောင်များအတွင်း မြှုပ်နှံနေရသည့် ဦးဝင်းထိန်၏ အငယ်ဆုံးသမီးလည်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် မချစ်စုဝင်းထိန်က ဝမ်းနည်းဒေါသထွက်ရကြောင်း ပြီးခဲ့သည့်လကုန်ပိုင်းက Myanmar Now ကို ပြောထားသည်။

“ဒီလို မတရားမှုလုပ်တဲ့သူတွေကတော့ နောင်တစ်ချိန် တာဝန်ခံရမှာပဲ”ဟု မချစ်စုဝင်းထိန်က မှတ်ချက်ပြုသည်။

စစ်ကောင်စီက ပုဒ်မပေါင်း ၁၁ ခုဖြင့် စွပ်စွဲထားသည့် အမှုအချို့တွင် ဦးဝင်းထိန်ကို သက်သေအဖြစ် ထွက်ဆိုစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့အဖွဲ့က စီစဉ်နေသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို စစ်ကောင်စီက ပြောရေးဆိုခွင့်ပိတ်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button