ဆယ်ကျော်သက် မိန်းကလေး ၁၁ ရက်ကြာ ခိုးယူ မတရားကျင့်ခံရခြင်း

အတင်းအကျပ် ခေါ်ဆောင်ခံရပြီး ရက်ပေါင်းများစွာ မတရားကျင့်ခံရသည့် ဆယ်ကျော်သက်မိန်းကလေးကို ထန်းတပင်မြို့ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)
အတင်းအကျပ် ခေါ်ဆောင်ခံရပြီး ရက်ပေါင်းများစွာ မတရားကျင့်ခံရသည့် ဆယ်ကျော်သက်မိန်းကလေးကို ထန်းတပင်မြို့ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

(ရန်ကုန်) - ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသတစ်ခုတွင် ဈေးဝယ်ထွက်ပြီးပြန်လာသော ဆယ်တန်းကျောင်းသူသည် သူ၏ အိမ်ရှေ့တွင်ပင် ဆိုင်ကယ်တစ်စီးပေါ်သို့ အတင်းအကျပ် ခေါ်ဆောင်သွားခံလိုက်ရသည်။

ထိုနေ့သည် ဇူလိုင် ၂ ရက်နေ့ ဖြစ်ပြီး ထိုမိန်းကလေးအတွက်မူ ၁၁ ရက်ကြာ ခိုးယူပေါင်းသင်းခံရမှု၏ ပထမနေ့ ဖြစ်လာသည်။

“ဆိုင်ကယ်ပေါ် ရှေ့တစ်ယောက်နဲ့ နောက်တစ်ယောက် ညှပ်ခေါ်သွားတာ။ ကျွန်မ ကျောကုန်းကိုလည်း ချွန်တဲ့အရာနဲ့ ထောက်ပြီး အော်တာနဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ခေါ်သွားတာ” ဟု မိန်းကလေးက လက်ဆစ်များကို ချိုးနေရင်း Myanmar Now ကို ပြောပြသည်။

သူ့ကို တန်းတပင်နှင့် ကပ်လျက်တည်ရှိသည့် ရွှေပြည်သာမြို့နယ်ထဲမှ တည်းခိုခန်းတစ်ခုသို့ ခေါ်သွားပြီး ကြက်ဖ (ခေါ်) စိုးမင်းသန်းဆိုသူက အကြိမ်ကြိမ် မတရားပြုကျင့်ခဲ့သည်ဟု ဆိုသည်။

တည်းခိုခန်းရောက်ပြီး သူ့ကိုတိုက်သည့် အချိုရည်ထဲတွင်လည်း ဆေးခတ်ထားဟန် ရှိသည်ဟု သူက ရှင်းပြသည်။ အသိစိတ်ပြန်ဝင်ပြီးနောက် တည်းခိုခန်းတာဝန်ရှိသူကို အကူအညီတောင်းရာ “နင်တို့ကိစ္စ နင်တို့ရှင်း။ ငါဘာမှ မလုပ်ပေးနိုင်ဘူး” ဟူသော တုန့်ပြန်ချက်သာ ရခဲ့သည်ဟု သူက ပြောပြသည်။

တည်းခိုခန်းမှ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ အိမ်တစ်အိမ်တွင်လည်း အခန်းတွင်း ပိတ်လှောင်ပြီး မတရားကျင့်ခဲ့သည်ဟု ဆိုသည်။

“ကျွန်မကို ပိတ်ထားတဲ့ ၁၁ ရက်လုံးလုံး အချိုရည်ချည်း တိုက်တာ။ မသောက်ရင် ကျွန်မကို ပါးရိုက်တယ်။ နယ်စပ်ကို သွားရောင်းမယ်လို့ ခြိမ်းခြောက်တယ်” ဟု ၁၇ နှစ်အရွယ် မိန်းကလေးက ပြောပြသည်။

မိဘ ပြန်ခေါ်

မိန်းကလေး ပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီး မိဘတို့က လိုက်လံစုံစမ်းသည့်အခါ ထန်းတပင်မြို့နယ်၊ သဲဖြူကျေးရွာမှ ကြက်ဖ(ခ) စိုးမင်းသန်းဆိုသူက ခိုးယူပေါင်းသင်းသွားကြောင်း သတင်းရခဲ့ကြသည်။

အခင်းမဖြစ်ပွားမီ ကြက်ဖသည် မိမိတို့ခြံရှေ့သို့ သုံးကြိမ်ထက်မနည်း လာရောက်ခဲ့ဖူးကြောင်း အိမ်နီးချင်းတို့ထံမှ သိရသည်ဟု မိန်းကလေး၏ ဖခင်ဖြစ်သူက ပြောသည်။

