သတင်း

တပ်ချုပ် ဖေ့စ်ဘွတ်ပေ့ချ် အမုန်းစကားမပြောဟု တပ်အရာရှိတစ်ဦး ဆို

(ရန်ကုန်) – တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေ့ချ်ကို ကုမ္ပဏီက ယနေ့မှစ၍ ဖယ်ရှားလိုက်ခြင်းသည် မလုပ်သင့် မလုပ်အပ်သော လုပ်ရပ်တစ်ခုဖြစ်သည်ဟု တပ်မတော်အရာရှိတစ်ဦးက ဝေဖန်သည်။

မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး အမုန်းတရား ဖြန့်ချိမှုအတွက် ထိရောက်သော တိုက်ဖျက်မှု မလုပ်ဟု အဝေဖန်ခံနေရသည့် အမေရိကန်အခြေစိုက် ဖေ့စ်ဘွတ် (Facebook) လူမှုကွန်ရက်ကုမ္ပဏီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားတို့အပါအဝင် အဖွဲ့အစည်းနှင့် လူပေါင်း ၂၀ တို့ကို ၎င်း၏ လူမှုကွန်ရက်ပေါ်မှ ဖယ်ရှားပစ်လိုက်ပြီဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက် ယနေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ ထုတ်ပြန်ခြင်းနှင့်အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြဝတီသတင်းဌာနတို့အပါအဝင် တပ်မတော်နှင့် နီးစပ်သော ဖေ့စ်ဘွတ်စာမျက်နှာများကို ယနေ့ နေ့လယ်ပိုင်းမှစ၍ ဝင်ကြည့်၍မရတော့ပေ။

ထိုသို့ ပိတ်ပင်လိုက်ခြင်းအပေါ် တပ်မတော်အရာရှိကြီးတစ်ဦးက ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်စာမျက်နှာသည် အမုန်းစကားများကို ဖြန့်ဝေနေသည့် စာမျက်နှာမဟုတ်ကြောင်း Myanmar Now ကို ပြောသည်။

“တပ်ချုပ်စာမျက်နှာမှာ အမုန်းစကားတွေ တစ်ခုမှပြောနေတာမဟုတ်ဘူး။ ဖေ့ဘုတ်အဖွဲ့ဆိုတာကလည်း သူ့နောက်မှာ တွန်းအားတစ်ခုခု၊ ဖိအားတစ်ခုခု ရှိမှာပေါ့။ ငွေကြေးနဲ့ ရပ်တည်တဲ့ အဖွဲ့အစည်းဆိုတော့ ငွေထောက်ပံ့သူတွေရဲ့ သဘောထားနောက်ကို လိုက်ရတာမျိုးရှိမှာပေါ့” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ အမည်မဖော်လိုသူ ဗိုလ်မှူးကြီးတစ်ဦးက ဆိုသည်။

ထို စာမျက်နှာသည် တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ လှုပ်ရှားမှုများကို အများပြည်သူသိအောင်သာ ထုတ်ပြန်နေသည့် စာမျက်နှာဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်စေရန် ပြုလုပ်နေသည့် အချက်တစ်ခုမှ မရှိကြောင်း ၎င်းက ပြောသည်။

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်စိုးနိုင်ဦး၏ တယ်လီဖုန်းသို့ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသည်။ ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း လတ်တလောမဖြေကြားနိုင်ဟု အကြောင်းပြန်ခဲ့သည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်သည် တိုင်းပြည်၏ လုံခြုံရေးနှင့် ကာကွယ်ရေးကို တာဝန်ယူထားရသူ၊ နိုင်ငံတော်အတွက် ဆောင်ရွက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည့်အတွက် ယခုလိုလုပ်ရပ်သည် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်လာနိုင်ကြောင်း တပ်မတော်အရာရှိဟောင်း လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီလိုလုပ်တာ အယူအဆလွဲမှားတာပဲ။ ဒီမိုကရေစီစနစ်မှာ လူတိုင်းဟာ လွတ်လပ်စွာ ကိုယ့်ဆန္ဒကိုယ် ထုတ်ဖော်ခွင့်ရှိရမှာပဲ။ အခုက သူတို့မကြိုက်တာကိုပဲ အမုန်းတရားဖြန့်ချိတယ်ဆိုတဲ့ အယူအဆတွေနဲ့ လုပ်တာ။ အမုန်းတရားဆိုတာ ဘာကိုသတ်မှတ်ထားတာလဲ။ နောက်ပြီး ဖေ့ဘုတ်အဖွဲ့ဆိုတာ လက်ရှိအစိုးရက ခွင့်ပြုချက်ပေးထားလို့ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတစ်ခုလို ယူဆတယ်” ဟု ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆိုသည်။

