သတင်း

မြိုင်မြို့နယ်တွင် ၃ နှစ်သားအပါအဝင် ၁၆ ဦး ရိုက်နှက်ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်းတောကျေးရွာအတွင်း ယမန်နေ့ (အောက်တိုဘာ ၂၇) နံနက် ၅ နာရီခန့်၌ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီး ရွာသူရွာသား ၁၆ ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု  မျက်မြင်သက်သေများထံမှ သိရသည်။

စစ်ကား ၃ စီးနှင့် ရောက်လာသည့် စစ်သား ၃၀ ခန့်သည် ပခုက္ကူမြို့နှင့် မြိုင်မြို့ကြားတွင်ရှိသော ပန်းတိုင်းတောကျေးရွာသို့ လာနေသည်ဟု သတင်းကြားသဖြင့် မိုးမလင်းမီ ဒေသခံများထွက်ပြေးကြစဉ် စစ်တပ်နှင့် ထိပ်တိုက်တိုးသူတို့ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။ 

၎င်းရွာတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိသည်ဟူသော သံသယဖြင့် စစ်တပ်က ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ဖမ်းခံရသူများတွင် ၃ နှစ်အရွယ် ကလေးငယ်နှင့် မိခင်၊ သက်ကြီးရွယ်အို ၂ ဦး ပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့အဖွဲ့က ပေါက်မြို့နယ်မှာလည်း အောင်မြင်မှုတွေ ယူလာခဲ့တာပေါ့။ သူတို့အဖွဲ့ကို ဘာမှတ်နေလဲပေါ့၊ သူတို့က ကြိမ်းမောင်းသွားတယ်” ဟု  ၎င်းက ဆိုသည်။

“(ဖမ်းခံရသူလူငယ်များ) ကလေးတွေဖုန်းက မြည်တော့ ဖုန်းမြည်လာလို့ဆိုပြီး ရိုက်တာနှက်တာ ထပ်လုပ်တာပေါ့။ အဲဒါပြီးတော့ ရွာထဲ ဝင်တယ်။ ရွာထဲ ဝင်လာပြီးမှ ရွာနားမှာရှိနေတဲ့ တဲလေးတစ်ခုကို သူတို့က မီးရှို့ဖျက်ဆီးသွားတယ်” 

စစ်သားများသည် ရွာထဲ ဝင်လာပြီးနောက် ရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ PDF အဖွဲ့ဝင်များ ရှိနေနိုင်သည်ဟု ၎င်းတို့ယူဆသော အိမ်များကို တစ်အိမ်တက်တစ်အိမ်ဆင်း ရှာကြကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“ဝင်လာတော့ ကျွန်တော်တို့လည်း ပြေးကြတာပေါ့။ သူတို့က ရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲတယ်။ ပြီးတော့ ရွာထဲမှာ တစ်အိမ်တက်ဆင်း ဝင်ရှာတယ်” ဟု ထိုသူက ဆက်ပြောသည်။

“သူတို့ထင်တဲ့အိမ်တွေကို PDF သတင်းရလို့လား၊ ဒလန်ကြောင့်လား မပြောတတ်ဘူး။ ဒလန်က ဒီရွာမှာ PDF ရှိတယ်လို့ သတင်းပေးလို့ ဝင်ရှာတယ် ထင်တာပဲ” 

ယင်းမတိုင်ခင်က ပန်းတိုင်းတောကျေးရွာ၏ မြောက်ဘက်ရှိ သာပေါင်းရွာတွင် လက်နက်များရှိနေသည်ဟု ကောလာဟလထွက်သဖြင့် စစ်တပ်က ၂ ရက်၊ ၃ ရက်ခန့် ရှာဖွေနေခဲ့ပြီး မတွေ့၍ ၎င်းတို့ရွာသို့ ဆက်လာခြင်းဖြစ်နိုင်ကြောင်း ပထမဒေသခံက ယူဆသည်။ 

“ရွာမြောက်ခြမ်းက အိမ်တွေကို အိမ်ပေါက်စေ့တက်ရှာပြီး ပိုက်ဆံတွေ့ရင် ယူသွားတယ်။ ၅ သိန်း တစ်အိမ်၊ ၃ သိန်း တစ်အိမ်နဲ့ အခြားအိမ်တွေကတော့ နှစ်သောင်းပါ၊ သုံးသောင်းပါက တော်တော်များများပါသွားတယ်” ဟု အထက်ပါ ပထမဒေသခံက ဆိုသည်။

အဆိုပါ စစ်သားများသည် ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ရွာမှ ပြန်ထွက်ခွာသွားကြောင်း ရွာသားများထံမှ သိရသည်။ 

ဖမ်းဆီးခံရသူ ၁၆ ဦးအနက် အမျိုးသားတစ်ဦးကိုသာ ယနေ့ ပြန်လွှတ်ပေးကြောင်း၊ စစ်တပ်က ထပ်လာမည်ဟု သတင်းကြားသဖြင့် ပန်းတိုင်တောကျေးရွာဒေသခံများ ရွာတွင် မနေရဲကြဘဲ လုံခြုံမည်ထင်သည့် နေရာများတွင် ပုန်းရှောင်နေရကြောင်း သိရသည်။

ပန်းတိုင်းတောဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တုံ့ပြန်ချက်ကို ဖော်ပြနိုင်ရန် ယနေ့ညနေပိုင်းက အကြိမ်ကြိမ်ကြိုးစားသော်လည်း စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။

ပန်းတိုင်းတောကျေးရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှု အားကောင်းပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများ ပုံမှန်ထွက်သည့်ကျေးရွာတစ်ရွာ ဖြစ်သည်။ 

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ ထိစပ်နေသည့် မြို့နယ်များတွင် စစ်တပ်နှင့် ဒေသခံ PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အပြင် စစ်တပ်ကလည်း ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button