မျက်ကွယ်ပြုခံရသော ဖားကန့်ဒေသ မူးယစ်ဆေးဝါးပြဿနာ

ဆိုင်းတောင်မြို့ လမ်းမတစ်နေရာတွင် ဘိန်းဖြူ ထိုးသွင်းနေသူ တစ်ဦး၊ ဖားကန့်၊ ဩဂုတ်လ၊ ၂၀၁၈။ (ဓာတ်ပုံ - ခွန်းလတ် / Myanmar Now)
ဆိုင်းတောင်မြို့ လမ်းမတစ်နေရာတွင် ဘိန်းဖြူ ထိုးသွင်းနေသူ တစ်ဦး၊ ဖားကန့်၊ ဩဂုတ်လ၊ ၂၀၁၈။ (ဓာတ်ပုံ - ခွန်းလတ် / Myanmar Now)

ဖားကန့် - မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဖားကန့်ဒေသကို ဒေါ်လာဘီလျံချီ တန်ဖိုးရှိသော ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရာအဖြစ် လူသိများသော်လည်း ယင်းဒေသ၏ ကြီးမားသော မူးယစ်ဆေးဝါး ပြဿနာကိုမူ သိရှိသူနည်းပါးသည်။

ဖားကန့်ဒေသတွင် ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည့် ပြဿနာမှာ ပိုမိုဆိုးရွား လာနေသည်။ ဖားကန့်တွင် ဘိန်းဖြူ၊ ဘိန်းမည်း၊ ယာဘ အစရှိသော မူးယစ်ဆေးဝါများကို ကုန်စိမ်း ရောင်းဝယ်သကဲ့သို့ပင် လွယ်ကူစွာ ရောင်းဝယ်လျက်ရှိပြီး မူးယစ်ဆေးသုံးစွဲသူများ အနေဖြင့်လည်း အလွန် လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်သည်။ ကျပ် ၂၀၀၀ မျှ ရှိလျှင် ဘိန်းဖြူတစ်ကြိမ် ထိုးရန် လုံလောက်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့်လည်း လူသွားလမ်းမ အချို့ပေါ်တွင်ပင် ပေါ်ပေါ်တင်တင် သုံးစွဲလျက်ရှိသည်ကို တွေ့မြင်ရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲမူနှင့် ဆက်စပ်သည့် ဒုစရိုက်မှုများ၊ ခိုးဆိုးလုယက်မှုများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဖြစ်ပွားလျက်ရှိသည်။ အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် ဖားကန့်ဒေသ မူးယစ်ဆေးပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်မဖြေရှင်းနိုင်ကြပေ။

ထိုသို့ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် လွန်ခဲ့သော သုံးနှစ်ခန့်က ကချင်လူထု အခြေပြု မူးယစ်ဆေးဝါများ တိုက်ဖျက်ရေးအဖွဲ့ကို ဒေသခံများက ဖားကန့်ဒေသတွင် စတင်ဖွဲစည်းခဲ့သည်။ အဆိုပါလူထုအခြေပြုအဖွဲ့များက မူးယစ်ဆေးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူများကို နှိမ်နင်းရန် ကြိုးစားခဲ့ကြသည်။

အဆိုပါ မူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲ့များကို ကချင် ဘာသာစကားအရ Pat Jasan (ပတ်ဂျာဆန်) ဟု ခေါ်ဆိုကြပြီး အဖွဲ့ဝင် အများစုမှာ ဒေသတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ၊ ဘုရားကျောင်း များမှ လူငယ်များဖြစ်ကြသည်။ မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှ ဖားကန့် ကျောက်စိမ်းမှော် ဒေသသို့ လာရောက်လုပ်ကိုင်နေသော ကျောက်တူးသမား များလည်း အဆိုပါ ပတ်ဂျာဆန် အဖွဲ့တွင် လုပ်အားပေးအဖြစ် ပါဝင်ကြသည်။ Pat Jasan အဖွဲ့များ ဖွဲ့စည်းပြီး လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ထိရောက်ခဲ့သည်။

“လူထုက မူးယစ်ဆေးဝါးတိုက်ဖျက်တာကို ထောက်ခံတာ အရမ်းများပါတယ်” ဟု မြစ်ကြီးနား မြို့နယ် လူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်းက ပြောသည်။

မူးယစ်ဆေးတိုက်ဖျက်တာကိုမကြိုက်သူများ

အဆိုပါလှုပ်ရှားမှုများက ဒေသခံအာဏာပိုင်များ၏ မူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်မှု အားနည်းချက်အပေါ် မီးမောင်းထိုးသတိပေးသကဲ့သို့ ဖြစ်ခဲ့ပြီး ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများက ထိုလုပ်ရှားမူအပေါ် သဘောမတွေ့ကြပေ။

“တချို့ကျတော့လည်း မကြိုက်ကြပါဘူး။ သူတို့ကတော့ အာဏာပိုင် လူတွေလည်းဟုတ်။ မူးယစ်ဆေးဝါးမှာ ပါဝင်ပတ်သက်နေတဲ့သူတွေ။ တချို့ အာဏာပိုင်တွေကျတော့ အဲ့သည်က အကျိုးအမြတ်တွေ ခံစားနေရသူတွေ ဆိုတော့ ဘယ်သူပဲ ဒီမူယစ်ဆေးဝါး တိုက်ဖျက်ရေးကို လုပ်လုပ် သူတို့ကတော့ သဘောတွေ့မှာမဟုတ်ဘူးလို့ မြင်တယ်” ဟု ဦးတန်ဂွန်းက ဆက်လက်ပြောကြားသည်။

ဒေသအာဏာပိုင်များအနေဖြင့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) လှုပ်ရှားမူများအပေါ် အားပေးကူညီမှုမရှိကြောင်း ဖားကန့်ဒေသ ကထန်ကျောက်စိမ်းမှော် ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ခံ ကိုနော်ပါ က ပြောသည်။

“ကျွန်တော်တို့ကို မကူညီကြဘူး၊ ကျွန်တော်တို့ ဒီအလုပ် (မူးယစ်ဆေးဝါးတိုက်ဖျက်ရေး) လုပ်တာကို မကြိုက်ကြဘူး” ဟု ကိုနော်ပါ က ပြောသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA) အဖွဲ့လည်း လှုပ်ရှားနေပြီး တစ်ခါတစ်ရံတွင် တပ်မတော်နှင့် KIA ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းများလည်း ရှိသည်။

“အိမ်တွေမှာ လိုက်ဖမ်းရင် ဆေးအများကြီးမိတယ်၊ ဆေးရောင်းသူတွေနဲ့ သုံးသူတွေကို သက်သေအထောက်အထားတွေနဲ့ အစိုးရအာဏာပိုင်မှာ သွားအပ်တယ်၊ ပတ်ဂျာဆန်တွေက တရားဝင်အဖွဲ့အစည်းမဟုတ်ဘူးဆိုပြီး ၂၀၁၆ ကစပြီး ဘယ်ရဲစခန်းကမှ လက်မခံတော့ဘူး” ဟု ၎င်းက ဆက်ပြောပြသည်။

ဖားကန့်ဒေသတွင် တရားဥပဒေစိုးမိုးမှု အားနည်းသည်။ ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့၏ လှုပ်ရှားမူများ ပိုမိုကျယ်ပြန့်လာချိန်တွင် အစိုးရအာဏာပိုင်များက ပတ်ဂျာဆန် သည် တရားဝင် အဖွဲ့အစည်းမဟုတ်ဟု အကြောင်းပြကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ ရပ်တန့်ရန် ဖိအားပေးခြင်းများ ရှိလာသည်။ ထို့အတွက် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ပတ်ဂျာဆန် အဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်မှုများ အရှိန်လျော့ကျခဲ့သည်။

“အဖွဲ့ဝင်တချို့ဆိုရင် မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေရဲ့ ဓားခုတ်ခံရတာတွေ ကြုံခဲ့ရတယ်။ တစ်ခါတစ်ရံ မူးယစ်ဆေးသုံးစွဲတဲ့ ရဲအချို့ကို ဖမ်းမိတာမျိုးလည်း ရှိတယ်။

အစိုးရအာဏာပိုင်တွေ ကတော့ ဖိအားပေးတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်ပိုင်းတွေကိုလည်း ခေါ်ပြီး ဖိအားပေးတာတွေ ရှိနေပါတယ်။ အဲဒါတွေကြောင့် အရင်ကလို လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတော့ လုပ်လို့ မရကြတော့ပါဘူး” ဟု ကထန်မှော် ကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တာဝန်ခံ ကိုနော်ပါ က ပြောသည်။

“မူးယစ်သုံးစွဲတဲ့သူတွေ ပိုများလာပြီး ခိုးမှုတွေလည်း အရင်ကထက် များလာတယ်။ ရွာမှာဆို တစ်ညကို ဆိုင်ကယ် အနည်းဆုံး နှစ်စီးလောက် ပျောက်တယ်။ မူးယစ်ဆေးဝါးရောင်းတဲ့ ဒိုင်တွေလည်း ရွာတွေနဲ့ နီးနီးကပ်ကပ် ရောင်းဝယ်လာတာတွေရှိလာတယ်” ဟု ကိုနော်ပါက ဆက်ပြောသည်။

ပတ်ဂျာဆန်အဖွဲ့၏ မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမူများ အရှိန်လျော့ သွားသလို ဖားကန့်ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ပိုမိုများပြားလာသည်ဟု ၎င်းကဆိုသည်။

