သတင်း

စစ်တပ်ဖမ်းသွားသည့် ဖယ်ခုံဒေသခံ ၁၉ ဦး၏ အခြေအနေ စိုးရိမ်နေရ

ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် အောက်တိုဘာ ၂၇ ရက်က စစ်တပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးနှင့် ပတ်သက်၍ တစ်ပတ်ကျော်ကြာသည်အထိ သတင်းစုံစမ်းမရသေးသောကြောင့် သက်အန္တရာယ်စိုးရိမ်မိကြောင်း မိသားစုဝင်အချို့က ပြောသည်။

ကသဲရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တို့အကြား အောက်တိုဘာ ၂၆ တွင် တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက်တွင် လက်နက်ကြီးဒဏ်ကြောင့် ဒေသခံ ၄၀၀ ကျော် တိမ်းရှောင်နေရသည့် ကျေးရွာအတွင်း ရွာစောင့်ကျန်ခဲ့သူများထဲမှ ၁၉ ဦးကို  လူသားဒိုင်း အကာအကွယ်သဘောမျိုးပြုလုပ်၍ စစ်တပ်က ဖမ်းခေါ်သွားခြင်းဖြစ်သည်။

ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းအရ မျက်လုံးကို အဝတ်စည်း၍ အတန်းလိုက် ဖမ်းခေါ်ခံရသူများထဲတွင် သက်ကြီးရွယ်အိုနှင့် လူလတ်ပိုင်း အများစုပါဝင်သည်ကို တွေ့ရသော်လည်း မည်သူမည်ဝါဖြစ်သည်ကို တစ်ဦးချင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖမ်းဆီးခံထားရသူများအတွက် စိတ်ပူမိသည်ဟု ၄၈ နှစ်အရွယ် ဦးလေးနှင့်  ၃၅ နှစ်အရွယ် အစ်ကိုဝမ်းကွဲ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကြားလည်း မကြားရ၊ မြင်လည်း မမြင်ရဘူးဆို‌တော့ ဘယ်လိုပြောရမှာလဲ၊ ခန့်မှန်းခြေအရဆိုရင် ခါတိုင်း သူတို့ဖမ်းသွားတဲ့သူတွေကို နှိပ်စက်တယ်လေ၊ ရိုက်တယ်လေ။ အဲဒီတော့ ဘယ်လိုလုပ်မလဲ‌တော့ မသိဘူး၊ သူတို့ ဒီလူတွေကို ကောင်းကောင်းထားရဲ့လားတော့ မသိဘူး” ဟု အမည်မဖော်လိုသူ ထိုအမျိုးသမီးက ပြောသည်။

ကသဲရွာခံ ထိုအမျိုးသားနှစ်ဦးမှာ လယ်စိုက်ခြင်း၊ ပြောင်းစိုက်ခြင်းဖြင့် အသက်မွေးနေကြသူများဖြစ်ကာ သားသမီးနှင့် မြေးများရှိသည်ဟု ၎င်းက ဆက်ပြောသော်လည်း အသေးစိတ်ကိုမူ မသိရသေးပါ။

ဖမ်းဆီးထားသူများကို ဖယ်ခုံမြို့တွင်‌ အခြေစိုက်သည့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် စကခ (၇) တွင် ထိန်းသိမ်းထားသည်ဟု ဒေသခံတို့က ယူဆနေသလို ကသဲရွာအနီးရှိ စစ်ကောင်စီတပ်များ စခန်းချထားသည့်နေရာ၌ပင် ဖမ်းဆီးထားသည်ဟုလည်း ကြားရကြောင်း အထက်ပါ အမျိုးသမီးကပင် ပြောသည်။

အောက်တိုဘာ ၂၂ ရက်၊ ဖယ်ခုံမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၃၃၆) စခန်းကို ဖယ်ခုံ PDF က ဝင်စီးစဉ် သိမ်းဆည်းသွားသည့် စစ်ကောင်စီ၏ MA Series ရိုင်ဖယ်သေနတ် ၅ လက် (သို့မဟုတ်) ငွေပမာဏတစ်ခုပေးလျှင် ဖမ်းဆီးခံထားရသူ ၁၉ ဦး လွှတ်ပေးရန် စစ်တပ်က ကမ်းလှမ်းထားသည်ဟူသော ကောလာဟလထွက်နေသည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) က ပြောသည်။

“ကျွန်တော်တို့လည်း အမြန်ဆုံးလွတ်စေချင်ပါတယ်။ သူတို့က အပြစ်မဲ့ ရွာသူရွာသားတွေလေ၊ ဖြစ်နိုင်ရင်တော့ သူတို့လည်း ရွာမှာမနေချင်ကြဘူး။ နွားတွေ ကျွဲတွေ ဝက်တွေနဲ့ တိရစ္ဆာန်တွေနဲ့ စစ်ရှောင်လို့မဖြစ်နိုင်တဲ့သူတွေပဲ ကျန်ခဲ့တာ၊ အဲဒီကျန်ခဲ့တဲ့သူတွေကို ခေါ်သွားတာ” ဟု ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ အားကောင်းသည့် ဒေသများထဲတွင် ဖယ်ခုံလည်း ပါဝင်သည်။

ဖယ်ခုံမြို့နှင့် အနောက်ဘက် ၅ မိုင်အကွာ စက်တော်ရွာတွင် ယမန်နေ့(နိုဝင်ဘာ ၃) က စစ်တပ်နှင့် တိုက်ပွဲဖြစ်ရာ တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရကြောင်း၊ ယနေ့(နိုဝင်ဘာ ၄) မွန်းလွဲပိုင်းအထိ ဆက်လက်ဖြစ်ပွားနေကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

ပစ်ခတ်သံများကို ဖယ်ခုံမြို့ပေါ်မှပင် ကြားနေရပြီး တိုက်ပွဲဖြစ်ပွားရာ စက်‌တော်ရွာအနီးကို စစ်တပ်က ဖယ်ခုံမြို့ပေါ်မှနေ၍ လက်နက်ကြီးဖြင့် ပစ်ကူပေးနေသည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

ဖယ်ခုံမြို့သည် ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်အစပ်တွင်ရှိပြီး စစ်ရေးအရအရေးပါသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ရင်း ၅ ခုနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် စကခ(၇) အခြေစိုက်ရာ မြို့နယ်ဖြစ်သည်။

စစ်ကောင်စီအုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ဖယ်ခုံ-ပင်‌လောင်းလမ်းပိုင်းမှတစ်ဆင့် ၄ နာရီကျော်ကြာ မော်တော်ယာဉ်ခရီးဖြင့် ရောက်ရှိနိုင်သည့် ထိုဒေသတွင် စစ်တပ်က အင်အားအများအပြားသုံးကာ စစ်ရေးလှုပ်ရှားနေသည်။

ထို့အတူ နိုဝင်ဘာ ၂ တွင် ဒေသအတွင်းသို့ စစ်တပ်က အင်အားအလုံးအရင်း ပို့လွှတ်လာသဖြင့် လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းစစ်ဆင်ရေးအထူးအဖွဲ့၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မ‌တော် KA တို့နှင့်အတူ ပူးပေါင်းခုခံနေပြီး စစ်ရေးအရှိန် ဆက်လက်မြင့်တက်လာမည်ဟု ဖယ်ခုံ PDF က ခန့်မှန်းထားသည်။

စစ်တပ်က ဖမ်းသွားသူ ၁၉ ဦးအခြေအနေ၊ ထိုဒေသအတွင်း စစ်ရေးအခြေအနေများကို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button