ခိုးယူခံရသည်ဟု သိရှိပြီးနောက်တွင် မိန်းကလေး၏ မိဘများက လက်ထပ်ပေးမည်ဟူသော စကားကို ကြက်ဖ၏ အသိုင်းအဝန်းထံ ရောက်အောင် ပို့လိုက်ရာ ကြက်ဖက လာရောက်အပ်နှံသည်ဟု ဆိုသည်။

သမီးဖြစ်သူသည် ကြက်ဖနှင့် ယခင်က တွေ့ဆုံခဲ့ဖွယ်ရှိသည် သို့မဟုတ် အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် အချိတ်အဆက် ရှိခဲ့ဖွယ် ရှိသည်ဟု ဖခင်ဖြစ်သူက ယူဆသည်။

အိမ်ပြန်ရောက်သည့်အခါ ကြက်ဖတွင် အိမ်ထောင်ရှိခဲ့ဖူးကြောင်း၊ သားသမီးလည်းရှိကြောင်း၊ မိမိအနေဖြင့် လက်မထပ်နိုင်ကြောင်း၊ ခိုးရာလိုက်ပြေးခြင်းလည်း မဟုတ်ကြောင်း မိန်းကလေးက မိဘများကို ပြောပြသည်ဟု ဆိုသည်။

ပဟေဠိ

ပိတ်လှောင်ထားသည့် ကာလတွင် ကြက်ဖက “နင်တို့မိဘတွေ အခု ပြန်ဝဋ်လည်နေပြီ” ဆိုသည့် စကားကို တွင်တွင်သုံးကာ ရယ်မောနေတတ်သည်ဟု ဆိုသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး မိန်းကလေးက နားလည်နိုင်ခြင်း မရှိပေ။

လွန်ခဲ့သောနှစ်အနည်းငယ်က သူ၏အစ်ကိုက အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့ကြောင်း၊ ၎င်းတို့ ကလေး ရပြီး ၇ လ အကြာတွင် ထိုအမျိုးသမီးက ဧရာဝတီတိုင်းဒေသကြီးသို့ ပြန်သွားရာမှ လင်မယား ကွဲသွားကြကြောင်း မိန်းကလေးက ရှင်းပြသည်။

“ကျွန်မအစ်ကိုရဲ့ ကွဲသွားတဲ့ မိန်းမနဲ့ အခု ကျွန်မကို ကျူးလွန်တဲ့သူက အမျိုးတော်၊ မတော် ကျွန်မ မသိဘူး။ သူ အခုလို လုပ်တာ ကျွန်မအစ်ကိုရဲ့ လုပ်ရပ်ကို လက်တုံ့ပြန်သလားလို့ ယူဆရတာပဲ” ဟု သူက ဆိုသည်။

ကြက်ဖ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မိန်းကလေး၏ ဖခင်ကလည်း နားမလည်ပေ။

ခိုးယူခံရခြင်းသည် သားဖြစ်သူ၏ ယခင်က အိမ်ထောင်ရေးအခြေအနေနှင့် သက်ဆိုင်ခြင်း ရှိမရှိကို ယတိပြတ် မပြောနိုင်ကြောင်း မိန်းကလေး၏ ဖခင်ဖြစ်သူက ပြောသည်။

လက်တုန့်ပြန်ခံရခြင်း ဖြစ်သည် ဆိုပါကလည်း ၎င်းတို့သည် ချွေးမဖြစ်သူကို နှိပ်စက်ခဲ့ခြင်း မရှိကြောင်း၊ လင်မယားချင်း အဆင်မပြေခြင်းကြောင့်သာ ပြန်လည်မပေါင်းဖက်နိုင်ခြင်း ဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။

မိန်းကလေး၏ မိဘများက ကြက်ဖကို ထန်းတပင်မြို့နယ်၊ တက်သစ်ရဲကင်းစခန်းတွင် လာရောက် တိုင်ကြားထားသဖြင့် လူခိုးမှုဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါစခန်းမှ တာဝန်ခံဖြစ်သူ ရဲအုပ် သက်နောင်စိုးက ပြောသည်။

