ဆောင်းပါး

အုပ်ချုပ်ရေးမှူးများ နတ္ထိကုန်ပြီဖြစ်တဲ့ ရန်ကုန်က ခရမ်းမြို့

စစ်အခြေစိုက်စခန်းပေါင်း ၁၀၀ ကျော် ဝန်းရံထားသည့် မြို့တော်ရန်ကုန်နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် ရန်ကုန်တောင်ပိုင်းခရိုင်တွင်းရှိ ခရမ်းမြို့နယ်တွင် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ကုန်သဖြင့် စစ်ကောင်စီက​ ၎င်းတို့အာဏာစက် သက်ရောက်ရန် ရုန်းကန်နေရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၁၅ ရက်အတွင်း နုတ်ထွက်ကြရန် ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PDF – Kayan) က အောက်တိုဘာလဆန်းပိုင်းတွင် သတိပေးစာထုတ်ပြန်ခဲ့သည်။ ထို့နောက်ပိုင်းမှစ၍ အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်ကြခြင်းဖြစ်သည်။ 

ဒေသခံများ၏ Facebook လူမှုကွန်ရက်စာမျက်နှာများအပါအဝင် ဒေသခံအချို့နှင့် ခရမ်းမြို့နယ် PDF အဖွဲ့ခေါင်းဆောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားချက်များအရ ယခုလအတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအားလုံးနီးပါးတွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လက်နက်ကိုင်ခုခံတော်လှန်မှုများ စတင်ပေါ်ထွက်လာချိန်မှစ၍ အာဏာသိမ်းစစ်ကောင်စီအောက်တွင် အမှုထမ်းနေကြသော မြို့နယ်နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရသည်။ 

အုပ်ချုပ်ရေးမှူးများသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ လှုပ်ရှားမှုများကို စစ်ကောင်စီထံ သတင်းပေးခြင်း၊ ဧည့်စာရင်းတိုင်ကြားစေခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်း စသည့် အောက်ခြေအဆင့်ထိ ပြည်သူလူထုကို ဖိနှိပ်ရေးလုပ်ငန်းများတွင် အလိုတူအလိုပါဖြစ်နေသည့်အတွက် ထိုသို့ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခံနေရခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူးများသည် အရပ်သားများဖြစ်သည့်အတွက် သတ်ဖြတ်ဖို့ ညွှန်ကြားထားခြင်း မရှိကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် စစ်‌ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ကူညီနေသူများဖြစ်သည့်အတွက် အကြမ်းဖက်ဆိုင်ရာဥပဒေနှင့် ငြိစွန်းနေရာ တော်လှန်ရေးပြီးဆုံးချိန်တွင် ဥပဒေအရ ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်‌ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို ပြောသည်။

သို့သော် အုပ်ချုပ်ရေးထက် ကျော်လွန်ပြီး စစ်ရေးကိစ္စရပ်များတွင် ပါဝင်သည့် အုပ်ချုပ်ရေးမှူးများကိုမူ စစ်ရေးအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ 

“အုပ်ချုပ်ရေးမှူးမဟုတ်တော့ဘဲ စစ်ရေးဆိုင်ရာကိစ္စတွေမှာ ပြုလုပ်နေသူများရှိပါတယ်။ စစ်ရေးကိစ္စရပ်တွေမှာ တချို့ဆိုလို့ရှိရင် လက်နက်ကိုင်ပြီးခြိမ်းခြောက်တာ အနိုင်ကျင့်တာမျိုးအထိပါ လုပ်လာတယ်၊ ဒါမှမဟုတ်လည်း စစ်ရေးသတင်းပေးပုံစံမျိုး၊ Spy ပုံစံမျိုး လုပ်လာတာမျိုးတွေရှိတယ်။ ဒီလိုစစ်ရေးကိစ္စတွေ ပါဝင်လာရင်တော့ နိုင်ငံတကာက စစ်ရေးဆိုင်ရာဥပဒေနဲ့အညီတော့ PDF ကလည်း တပ်မတော်တစ်ခုဖြစ်တဲ့အခါကျတော့ စစ်ရေးကိစ္စတွေအတိုင်း လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

“အသက်အန္တရာယ်စိုးရိမ်ရပါသဖြင့်”

