သတင်း

ကွမ်းခြံကုန်းတွင် စစ်တပ်ကင်းလှည့်ယာဉ် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ယမန်နေ့(နိုဝင်ဘာ ၅) ည ၁၀ နာရီခန့်က ကင်းလှည့်နေသည့် စစ်တပ် ထရပ်ကားတစ်စီးကို မိုင်းခွဲ၍ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ပြောသည်။

ကွမ်းခြံကုန်းမြို့နယ် အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ အင်္ဂလုံးကျေးရွာအနီးတွင် စစ်သား ၂၅ ဦးခန့်ပါသည့် ကင်းလှည့်ယာဉ်ကို NUG ရန်ကုန်တိုင်းစစ်ဒေသခွဲနှင့် ပူးပေါင်းထားသည့် ပြည်သူ့တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကွပ်ကဲရေးအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ခံက ပြောသည်။

“ကားကိုတော့ ရပ်သွားအောင် မလုပ်နိုင်ဘူး။ အဲဒီအချိန်မှာ ပစ်ခတ်မှုဖြစ်တယ်။ ကျွန်တော်တို့ဘက်ကပဲ ပစ်တာပါ။ သူတို့ကတော့ နောက်ဆုံးမှာ နှစ်ချက်သုံးချက်လောက်ပဲ ပြန်ပစ်နိုင်ပြီး‌‌တော့ ကားမောင်းပြေးတာပေါ့လေ” ဟု ၎င်းကဆိုသည်။

ထိုဖြစ်စဉ်အတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်သူမရှိဟု ထိုသူက ပြောသည်။ စစ်တပ်ဘက်မှ အကျအဆုံးအခြေအနေကိုမူ တပ်တွင်းသတင်းပေးများထံမှတစ်ဆင့် သိရခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများထဲမှ သေဆုံးသူထပ်ရှိလာနိုင်ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ဘက်က ပြောသည်။

ရန်ကုန်တိုင်းအတွင်း ပိုမိုကြီးမားသည့် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်ရန်ရှိကြောင်း၊ ထို့ကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြန်လာရောက်ပူးပေါင်းစေလိုကြောင်း ၎င်းက တိုက်တွန်းသည်။

စစ်ကောင်စီဘက်က အထက်ပါ တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို Myanmar Now ကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြသည်ကိုပင် စစ်ကောင်စီက ပစ်ခတ်နှိမ်နင်းနေသဖြင့် နိုင်ငံအနှံ့ ခုခံမှုများ အားကောင်းလာပြီးနောက်တွင် NUG ဘက်ကလည်း တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်လာနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) အချို့ ပူးပေါင်းပါဝင်သည့် စစ်ရေးဆိုင်ရာဗဟိုကော်မတီ ဖွဲ့စည်းခဲ့ပြီး စစ်တိုင်းအလိုက် ဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့များ ထူထောင်ကာ အဆင့်ဆင့်ကွပ်ကဲမှုစနစ်ဖြင့် စစ်ကောင်စီကို ထိရောက်စွာ တိုက်ခိုက်မည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က အောက်တိုဘာ ၂၈တွင် ပြောထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button