“အခုချိန်ထိတော့ ကျွန်တော်တို့ စွပ်စွဲခံရသူ ကြက်ဖကို မမိသေးပါဘူး။ သတင်းစုံစမ်းနေတုန်းပါပဲ။ နောက်ပြီး ဆေးစာလည်း ကျွန်တော်တို့ မရသေးဘူး။ ဓာတုဗေဒ စစ်ဆေးချက်တွေလည်း မရသေးဘူး။ ရတာနဲ့ ကျွန်တော်တို့က ဥပဒေအကြံတောင်းမယ်၊ တရားရုံးကို အမှုတွဲတင်မယ်။ ကျူးလွန်သူကို မမိသေးဘူးဆိုရင်တောင် တရားခံပြေးအနေနဲ့ တင်မယ်” ဟု သူက ဆိုသည်။

ပွဲလမ်းသဘင်ကျင်းပရာတွင် ဘောလီဘောပွဲ ထည့်သွင်းလေ့ရှိသည့် ထိုဒေသတွင် ဘောလီဘော ကြေးစားကစားသူ ကြက်ဖနှင့် မိန်းကလေး ယခင်က သိကျွမ်းခဲ့ဟန် ရှိသည်ဟု တချို့က ယူဆကြသည်။

ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူကို ထိန်းသိမ်းနိုင်ရန် ဆက်လက် စုံစမ်းဆဲဖြစ်သည်ဟု တက်သစ်ရဲကင်းစခန်းမှ တပ်ကြပ်ကြီး ညီညီအောင်က ဆိုသည်။

“အခုချိန်က ဒီကလေးမလေး ပြောစကား တစ်ခုတည်းပဲရှိသေးတော့ အဖြစ်အပျက်ကို ယတိပြတ် ပြောလို့တော့ မရသေးဘူး။ ကျူးလွန်သူရဲ့သတင်းကို စုံစမ်းနေပါတယ်။ သူ့ကို ဖမ်းမိဖို့လည်း လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ခိုးယူပေါင်းသင်းမှုများ

ပြီးခဲ့သည့် ၂ နှစ်အတွင်း ထန်းတပင်မြို့နယ်တွင် ခိုးယူပေါင်းသင်းမှု ၇ မှု အထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအမှုများထဲတွင် အသက်မပြည့်သေးသော အမျိုးသမီး ၂ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ပြစ်မှုကျူးလွန်သူ ဖမ်းမိနိုင်ရေး ပိုမိုအားထုတ် ကြိုးပမ်းစေလိုသည်ဟု မိန်းကလေး၏ ဥပဒေအကျိုးဆောင် အထက်တန်းရှေ့နေ ဒေါ်ပြည့်ပြည့်စန္ဒရှင်က ပြောသည်။

“၁၈ နှစ်လည်း မပြည့်သေးဘူး။ သူ့ကို ဆေးခတ်ခိုးယူပေါင်းသင်းချိန်ကလည်း ၁၁ ရက်တာ ကာလမှာ ပိတ်လှောင်ထားတယ်။ ဒါဟာ အလိုမတူဘဲနဲ့ ကာမလိမ်လည်မှု မြောက်နေပြီ။ တည်းခိုခန်းကလူတွေရော၊ သူ့ကို ပိတ်လှောင်ထားတဲ့ ပဲခူးတိုင်း၊ ဝေါမြို့နယ်က ကြက်ဖရဲ့ မွေးစားအဖေ ဆိုသူကိုရော ရဲတပ်ဖွဲ့ဘက်က ခေါ်မစစ်သေးတာ အားမရဘူး” ဟု သူက ဆိုသည်။

ယခုအခါ အိမ်အပြင်ထွက်ရန်ပင် မဝံ့မရဲဖြစ်နေသည်၊ တချို့က နှစ်သိမ့်အားပေးကြသော်လည်း တချို့က အထင်သေးဟန်ဖြင့် ကြည့်ကြသည်ဟု မိန်းကလေးက Myanmar Now သို့ ပြောသည်။

“ကျွန်မလည်း ဘာမှ သူများအပေါ်မှာ မကျူးလွန်ဖူးဘဲနဲ့ ကျွန်မကို ဘာလို့ အဲ့ဒီလိုလုပ်ရသလဲ။ ကျွန်မအနေနဲ့ ကျောင်းပဲ ပြန်တက်ချင်တယ်။ ဒီအဖြစ်အပျက်ကို ကျွန်မ သူငယ်ချင်းတချို့လည်း သိသွားကြတော့ ကျောင်းပြန်တက်ရမှာလည်း စိုးရိမ်မိတယ်။ ကျွန်မကို ကျူးလွန်သူအနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ပြန်ခံစားစေချင်တယ်” ဟု သူက ဆိုသည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading