သတင်း

စစ်တပ်ရှို့မီးကြောင့် ထန်တလန်မှ အိမ် ၁၆၀ ကျော် မီးလောင်ဟု CDF ပြော

ယမန်နေ့ (အောက်တိုဘာ ၂၉) တွင် စစ်ကောင်စီတပ် မီးရှို့သဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ နေအိမ် ၁၆၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး ထိုအထဲတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ခု၊ CB ဘဏ်တို့ ပါဝင်သည်ဟု ချင်း​ဒေသပြည်သူ့ကာကွယ်ရေးတပ် (CDF) ထန်တလန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့မနက်အစောပိုင်းက ဈေးဆိုင်တစ်ခုကို ဖောက်ထွင်းနေသည့် စစ်ကောင်စီစစ်သားကို CDF ထန်တလန်အဖွဲ့က ပစ်သတ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က မြို့ကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးဖြင့်လည်း ၁၀ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မနက် ၁၀ နာရီခွဲမှ စတင်လောင်ကျွမ်းခဲ့ရာ ထန်တလန်မြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ရပ်ကွက် ၅ ခုအထိ ကူးစက်သွားကြောင်း၊ ယနေ့မနက် ၈ နာရီခွဲခန့်တွင် မီးအရှိန်သေသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အခုကလည်း နည်းနည်းတော့ လောင်နေသေးပါတယ်။ ၈ နာရီခွဲလောက်မှာတော့ နည်းနည်းတော့ အဆင်ပြေလာပြီ။ ကျွန်တော်တို့ ဒရုန်းကနေ သွားကြည့်တယ်။ တစ်ညလုံးလောင်တယ်။ အခုကလည်း နေပူနေတယ်ဆိုတော့ ပြောလို့တော့မရသေးဘူး” ဟု ၎င်းက ပြောသည်။ 

CDF ထန်တလန်အဖွဲ့၏ စာရင်းများအရ ဇုန်မွန် (ရုံးရပ်ကွက်) နှင့် ဈေးရပ်ကွက်တို့တွင် နေအိမ် ၅၀ ကျော်စီ၊ TABC (ထန်တလန်နှစ်ခြင်းအသင်းတော်) ရပ်ကွက်နှင့် Biakinn (ဘုရားကျောင်းရပ်ကွက်) တို့တွင် နေအိမ် ၂၀ ကျော်စီ မီးသင့်ဆုံးရှုံးပြီး လုံတီာလ်ရပ်ကွက်တွင် နေအိမ် ၃ လုံးမီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။

မီးလောင်ပျက်စီးမှုနှင့် ပတ်သက်ပြီး မိသားစုများထံသို့ ဆက်သွယ်ကာ စာရင်းကောက်ယူနေသည်ဟု CDF ထန်တလန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မီးလောင်သွားသည့် အထင်ကရ ဘုရားရှိခိုးကျောင်းနှစ်ခုမှာ Church on the Rock (COTR) နှင့် Presbyterian တို့ ဖြစ်သည်။ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ထန်တလန် ခရစ်ယာန်နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၏ ရုံးအဆောက်အအုံလည်း မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင်တော့ မြို့တွင် မီးမလောင်တော့သလို မီးခိုးများလည်း မတွေ့ရကြောင်း မြို့အနီးနေထိုင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“အခုတော့ ငြိမ်သွားပြီ၊ မီးခိုးလည်းမရှိတော့ဘူး အခုတော့၊ သေနတ်သံလည်း မကြားရတော့ဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။ 

စစ်ကောင်စီက အများစိတ်ဝင်စားနေသည့် ထန်တလန်အခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ကိုဗစ်ကာကွယ်ကုသရေးဆေးများ ထုတ်ပေးသည်၊ စစ်ကောင်စီထောက်ခံပွဲများ မြို့တချို့တွင် ပြုလုပ်သည်ဟူသော သတင်းများသာ ထုတ်ပြန်နေသည်။ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖုန်းပြန်ဖြေခြင်း မရှိပေ။

ယမန်နေ့ မနက်အထိ ထန်တလန်မြို့ပေါ်တွင် အသက် ၇၀ ဝန်းကျင်ခန့်ရှိသည့် အမျိုးသမီးနှစ်ဦးနှင့် လူငယ်အမျိုးသားတစ်ဦးပါဝင်သည့် မိသားစုတစ်စု ဆက်လက်နေထိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါမိသားစုကို Myanmar Now က မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။  

မီးလောင်သည့်အထဲ နေအိမ်ပါသွားသောကြောင့် ၎င်းတို့သုံးဦးလည်း မြို့နှင့် ၁၂ မိုင်ခန့်ဝေးသော ဆိုပွမ်းရွာသို့ တိမ်းရှောင်သွားကြပြီဖြစ်သည့်အတွက် မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများသာ ကျန်ရှိတော့သည်။

မြို့လုံးကျွတ်စွန့်ခွာသွားကြသည့် ထန်တလန်မြို့ခံစစ်ရှောင် ၇၇၀၀ ကျော်မှာ အိန္ဒိယနယ်စပ်မျဉ်းအနီးရှိ တောင်ကြောများပေါ်မှ ရွာပေါင်း ၅၀ ကျော်တွင် စစ်ရှောင်နေရပြီး လူဦးရေ ၄၀၀၀ ကျော်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲတွင် တိမ်းရှောင်နေရသည်။  

စက်တင်ဘာ ၁၈ တွင် မြို့တွင်းတိုက်ပွဲဖြစ်ပွားရာ နေအိမ် ၁၉ လုံးမီးလောင်ခဲ့ပြီး ယနေ့အထိ ထန်တလန်မြို့ပေါ်တွင် နေအိမ်ပေါင်း ၁၈၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု CDF ထန်တလန်အဖွဲ့က ပြောသည်။

“ကျွန်တော်တို့ရဲ့မြို့ကို ကျွန်တော်တို့ ပြန်သိမ်းမှာပါလို့ပဲ ပြောချင်ပါတယ်” ဟု CDF ထန်တလန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

နိုင်ငံတကာကူညီရေးအဖွဲ့တစ်ခုဖြစ်သော Save the Children အဖွဲ့က အဆောက်အအုံအများအပြား မီးလောင်သွားသဖြင့် ထိတ်လန့်တုန်လှုပ်မိကြောင်း၊ မီးလောင်သည့်အထဲတွင် ၎င်းတို့၏ ရုံးခွဲတစ်ခုလည်း ပါဝင်ကြောင်း မီးစတင်လောင်ကျွမ်းသည့်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုရုံးမှ ၎င်းတို့၏ ဝန်ထမ်း ၁၀ ဦးလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြသည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ဟားခါးမြို့မှ ပြန်လာသည့် ထန်တလန်ရပ်မိရပ်ဖများ စီးနင်းလာသည့် ကားကို ထန်တလန်မြို့အဝင်တွင် စစ်တပ်က ပစ်ခတ်သည့်အတွက် နှစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

CDF အဖွဲ့၏ အချက်အလက်များအရ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်မများထဲမှ တပ်မ ၁၁ ၏ လက်အောက်ခံတပ်များရှိပြီး ဟားခါးမြို့အခြေစိုက် ခလရ ၂၆၉ နှင့် ၂၂၂တို့ကိုလည်း တွေ့ရကာ အင်အား ၂၀၀ ခန့်ဖြင့် မြို့ကို အပေါ်စီးကနေမြင်ရသည့် တောင်ကုန်းတွင် တပ်စွဲထားကြသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button