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်မှတ်တမ်းအရ လူဦးရေ နှစ်သိန်းနီးပါး နေထိုင်သည့် ခရမ်းမြို့နယ်သည် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှုမြင့်သည်ဟု ဖော်ပြထားသည်။ မုတ္တမပင်လယ်ကွေ့၊ ပဲခူးတိုင်း ကဝမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသလို ရန်ကုန်သို့ ဝင်ပေါက်ဖြစ်သည့် သန်လျင်မြို့နှင့်လည်း တစ်ဆက်တည်းတည်ရှိနေသည့် မြို့နယ်ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခရမ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၅၃ ခုရှိပြီး၊ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်တစ်ခု ထပ်တိုးထားသည်ဟု သိရသည်။ ထိုရပ်ကွက်များနှင့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူးအများစု နုတ်ထွက်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

“လဆန်းပိုင်း (အောက်တိုဘာ) မှာ ကျွန်တော်တို့မြို့ပေါ်က အုပ်ကြီးတွေ အကုန်နုတ်ထွက်တာတော့ ဟုတ်တယ်ဗျ။ ရွာတွေမှာ ဘယ်လောက်နုတ်ထွက်လဲတော့ သေချာမသိဘူး။ အဲဒီရက်က မြို့ပေါ်ရော ရွာကော ၃၀ လောက် နုတ်ထွက်ကြတယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ခရမ်းမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

နုတ်ထွက်စာတင်ခဲ့သည့် အုပ်ချုပ်ရေးမှူး အယောက် ၆၀ ဝန်းကျင်တွင် ထက်ဝက်ခန့်မှာ မိသားစုကိုပါ အသက်အန္တရာယ်ခြိမ်းခြောက်ခံရသဖြင့် ရာထူးစွန့်ခြင်းဖြစ်သည်ဟု ခရမ်းမြို့နယ်နှင့်ဆိုင်သော အကြောင်းအရာများကို စုစည်းဖော်ပြနေသည့် Khayan Channel အမည်ရ Facebook စာမျက်နှာတွင် တွေ့ရှိရသည်။

ခရမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စုကြီးတစ်ခုဖြစ်သော ကမာကလူမှ ယာယီအုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး၏ နုတ်ထွက်စွာတွင် “မိသားစု၏ အသက်အန္တရာယ် စိုးရိမ်ရပါသဖြင့် နုတ်ထွက်ခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါသည်” ဟု ရေးသားထားသည်။ 

ကျန်းမာရေးအကြောင်းပြချက်ဖြင့် နုတ်ထွက်စာတင်သည့် အုပ်ချုပ်ရေးမှူးများလည်း ရှိနေသည်။ ခရမ်းမြို့နယ် လှဘီလူးကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူး ဦးတင့်ဆွေက အောက်တိုဘာ ၁၃ ရက်စွဲဖြင့် တင်ခဲ့သည့် နုတ်ထွက်စာတွင် “ကျန်းမာရေအနေအထားကြောင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုပါရန် တင်ပြအပ်ပါ သည်” ဟု ရေးသားထားသည်။

ခရမ်း PDF အနေဖြင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို မည်ကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်သွားမည်ကို မပြောသော်လည်း စစ်ကောင်စီလက်အောက်တွင် ဆက်လုပ်နေပါက သစ္စာဖောက်ဒလန်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ခရမ်း PDF ခေါင်းဆောင်က ဆိုသည်။

“ဆက်လုပ်မယ်ဆိုရင် ပြည်သူ့သစ္စာဖောက်ဒလန်များအဖြစ် သတ်မှတ်မှာပါ၊ ပြည်သူ့သစ္စာဖောက်ဒလန်အဖြစ် သတ်မှတ်တယ်ဆိုလို့ရှိရင်တော့ ဒလန်တွေရဲ့ သွားရာလမ်းအတိုင်း ပြည်သူတွေရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်ရမှာပါ” ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးသည် အခြေခံအကျဆုံးအုပ်ချုပ်ရေးယန္တရားဖြစ်သည့်အတွက် ထိုယန္တရားလည်ပတ်အောင် လုပ်ပေးနေသည့် အုပ်ချုပ်ရေးမှူးများကို သတိပေးခြင်းဖြစ်ကြောင်း၊ ထိုယန္တရားတွင် ပါဝင်နေသည့် ရပ်ကျေးစာရေးများကိုလည်း အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး လုပ်ငန်းတာဝန်များရပ်ဆိုင်းဖို့ နုတ်ထွက်ခြင်းသို့မဟုတ် CDM လုပ်ကြဖို့ သတိပေးထားသည်ဟု သူက ဆက်ပြောသည်။

ဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက် စစ်ကောင်စီပြုတ်ကျရေး ဦးတည်လှုပ်ရှားနေရသည့်အတွက် ၎င်း၏ အမည်ကိုမူ ထုတ်ဖော်ပြောဆိုလိုခြင်း မရှိဟု ခရမ်း PDF ခေါင်းဆောင်က ဆိုသည်။

ခရမ်း PDF အနေဖြင့် စစ်ရေးပစ်မှတ်များကိုသာ အဓိကထားတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟုဆိုပြီး မည်သည့်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ကိုမူ ၎င်းက ဖြေကြားခြင်းမပြုခဲ့ပေ။ သို့‌သော် ခရမ်းမြို့နယ်အတွင်း မေလအတွင်းက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသူတစ်ဦးရှိပြီး၊ သြဂုတ်လအတွင်း က ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ဦးဝင်းခိုင်နှင့် ရေတပ်ဗိုလ်ကြီးတစ်ဦး၊ ထို့ပြင် စက်တင်ဘာလအတွင်း အုပ်ချုပ်ရေးမှူးတစ်ဦးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ခရမ်း PDF နှင့် မည်မျှပတ်သက်သည်ကို ခရမ်း PDF တာဝန်ခံက ဖြေကြားခြင်းမရှိပေ။၊ 

ခရမ်း PDF သည် လွန်ခဲ့သည့် စက်တင်ဘာလလယ်ပိုင်းတွင် မြို့နယ်အားကစားရုံအနီး တပ်စွဲထားသည့် စစ်တပ်စစ်ဆေးရေးစခန်းကို လက်ပစ်ဗုံးဖြင့် သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသော်လည်း PDF ဘက်မှ နှစ်ဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံခဲ့ရသည်။ ထိုဖြစ်စဉ်အနှစ်ချုပ်ကို ခရမ်း PDF က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ 

ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးယန္တရား ပြိုလဲသွားသည်အထိ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။

အာဏာသိမ်းစစ်ကောင်စီအောက်တွင် တာဝန်ထမ်းဆောင်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းပြီး တစ်လခန့်အကြာ အောက်တိုဘာလဆန်းပိုင်းတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းရှိ ဒေသအချို့တွင် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူး ၈၀ ထက်မနည်း နုတ်ထွက်ခဲ့သည်။ 

Myanmar Now ၏ စုစည်းထားသည့် အချက်အလက်များအရ နိုင်ငံတစ်ဝန်း လုပ်ကြံသတ်ဖြတ်ခံရခြင်းကြောင့် သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးပေါင်း ၁၁၀ကျော်ရှိပြီး စစ်ကိုင်းတိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံရမှုအများဆုံးဖြစ်သည်။ စစ်ကောင်စီ၏ စက်တင်ဘာလအတွင်းသတင်းထုတ်ပြန်ချက်တွင် ဩဂုတ်လကုန်အထိ မြို့နယ်နှင့် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူး ၁၀၂ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ယခုနှစ် ဇွန်လက လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ရန်ကုန်လှိုင်သာယာမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးလှဦး။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အုပ်ချုပ်ရေးမှူးများအတွက် အာဏာသိမ်းစစ်ကောင်စီက တစ်ဦးလျှင် ကျပ်ငါးသိန်းစီ သတ်မှတ်ကာ ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခဲ့ကြောင်း ဇွန် ၁၂ ထုတ် စစ်ကောင်စီ၏ သတင်းစာများတွင် ဖော်ပြထားသည်။ နောက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးများစွာလုပ်ကြံသတ်ဖြတ်ခံရပြီး လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများအတွက် စစ်ကောင်စီက ငွေကြေးထောက်ပံ့ခြင်းများ ဆက်လက်လုပ်ဆောင်ခြင်းရှိမရှိကိုမူ မသိရပေ။

အုပ်ချုပ်ရေးမှူးများအပြင် စစ်တပ်၏ ဒေါက်တိုင်ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် စစ်တပ်ကို သတင်းပေးဟု ယူဆခံရသော စစ်မှုထမ်းဟောင်းများ၊ စစ်တပ်၏ ခါးပိုက်ဆောင်အဖွဲ့သဖွယ် လွန်ခဲ့သည့်နှစ်များက လှုပ်ရှားခဲ့သည့် မဘသအဖွဲ့ဝင်များပါ နိုင်ငံတစ်ဝန်း ပစ်မှတ်ထားလုပ်ကြံခံနေရသည်။ 

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ခဲ့သည့် ခရမ်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းကာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ယာယီ) ဖွဲ့စည်းကာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရား အစားထိုးမည်ဟု အောက်တိုဘာ ၁၂ တွင် ခရမ်းမြို့နယ် PDF က ကြေညာသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မည်သို့ပုံဖော်သွားမည်ကို NUG နှင့် ခရမ်း PDF တို့က အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ထိုအုပ်ချုပ်ရေးအဖွဲ့တွင် ရပ်မိရပ်ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ PDF အဖွဲ့ဝင်များနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အစိုးရဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများ၊ တရားရေးနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ပထမဆုံးဖြိုလှဲနိုင်ခဲ့သည့် မြို့နယ်ဖြစ်သည်ဟု ခရမ်း PDF ခေါင်းဆောင်က ကြွေးကြော်သည်။  

“စစ်ကောင်စီက အစားထိုးခန့်အပ်တဲ့ တစ်ယောက်နှစ်ယောက်လောက်ရှိနေပေမဲ့ ရပ်ကျေးအုပ်ချုပ်ရေးယန္တရားကတော့ ရာနှုန်းပြည့် ရပ်တန့်သွားပြီဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ 

ခရမ်းမြို့နယ်တွင် NUG နှင့် PDF က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာပြီးနောက် အောက်တိုဘာ ၁၇ တွင် စစ်ကောင်စီ၏ ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် ရောက်ရှိလာပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

ဗိုလ်မှူးကြီးဝင်းတင့် လာရောက်စဉ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေးကိစ္စများကို မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ဖော်ပြခြင်း မရှိပေ။

နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်သည့် ရုပ်သံမှတ်တမ်းအရ အရပ်သားဟု ယူဆရသည့် ၃၀ ခန့်သော လူတစ်စုနှင့် ဗိုလ်မှူးကြီးဝင်းတင့်တို့ တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။ 

ထို့နောက်တွင် ခရမ်းမြို့အတွင်း၌ စစ်ကောင်စီက လုံခြုံရေးအထူးတင်းကျပ်လာပြီး အချက်အချာကျရာ နေရာတိုင်းတွင် ကင်းစခန်းများချကာ ရှာဖွေစစ်ဆေးနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံအမျိုးသားက ပြောသည်။

“ရွာဘက်တွေမှာကော နေ့တိုင်း ဟိုလူ့ဝင်ဖမ်းသွားပြီ၊ ဒီလူ့ဝင်ဖမ်းသွားပြီဆိုတာ ကြားနေရတာပဲ။ မြို့မှာဆိုရင်တော့ စစ်ကားနဲ့ ပတ်နေတာလည်း တွေ့ရတယ်။ မြို့ဝင်ဂိတ်တွေကိုလည်း ပိတ်ပြီး စစ်နေတယ်”ဟု ၎င်းက ပြောသည်။

ထောက်ခံစာ ပြန်အသက်သွင်းခြင်း

ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းမသွားစေရန် စစ်ကောင်စီဘက်က အပြင်းအထန်ဖိအားပေးနေပြီး အုပ်ကြီးရာထူးယူကာ စစ်ကောင်စီအတွက် တိုးတိုးတိတ်တိတ်အလုပ်လုပ်ပေးနေသူအချို့ပင် ရှိလာသည်ဟု ခရမ်း PDF ခေါင်းဆောင်က ဆိုသည်။ 

သို့သော် အများသိ ထုတ်ဖော်ပြောဆို လုပ်ကိုင်ခြင်းမျိုးမဟုတ်၍ စစ်ကောင်စီလက်အောက်တွင် ပြန်လည်တာဝန်ထမ်းဆောင်နေသူ မည်မျှရှိမည်ကို မခန့်မှန်းနိုင်သေးကြောင်း ၎င်းက ပြောသည်။

ခရမ်း PDF ခေါင်းဆောင်နှင့် မြို့ခံအချို့၏ အဆိုအရ စစ်ကောင်စီက ထောက်ခံစာနည်းလမ်းအားဖြင့်  အုပ်ချုပ်ရေးယန္တရားကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေကြောင်း၊ ခရီးသွားထောက်ခံစာယူလိုလျှင် အုပ်ချုပ်ရေးမှူးရှိမှဖြစ်မည်ဆိုသော အခြေအနေကို ဖန်တီးနေသည်ဟု ဆိုသည်။ 

