သတင်း

ချုံခိုအတိုက်ခံနေရသည့် စစ်ယာဉ်တန်း မင်းတပ်-မတူပီလမ်းတွင် အထိနာနေ

ချင်းပြည်နယ်တောင်ပိုင်းသို့ ရောက်ရှိနေသည့် အစီးရေ ၇၀ ကျော်ပါ စစ်ယာဉ်တန်းကို မင်းတပ်နှင့် မတူပီမြို့နယ်အကြား အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ရက်အတွင်း စစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း CDF (မင်းတပ်) မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။

နိုဝင်ဘာ ၁ တွင် မတူပီမြို့နယ်မှ ပြန်ဆင်းလာသည့် ထိုယာဉ်တန်း မင်းတပ်မြို့နယ်သို့ ဦးတည်ထွက်ခွာလာရာ CDF (မင်းတပ်) က နိုဝင်ဘာ ၂ တွင် မိုင်တိုင် ၅၈ အနီး စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိ လမ်းတစ်လျှောက်တွင် အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။

သံချပ်ကာကား ၂ စီး အပါအဝင် စစ်ကား ၇၅ စီးသည် မြန်မာပြည်အလယ်ပိုင်းမှ ချင်းပြည်နယ်‌တောင်ပိုင်း မတူပီမြို့ကို အင်အားဖြည့်တင်းရန် အောက်တိုဘာအတွင်း ဝင်‌ရောက်ခဲ့ခြင်းဖြစ်ပြီး အင်းတိုင်အခြေစိုက် တပ်မ ၁၁၊ ဘားအံအခြေစိုက် တပ်မ ၂၂ နှင့် ကလောအခြေစိုက် တပ်မ ၅၅ တို့မှ တပ်များ ပါဝင်သည်။

နိုဝင်ဘာ ၃ တွင် တိုက်ပွဲများပြင်းထန်လာပြီး မိုင်တိုင် ၄၈ တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း၊ CDF (မင်းတပ်) မှ ၂ ဦးဒဏ်ရာရပြီး အသက် ၇၃ နှစ်အရွယ်ရှိသည့် ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းနေ့ ညနေမှာပင် မိုင်တိုင် ၄၈ အနီး CDF (မင်းတပ်) က ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့သည်။ 

နိုဝင်ဘာ ၄ မွန်းလွဲ ၂ နာရီတွင် မိုင်တိုင် ၄၃ အနီးသို့ ရောက်ရှိလာသည့် အဆိုပါ စစ်ယာဉ်တန်းကို ရှေ့နောက်နှစ်ဖက် ညှပ်ကာ တိုက်ခိုက်ခဲ့ပြီး ယာဉ်တန်းနောက်ဆုံးမှ စစ်ကားတစ်စီးကို တိုက်ခိုက်မှုအတွင်း စစ်သား ၂၀ ခန့်သေဆုံးကာ ဒဏ်ရာရသူလည်း အများအပြားရှိသည်ဟု ကိုယောမန်က ဆိုသည်။

ယာဉ်တန်းနောက်ဆုံးမှ စစ်ကားကို ပြင်းပြင်းထန်ထန်တိုက်ခိုက်စဉ် ယာဉ်မောင်းက မောင်းပြေးသောကြောင့် ကားအောက်နှင့် ကားဘေးတွင် ပုန်းခိုနေသော စစ်သားများ အကာအကွယ်မဲ့သွားခြင်းဖြစ်သည်ဟု သိရသည်။ 

“တကယ်လည်း ပစ်နေပြီဆို‌တော့ ကားကလည်း မောင်းထွက်သွားတော့ ကားပေါ်မတက်လိုက်ရဘဲနဲ့ ပြုတ်ကျကျန်ခဲ့တဲ့သူတွေ အများကြီးရှိခဲ့တယ်၊ ဆို‌တော့ ကားနောက်ကို ပြေးလိုက်ကြတယ်။ အဲဒီလို ပြေးလိုက်တဲ့အချိန်မှာ ဆက်ပစ်လို့ ဒဏ်ရာရတာ သေဆုံးတာ များကုန်တာဗျ” ဟု ကိုယောမန်က ဆက်ပြောသည်။

ယင်းနေ့ (နိုဝင်ဘာ ၄) တစ်ရက်တည်း၌ပင် ၎င်းလမ်းပိုင်းတွင် တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့သည်။ မတူပီမြို့မှ လာသည့် အဆိုပါယာဉ်တန်းကို သွားရောက်ကြိုဆိုသည့် စစ်ကြောင်း မင်းတပ်မြို့မှ ထွက်လာစဉ် မြို့အထွက် ၆ မိုင် အကျော်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

မနက် ၈ နာရီခန့်တွင် ဖြစ်ပွားသည့် အဆိုပါ ချုံခိုတိုက်ခိုက်မှုအတွင်း CDF (မင်းတပ်) ထောင်ထားသည့် ပဒေသာမိုင်းကြောင့် စစ်ကောင်စီတပ်ဘက်မှ  ၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု သိရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိုစစ်ကြောင်း မိုင်တိုင် ၉ အနီး ရပ်တန့်ထားရသည်ဟု ဆိုသည်။

နိုဝင်ဘာ ၄ မှ ယနေ့အထိ မင်းတပ်-မတူပီလမ်းပိုင်းအတွင်း CDF (မင်းတပ်) က ၈ ကြိမ်ခန့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

မတူပီမှ ထွက်လာသည့် အဆိုပါ စစ်ယာဉ်တန်းမှာ ၄ ရက်အတွင်း မိုင်တိုင် ၃၁ အထိသာ‌ ရောက်သေးသည်။

မင်းတပ်နှင့် မတူပီကြား ၁၀၄ မိုင် ကွာဝေးပြီး ကားဖြင့် နေ့တစ်ဝက်ခန့်သာ မောင်းနှင်ရသော်လည်း စစ်ကောင်စီတပ်၏ ၆ ရက်ကြာချီတက်မှုသည် မိုင် ၇၀ ခန့်သာ ခရီးပေါက်နေသေးသည့် အခြေအနေဖြစ်သည်။

“နေ့တိုင်းနေ့တိုင်း ၄ ရက်လောက် ချုံခိုတိုက်ခိုက်နေတော့ တဖြည်းဖြည်းချင်းစီပဲ ရွေ့နိုင်တော့တာပေါ့ ” ဟု ကိုယောမန်က ပြောသည်။

ယနေ့၌လည်း စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်အဖွဲ့က ရှေ့နောက်နှစ်ဖက်ညှပ်၍ ဆက်လက်တိုက်ခိုက်နေကြောင်း၊ အထိအခိုက်အကျအဆုံးအခြေအနေကို မသိရသေးကြောင်း ကိုယောမန်က ဆိုသည်။

စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို စတင်တိုက်ခိုက်ခဲ့သည့် CDF (မင်းတပ်) သည် ဒေသတွင်း အားကောင်းသည့်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ချင်းတောင်တိုက်ပွဲများအတွင်း စစ်ကောင်စီကို ထိထိရောက်ရောက်တိုက်ခိုက်နေနိုင်ပြီး ကန်ပက်လက်၊ မတူပီ စသည့် CDF အဖွဲ့များနှင့်သာမက မကွေးတိုင်းရှိ PDF အဖွဲ့များနှင့်ပါ ချိတ်ဆက်ထားသည်ဟု သိရသည်။

ချင်းဒေသကို စစ်ဆင်ခြင်းနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို မြေပြင်အခြေအနေကို သတင်းထောက်များက မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

လက်နက်ကိုင်အန်တုသူတို့သည် အကြမ်းဖက်သမားများဖြစ်သည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ချက်များတွင် ဖော်ပြလေ့ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button