သတင်း

အမြန်လမ်းရဲကင်းကို တိုက်ခိုက်ခဲ့ကြောင်း NUG ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကြေညာ 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ အနီးရှိ ဇဟား (ခ) စေတီတစ်ထောင်ရဲကင်းကို ယနေ့ (နိုဝင်ဘာ ၉) နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

အမြန်လမ်းရဲကင်းစခန်းကို ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Bago Region PDF) အဖွဲ့ဝင် ဖြူးမြို့နယ် PDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရဲငါးဦးသေဆုံးသည့်အပြင် လက်နက်များ ရယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ ရဲကင်းစခန်းတိုက်ခိုက်ခံရမှုတွင် ရဲငါးဦးသေဆုံးကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်ဟု ပြည်တွင်းမီဒီယာအချို့က ရေးသားသည့်နည်းတူ ဖြစ်စဉ်မှန်ကန်ကြောင်း ဖြူးမြို့နယ်ဒေသခံတစ်ဦးကလည်း အတည်ပြုသည်။

ဖြူးမြို့နယ် ကညွတ်ကွင်းနှင့် ညောင်ပင်သာမြို့ကြားရှိ အဆိုပါရဲကင်းစခန်းကို နံနက် ၃ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရဲငါးဦးသေဆုံးသည့်ပြင် သေနတ်အရှည်နှစ်လက်ပါ သိမ်းဆည်းရမိခဲ့ကြောင်း Bago Region PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“အလစ်အငိုက်တိုက်ခိုက်တာမို့ ရုတ်တရက် (သူတို့) ပြန်မပစ်နိုင်ပါဘူး။ အထဲကို ဝင်ရှင်းတော့မှ တစ်ဦးက ပြန်ပစ်လို့ (PDF တစ်ဦး) ဒဏ်ရာရပါတယ်။ ဒဏ်ရာက မစိုးရိမ်ရတဲ့နေရာပါ” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်ခံရစဉ် ရဲကင်းစခန်း၌ ရဲ ၆ ဦးနှင့်အထက် ရှိနိုင်ပြီး ကင်းသမားတစ်ဦးကလွဲ၍ ကျန်လူများမှာ ရဲယူနီဖောင်းဝတ်မထားကြောင်းလည်း ထို PDF တာဝန်ရှိသူက ဆက်ပြောသည်။ 

ရဲကင်းစခန်းကို တိုက်ခိုက်ရခြင်းမှာ “အဓိကက ပြည်သူကို ဒုက္ခပေးနေတဲ့ စကစ (စစ်ကောင်စီ) ရဲ့ ယန္တရားကို ဖျက်ဆီးပြီး ပြည်သူကို ကာကွယ်ပေးဖို့ပါ” ဟု ၎င်းက ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ပဲခူးတိုင်း PDF ကို မြို့နယ် ၂၈ ခုမှ PDF အဖွဲ့များဖြင့် စုဖွဲ့ထားသည်ဟုလည်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။ 

ရဲကင်းစခန်းတိုက်ခိုက်ခံရပြီး ရဲများသေဆုံးသည်မှာ မှန်ကန်ကြောင်း ဖြူးမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့မှ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“သတင်းက confirm (အတည်ဖြစ်) ဖြစ်ပါတယ်။ ဟုတ်တယ်တဲ့။ ငါးဦးကျသွားတယ်။ အချိန်တွေ ဘာတွေတော့ မမေးလိုက်ရဘူး” ဟု အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရပုံကို ၎င်းက ပြောသည်။ 

ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဖြူးမြို့နယ်ရဲစခန်းနှင့် ဇဟားရဲကင်းစခန်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။

ဖြူးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ကလည်း ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဖြူး PDF တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button