နုတ်ထွက်ပြီးနောက် အုပ်ချုပ်ရေးမှူးပြန်မလုပ်တော့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်းရှိသည်။ ထို့ကြောင့် အဆိုပါရပ်ကွက်များမှ ဒေသခံများအနေဖြင့် ထောက်ခံစာလုပ်မရဖြစ်နေသော်လည်း စစ်ဆေးသည့် စစ်ကောင်စီတပ်သားများက ထောက်ခံစာပါမှသာ သွားလာခွင့်ပြုနေသည်။

“ ခရီးသွားမှာကို ထောက်ခံစာမပါလို့ ဆိုပြီး(အစောင့်စစ်သားတွေက) သွားလို့ မရဘူးလို့ ပြောတယ်။ မှတ်ပုံတင်ပြလည်း မရဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိလို့ ထောက်ခံစာလုပ်လို့မရလို့ပါဆိုလည်း ပြောလို့မရဘူး” ဟု ခရမ်းမြို့ခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

ခရမ်းမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလှမ်းများအပေါ် မည်သို့တုံ့ပြန်ဆောင်ရွက်မည်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မည်သို့ဖော်ဆောင်မည်ကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း ကိုယ်ပိုင်လုံခြုံရေးနှင့် တရားစီရင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ခြေလှမ်းထားပြီးဖြစ်သည့် ကရင်နီပြည်နယ်ကဲ့သို့ ဖြစ်လာရန် မျှော်မှန်းပြင်ဆင်နေသည်ဟု ခရမ်း PDF ခေါင်းဆောင်က ဆိုသည်။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီး ခြောက်လကျော်အကြာ ဩဂုတ်တွင် CDM ရဲဝန်ထမ်း ၃၀၀ ကျော်ရှိသည့် ကယားပြည်နယ်၊ ယင်းနှင့် အနီးတစ်ဝိုက် ကရင်နီလူမျိုးများနေထိုင်ရာ ဒေသများ၌ ကရင်နီရဲတပ်ဖွဲ့ထူထောင်နိုင်ခဲ့ခြင်းကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

“ဒါပေမဲ့​ ကျွန်တော်တို့ တစ်မြို့တည်းနဲ့ လုပ်လို့တော့ မရနိုင်ဘူး။ ခရမ်းကို နမူနာယူပြီး ရန်ကုန်က တခြားမြို့နယ်တွေက အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ပြီး အားလုံးပူးပေါင်းဆောင်ရွက်စေချင်တယ်။ တစ်မြို့နယ်တည်းက လှုပ်ရင် အဲဒီတစ်မြို့နယ်တည်းကိုပဲ ဖိတာမျိုးတွေဖြစ်နိုင်ပါတယ်” ဟု ခရမ်း PDF ခေါင်းဆောင်က ပြောသည်။ 

ရန်ကုန်တိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနုတ်ထွက်မှုတွင် ခရမ်းမြို့နယ်ပြီးနောက် ၎င်းနှင့်ကပ်လျက် သုံးခွမြို့နယ်တွင်လည်း အစုလိုက်အပြုံလိုက်နုတ်ထွက်နေကြသည်။ သုံးခွမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော် နုတ်ထွက်ထားပြီး စစ်ကောင်စီအနေဖြင့် ခရမ်းမြို့နည်းတူ ထောက်ခံစာအကြောင်းပြ၍ အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းနိုင်ရန် ကြိုးပမ်းနေသည်။ မကွေးတိုင်းအတွင်း ရေစကြိုနှင့် ယောဒေသ၊ ပဲခူးတိုင်းအတွင်းက ရေစကြိုမြို့နယ်၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ မြောင်၊ ပုလဲနှင့် ယင်းမာပင်မြို့နယ်တို့တွင်လည်း အုပ်ချုပ်ရေးမှူးများ နုတ်ထွက်နေကြသည်။ 

အုပ်ချုပ်ရေးမှူးအများအပြားနုတ်ထွက်ခြင်းသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အကြီးအကျယ်အဟန့်အတားစေဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်က ဆိုသည်။ 

“အုပ်ချုပ်ရေးမှူးတွေအနေနဲ့ကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးတည်ဆောက်မှုပုံစံမှာ တကယ့်ကို အခြေခံအကျဆုံးယူနစ်ဖြစ်ပါတယ်။ အခု ဒီရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနုတ်ထွက်လာတော့ စစ်တပ်အုပ်ချုပ်ရေးယန္တရားကို လုံးဝအပြီးသတ်ရှင်သန်လို့မရတော့အောင်အထိ ဖြစ်စေမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button