“ဒီနှစ်အစောပိုင်းက ကျွန်တော် ရေမဆေးကျောက်သွားဝယ်တဲ့ ဆန်ခါသွားတဲ့လမ်း ဆီပန့်လမ်းကြားမှာဆိုရင် ကျောက်စိမ်း ကုမ္ပဏီရဲ့အစောင့်က ရဲတွေ ရှေ့မှာ ဘိန်းထိုးနေရင်တောင် ရဲက မဖမ်းဘူး။ အဲ့ဒီမှာဆို ရာနဲ့ချီ တဲ့ ဆေးထိုးတဲ့ သူတွေရှိတယ်၊ ကျွန်တော့်အထင် အစိုးရက ကျွန်တော်တို့ ပြည်သူလူထုကို ဖြစ်ချင်ရာဖြစ်ဆိုပြီး သူတို့နဲ့မဆိုင်ဘူးဆိုပြီး ပစ်ထားတယ်လို့ခံစားရတယ် ” ဟု ၎င်းက ဆက်ပြောသည်။

ဖားကန့်ဒေသ ဆိုင်းတောင်မြို့ပေါ်ရှိ လမ်းကြားအချို့တွင်လည်း မူးယစ်သုံးစွဲသူများကို ဆေးထိုးအပ် တန်းလန်းဖြင့်ပင် မြင်တွေ့နိုင်သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူများကို နေ့ည အချိန်မရွေး မြင်တွေ့နိုင်ပြီး ဆိုင်းတောင်မြို့ပေါ်တွင် အချို့နေရာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ သုံးစွဲသူများ၊ စားသောက်ဆိုင်များဖြင့် ပွဲတော်ကြီးကဲ့သို့ စည်ကားနေ သည်ကိုလည်း တွေ့ရသည်။ တခါတစ်ရံတွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် ကျောင်းသားကျောင်းသူအချို့ကိုပါ တွေ့ရတတ်သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်ဒေသရှိ ကထန်၊ မာဆာ၊ ဆွတ်အောင်၊ ကဋေ၊ တောမှော် အစရှိသည့် ကျေးရွာများတွင်လည်း မူးယစ်ဆေးဝါများ အလွယ်တကူ ရောင်းဝယ်သုံးစွဲလျက်ရှိသည်။

အနယ်နယ်ကရောက်လာသူတွေ ဆေးစွဲကြသည့်နေရာ

ဖားကန့်ဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲသူ အများစုမှာ ကချင်လူငယ်များသာမက မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဖားကန့်ဒေသသို့ လာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများ၊ ကျောက်တူး အလုပ်သမားများလည်း ပါဝင်သည်။

အသက် ၂၀ အရွယ် ကချင်တိုင်းရင်းသား မောင်ဆွတ်ဒန်ဘောက်သည် ကျောက်တူးလုပ်သားအဖြစ် လုပ်ကိုင်နေရာမှ လက်တစ်ကမ်းတွင် အလွယ်တကူရရှိနေသည့် မူးယစ်ဆေးဝါးကို သုံးစွဲခဲ့ရာ မူးယစ်နွံအတွင်းမှ ရုန်းမထွက်နိုင်ဖြစ်ခဲ့ရသည်။

“ကျောက်စိမ်းလာတူးတာ တစ်နှစ်တောင် မပြည့်သေးဘူး။ ဆေးစသုံးဖြစ်တယ်။ သူငယ်ချင်းကို ဆေး(ဘိန်းဖြူ) သုံးတာ လိုက်ပို့ရင်း သူတို့က သုံးဖို့ပြောတယ်။ ဒါသုံးရင် မိုးပေါ်ပျံနေတဲ့ အတိုင်း ခံစားရတယ်။ ပိုက်ဆံရှိရင်ရှိသလို ထိုးတယ်။ တစ်နေ့ကို အများဆုံး ခြောက်ခါလောက်ထိုးတယ်။ ပိုက်ဆံမရှိရင်တော့ (ကျပ်)၁၀၀၀ ဖိုးလောက်ပဲ ထိုးဖြစ်တယ်”ဟု လက်ရှိတွင် မူးယစ်ဆေးဖြတ်စခန်းသို့ ရောက်ရှိနေသည့် မောင်ဆွတ်ဒန်ဘောက် က ပြောသည်။

လွန်ခဲ့သည့်တစ်လခန့်က ပတ်ဂျာဆန် အဖွဲ့ဝင်တစ်ဦးသည် မူးယစ်ဆေးစွဲနေသည့် မောင်ဆွတ်ဒန်ဘောက်ကို တွေရှိခဲ့ရာမှ ဆေးဖြတ်စခန်းသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

