သတင်း

တူမီးကိုင် PDF များ ရှိနိုင်သည့် ကျွန်းလှမြို့ပြင်ကို ရဟတ်ယာဉ်ဖြင့် ဝင်ပစ် 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ဘက်ကို ယနေ့ (အောက်တိုဘာ ၂၈) မနက်က စစ်ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမှာ PDF  (ခေါ် ) ဒေသခံကာကွယ်ရေးအဖွဲ့များ စခန်းချနေသည်ဟု ယူဆသောကြောင့် ဖြစ်နိုင်သည်ဟု ကျွန်းလှဒေသခံများထံမှ သိရသည်။  

ပစ်ခတ်မှုများမှာ နံနက် ၉ နာရီဝန်းကျင်တွင် အစပြုခဲ့ပြီး ရဟတ်ယာဉ်ဖြင့် ရောက်လာသော စစ်သားများက လက်နက်ကြီးများဖြင့် ယနေ့ နေ့လယ်အထိ ပစ်ခတ်နေသည်ဟု ကျွန်းလှဒေသခံတစ်ဦးက ပြောသည်။ 

“ဂျက်ဖိုက်တာ ၂ စီး၊ ဟယ်လီကော်ပတာ ၄ စီးရယ် လာပစ်သွားတယ်။ လူတွေချပြီးလည်း လက်နက်ကြီးနဲ့လည်း ထုနေတုန်းပဲ။ ဖြစ်တဲ့နေရာကတော့ ကျွန်းလှမြို့နယ် အနောက်ဘက်ခြမ်းက တောထဲတစ်နေရာပေါ့”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

“ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြန်လှန်ခုခံတာမျိုး မရှိဘူး”

“ကျွန်းလှမြို့နယ် အနောက်ဘက်သို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း‌နောက်မှ တိုက်လေယာဉ် ၂ စင်း ပျံဝဲသွားခြင်းဖြစ်သည်ဟု ကျွန်းလှဒေသခံအမျိုးသားက ပြောသည်။ ” 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ ကျွန်းလှမြို့နယ်ဘက်သို့ ပျံသန်းသွားသည့် တိုက်လေယာဉ် ၂ စီး ဖြတ်သန်းသွားသည်ကို အောက်တိုဘာ ၂၈ မနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Taze -TSO)

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ကို “အနော်ရထာ” စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က လေတပ်အင်အား အများအပြားအသုံးပြုကာ တိုက်ခိုက်လာခြင်း ဖြစ်သည်။ 

ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာ မုံရွာမြို့ဘက်မှ ပျံသန်းလာခြင်းဖြစ်နိုင်ကြောင်း၊ လေကြောင်းရန်ကြောင့် ဒေသခံအများအပြား ထွက်ပြေးနေကြပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးဟု တန့်ဆည်မြို့နှင့် ကျွန်းလှမြို့ဒေသခံများက ဆိုသည်။ 

“ဖရိုဖရဲတွေဖြစ်နေတာ၊ လေယာဉ်တွေနဲ့ ပစ်တာဆိုတော့။ ဘာမှမသိရသေးဘူး။ ကျွန်တော်တို့မြို့နယ်မှာ စစ်ကြောင်းထိုးတာတောင် မရှိဘူး။ ဒီတစ်ကြိမ်ပဲ လာလုပ်သွားတာ” ဟု အမည်မဖော်လိုသည့် အထက်ပါ ကျွန်းလှမြို့နယ်ဒေသခံက ပြောသည်။

ကျွန်းလှမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တန့်ဆည်မြို့မြောက်ပိုင်း စည်သာ၊ နနွင်းတောကျေးရွာများအနီး ရဟတ်ယာဉ်ပေါ်မှ အချက် ၂၀ ဝန်းကျင် ပစ်ခတ်သွားကြောင်း တန့်ဆည်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကပေါင်းကျရွာသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာ၊ လက်နက်ခဲယမ်းလာပို့သည့် ရဟတ်ယာဉ်ကို အောက်တိုဘာ ၂၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-Taze -TSO)

ကျွန်းလှမြို့နယ်နှင့် ကပ်လျက်တည်ရှိသော တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာတွင် ယခုလ ဒုတိယပတ်ကတည်းက စစ်သည်အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီတပ်က တပ်စွဲထားသည်။ 

မကြာခဏဝင်ရောက်မွှေနှောက်ခံနေရသည့်အတွက် ကပေါင်းကျ၌ ရွာလုံးကျွတ်ထွက်ပြေးနေရသည်။ ဤအခြေအနေတွင် စစ်သားများက ကပေါင်းကျကျေးရွာတွင်း နေအိမ်များ၊ ရွာအနီးရှိ စစ်ဘေးရှောင်များ ခိုလှုံရာ ယာတဲများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ကပေါင်းကျကျေးရွာတွင် တပ်စွဲထားသည့် စစ်သားများထံ အောက်တိုဘာ ၂၂ ၌ လက်နက်ခဲယမ်းများကို ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် လာပို့ခဲ့သည်ဟု ကပေါင်းကျကျေးရွာဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ကျွန်းလှ၊ တန့်ဆည်တို့တွင် လိုက်လံတိုက်ခိုက်နေသည့် PDF တပ်ဖွဲ့ဝင်များမှာ ပစ်အားမကောင်းသော ခေတ်ဟောင်း တူမီးသေနတ်များ ကိုင်ဆောင်ထားကြသည်။ လက်နက်အင်အားမမျှသဖြင့် ချုံခိုတိုက်ခြင်း၊ မိုင်းခွဲခြင်း စသည့် နည်းလမ်းများကို ပိုမိုအသုံးပြုကြသည့် ပြောက်ကျားတပ်ဖွဲ့ဝင်များဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်ပြီးနောက်တွင် စစ်ကောင်စီကို လက်နက်ကိုင်ခုခံတိုက်ခိုက်မှုများ နှစ်ဆနီးပါး တိုးလာခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် ခုခံမှုအများဆုံး ဖြစ်သည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်ဆင်ရာတွင်လည်း စစ်တပ်က လေကြောင်းပစ်ကူ အသုံးပြုခဲ့ပြီး မတ်လအတွင်း ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများအတွင်း ဗုံးကြဲခဲ့သဖြင့် အရပ်သား ၂၀ သေဆုံးခဲ့ရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button