သတင်း

တနင်္သာရီဝန်ကြီးချုပ်ကို တိုင်ကြားသူများနှင့် ဒေါ်အောင်ဆန်းစုကြည် မြိတ်တွင် တွေ့ဆုံမည်

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် အဂတိလိုက်စားမှုရှိမရှိ စုံစမ်းစစ်ဆေးပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ တိုင်ကြားထားသူအချို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖေဖော်ဝါရီ ၁၃ တွင် မြိတ်မြို့ တွေ့ဆုံကြမည်ဟု သတင်းရရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် လာမည့် ဖေဖော်ဝါရီ၁၃ရက်တွင် တနင်္သာရီတိုင်း မြိတ်မြို့သို့ လာရောက်ကာ လူထုတွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ပြီး ယင်းနေ့တွင် တိုင်းအစိုးရထိပ်ပိုင်း အရာရှိများအား တိုင်ကြားထားသူများကို လက်ခံတွေ့ဆုံရန် သဘောတူခဲ့သည်ဟု မြိတ်မြို့မှ အမည်မဖော်လိုသည့် တိုင်ကြားသူက Myanmar Nowကိုပြောသည်။

အချိန်ဘယ်လောက်ကြာ သီးသန့်တွေ့ခွင့်ရမရတော့ အသေးစိတ်မသိရသေးဘူး။ဒါပေမယ့် တိုင်ကြားသူထဲက အဓိက ဦးစီးတဲ့သူအချို့ကို တွေ့ဆုံခွင့်ပေးမယ်လို့ အခုနေ့လယ်ကပဲ ထွေအုပ် (အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန) က အကြောင်းကြားတယ်။ ဒါကြောင့်ရမယ့်အချိန်အတောအတွင်းမှာ အဂတိကင်းစင်တဲ့ အစိုးရကိုလိုချင်တဲ့ တနင်္သာရီတိုင်းသားအားလုံး ရဲ့ဆန္ဒကို အချက်အလက်တိတိကျကျနဲ့ တင်ပြပြောဆိုနိုင်ဖို့ ကျွန်တော်တို့အခုကတည်းက သေချာပြင်ဆင် နေပါတယ်ဟု ၎င်းကပြောသည်။

ထားဝယ်နှင့် မြိတ်မြို့များမှ ဒေသခံ ၁၀၀ ကျော်သည် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ တိုင်းအစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တိုင်းNLD အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌဦးအောင်စိုး တို့ အဂတိလိုက်စားခြင်းရှိမရှိကို စစ်ဆေးပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို)သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တိုင်ကြားထားသည်။

Myanmar Now မှ ဖတ်ရှုခွင့်ရခဲ့သည့် တိုင်ကြားစာတွင် တိုင်းNLD အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ဝန်ကြီးချုပ်သည် ဆွေမျိုးတော်စပ်ပြီး ဦးအောင်စိုး၏ သမီးအား ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်ခန့်အပ်ထားကြောင်း ထောက်ပြထားသည်။

ထို့ပြင် ပြည်သူ့ဘဏ္ဍာ ငွေအကြွေးတင်လျက်ရှိသော GGS ကုမ္ပဏီတွင် ဦးအောင်စိုး၏မိသားစုဝင်များ ပါဝင်နေခြင်း အပါအဝင် ဒေသအတွင်း စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး တိုင်ကြားခဲ့ကြသည်။

ဝန်ကြီးချုပ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်အစီရင်ခံစာတစ်စောင်ကိုလည်း တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက လက်မှတ်ထိုး၍ နိုင်ငံတော်သမ္မတနှင့်တကွ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဇန်နဝါရီလကုန်ပိုင်းက အစီရင်ခံပေးပို့ခဲ့ကြသည်။

တင်ပြထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ ဘာမှမသိရသေးဘူး။ စစ်ဆေးဆဲကာလပါ။ ဘာမှမထူးခြားသေးပါဘူး။ ဝန်ကြီးချုပ်လည်း ပုံမှန်အတိုင်းပါဘဲ။ ပြီးတော့ အစီရင်ခံစာအသေးစိတ်ကိုလည်း  လောလော ဆယ်အနေအထားအရတော့ ပြောမရသေးပါဘူး။အချိန်တန်ရင်ပြောပါမယ်ဟု အစီရင်ခံစာ လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူ ပုလောမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက Myanmar Nowကိုပြောသည်။

တိုင်းလွှတ်တော်က တင်ပြသော အစီရင်ခံစာတွင် ဒေါက်တာလဲ့လဲ့မော်သည် တင်ဒါခေါ် ယူခြင်းမရှိဘဲ ဆွေမျိုးနီးစပ်သူများ ကို လုပ်ငန်းများချထားပေးခြင်း၊ ဆွေမျိုးနီးစပ်ကို ကိုယ်ရေးအရာရှိခန့်ထားခြင်း အပါအဝင် ထားဝယ် လေယာဉ်ကွင်း ချုံရှင်းလင်းခအဖြစ် ကျပ်သိန်း ,၀၀၀ အသုံးပြုရာတွင်လည်း တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ကိုင် ခွင့်ပြုသည့်ကိစ္စများ ပါဝင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို ကိုးကားပြီး ဖေဖော်ဝါရီလ ၅ရက်နေ့ ထုတ် 7 Day သတင်းစာက ရေးသားသည်။

လက်ရှိအချိန်တွင် ဒေသခံများ၏ တိုင်ကြားထားမှုအပေါ် NLD(ဗဟို)မှသာမက  အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်က ကွင်းဆင်းကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ် များထံမှသိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီတိုင်းခရီးစဉ်အတွင်း ဝန်ကြီးချုပ်အပေါ် တိုင်ကြားသည့် ကိစ္စများကို စုံစမ်းမေးမြန်းရန် ရှိမရှိကို အတိအကျမသိရှိသေးကြောင်းတနင်္သာရီတိုင်း အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီး ဦးမြင့်မောင် ကပြောသည်။

ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ရှိမရှိ မသိထားပါဘူး။ နိုင်ငံရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေကိုလည်း သွားတာပဲလေ။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ တိုင်းကိုလည်း လူထုတွေ့ ဆုံတာ၊ လုပ်ငန်းစစ်ဆေးတာတွေလာတဲ့ ခရီးစဉ်လို့ပဲ သိထားပါတယ်၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်သည် သုံးရက်ကြာမြင့်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် မြိတ်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မြို့ခံလူထုနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကော့သောင်း မြို့သို့သွားရောက်၍ ပုလဲလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများကို လေ့လာပြီးနောက် လူထုတွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ထားဝယ်မြို့သို့ သွားရောက်၍ လူထုတွေ့ဆုံပွဲ လုပ်မည်ဖြစ်သည်။

Show More

Related Articles

Back to top button