ဖေ့စ်ဘွတ်၏ ထုတ်ပြန်ကြေညာချက်တွင် ၎င်းတို့လူမှုကွန်ရက်ပေါ်၌ ကမ်ပိန်းသဖွယ် အချိန်ကိုက် မရိုးသားသောသဘောဖြင့် လုပ်ဆောင်နေသော ပေ့ခ်ျ ၄၆ ခုနှင့် အကောင့် ၁၂ ခုကိုလည်း ဖယ်ရှားခဲ့ကြောင်း၊ ထိုအကောင့်နှင့် ပေ့ချ်များသည် အပေါ်ယံအားဖြင့် မျှတလွတ်လပ်သည့် သတင်းများ၊ အတွေးအမြင်များကို လွှင့်တင်ပြီး၊ တစ်ဖက်တွင် မသိမသာ တပ်မတော်က ဖြန့်ဖြူးလိုသည့် အချက်အလက်များကို လက်သိပ်ထိုးထုတ်လွှင့်နေကြောင်း ပါရှိသည်။

ထို့အပြင် ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်အပြင် တပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ ရုံးတင်စစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ထိုအစီရင်ခံစာအရ တပ်မတော်ထိပ်ပိုင်း အရာရှိများသည် ရခိုင်ပြည်နယ်အပါအဝင် မြန်မာပြည်မြောက်ပိုင်းရှိ ပဋိပက္ခများအတွင်း လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုများအတွက် တာဝန်ရှိသည်ဟု ပါရှိသည်။

ယခု ဖေ့စ်ဘွတ်က ပိတ်ပင်လိုက်သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုယ်တိုင်ကျူးလွန်ခြင်း၊ သို့မဟုတ် ကျူးလွန်ရန် အခြေအနေ ဖန်တီးပေးသည်ဟု နိုင်ငံတကာပညာရှင်များက အထောက်အထားများ တွေ့ရှိခဲ့ကြောင်း ဖေ့စ်ဘွတ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်က အလွန်အကျည်းတန်သလို မိမိတို့ဘက်မှ တုံ့ပြန်မှု အလွန်နှေးကွေးခဲ့ကြောင်း၊ ထို့အတွက် ယခုလဆန်းပိုင်းကစပြီး သတင်းမှားများ၊ အမုန်းစကားများ ဖြန့်ဖြူးခြင်းကို ဟန့်တားရန် မည်သို့လုပ်ဆောင်မည်ကို အသိပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ကို တလွဲအသုံးမချရေး တားဆီးရန်မှာ မိမိတို့တွင် တာဝန်ရှိသဖြင့် ထိုလုပ်ရပ်များကို ကာကွယ်ရန် မိမိတို့က ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်၏ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထိုကဲ့သို့ အစီရင်ခံစာနှင့်အတူ ဖေ့ဘုတ်အဖွဲ့က ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့ဘုတ်စာမျက်နှာကို ဖယ်ရှားလိုက်ခြင်းသည် အချိန်ကိုက်ဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းက ယူဆနေကြသည်။

(သြဂုတ် ၂၈ ရက်နေ့ ညနေ ၃းဝဝ နာရီ ပြင်ဆင်ချက် – သတင်း အပိုဒ် ၅ တွင် အမည်မဖော်လိုသူ “ဗိုလ်မှူးကြီး” ဟု ရေးသားခဲ့ပါသည်။ “ဗိုလ်မှူးချုပ်” ဟု ပြင်ဆင်ဖော်ပြလိုက်ပါသည်)

Show More

Related Articles

Back to top button