“ကထန်မှော် မှာ ကျွန်တော်တို့ ရေပေးဝေတာကနေ ပိုက်ဆံရှာတယ်၊ ပြီးတော့ မူးယစ်တိုက်ဖျက်ရင်း ဆေးသမားတွေ ဖမ်းမိရင် ဆေးနည်းတဲ့ (ဘိန်းဖြူ၊ ယာဘသုံးစွဲသူ) သူတွေကို တရားဟော ပြီး သူတို့ဆီက ဆေးတွေကို သူတို့ကိုယ်တိုင် ဖျက်ဆီးခိုင်းပြီး အဲဒီ နေရာမှာပဲ လွှတ်ပေးတယ်။ ဆေးများတဲ့လူတွေကိုကျတော့ ရုံးခေါ်လာပြီး မိဘအုပ်ထိန်းသူကို ပြန်အပ်တယ်။ တချို့ကိုတော့ ဆေးဖြတ်ချင်လား ဒါမှမဟုတ် အိမ်ပြန်ချင်လား မေးတယ်။ သူတို့က ဆေးဖြတ်ချင်တယ် ဒါပေမယ့် ပိုက်ဆံမရှိဘူးဆိုရင် ရေပေးဝေလို့ရတဲ့ပိုက်ဆံနဲ့စိုက်ပြီး သူတို့ကို ဆေးဖြတ်စခန်းပို့ပေးပါတယ်” ဟု ကထန်မှော် တာဝန်ခံ ကို နော်ပါ က ပြောသည်။

ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ လှုပ်ရှားမှုကြောင့် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူအချို့သည် ကျေးရွာ၊ ရပ်ကွက်များနှင့်ဝေးရာသို့ ပြောင်းရွှေ့ ကြရသည်။

ဖားကန့်ဒေသတွင် မူးယစ်ဆေးဖြတ်စခန်း လေးခုရှိသည်။ ယခုနှစ်တွင် ဆေးဖြတ်စခန်း၌ မူးယစ်ဆေးဝါး ဖြတ်သူယခင်နှစ်များထက် သိသာစွာ များပြားလာသည်ဟု ‘ဥရိုထွယ်ဆန်’ ဆေးဖြတ်စခန်းတာဝန်ခံ ဦးဘောမ်ဇုမ်းက ပြောပြသည်။

“၂၀၁၇ မှာ ဆိုရင် ဆေးဖြတ်သူ အသက် ၃၀ ကနေ ၆၀ အတွင်းများတယ်။ ၂၀၁၈ မှာကျတော့ အသက် ၁၈ နှစ် ကနေ ၂၅ နှစ် အတွင်းများတယ်။ အသက်ငယ်တဲ့သူတွေများလာတယ်။ ဒီဆေးဖြတ်စခန်း သက်တမ်းတစ်လျှောက်မှာ ကြည့်မယ် ဆိုရင် ဒီနှစ်က အများဆုံးဖြစ်တယ်” ဟု ဦးဘောမ်ဇုမ်းက ပြောပြသည်။

“ကျွန်တော်တို အားလုံးသိတဲ့အတိုင်းပဲ မူးယစ်ဆေးဝါးက များလာဖို့ပဲရှိတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ကို စစ်အေး တိုက်တာလို့ ပြောလို့ရတယ်၊ လူကြီးတွေ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး၊ သိတယ်ဆိုပေမယ့် သူတို့အားလုံးက ပါတနာတွေ ဖြစ်နေတယ် ဆိုတော့သေသေချာချာ အရေးယူလို့မရတော့ဘူးပေါ့၊ ပြောမယ်ဆို အုပ်ချုပ်တဲ့လူကြီးတွေလိုတာပေါ့” ဟု ၎င်းကဆက်ပြောသည်။

“အခု အစိုးရက ကျွန်တော်တို့ကို ဘာလုံခြုံမှုမှ မပေးနိုင်ဘူး။ အစိုးရအမြဲ ကြေညာနေတဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာ အဲဒီမူးယစ်ဆေးဝါး ပြဿနာ ရှိနေရင် အခု ကျွန်တော်တို့ဘယ်မှာအေးချမ်းမလဲ။ ဘယ်မှာတရားဥပဒေစိုးမိုးမှုရှိမှာလဲ” ဟု အမည်မဖော်လိုသည့် ကချင်လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဝင် ဟောင်းတစ်ဦးက ပြောသည်။

“မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်တာကို မကြိုက်တဲ့ လူတွေ အစိုးရထဲမှာရှိနေသမျှ ဒီမူးယစ်ဆေး တိုက်ဖျက်ရေး ဘယ်တော့မှ အောင်မြင်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး ” ဟု မြစ်ကြီးနားမြို.နယ် လူထုမူးယစ်ဆေးဝါးစိုက်ဖျက်ရေး အတွင်းရေးမှူး ဦးတန်ဂွန်းက ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading