သတင်း

ရေတာရှည်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၀ ကျော် ထွက်စာတင်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (YPDF) က ဒေသတွင်း အုပ်ချုပ်ရေးမှူးများကို အောက်တိုဘာလကုန် နောက်ဆုံးထားနုတ်ထွက်ကြရန် သတိပေးပြီးနောက်တွင် ထွက်စာတင်ကြသူ အုပ်ချုပ်ရေးမှူး ၄၀ ကျော် ရှိလာသည်ဟု သိရသည်။ 

အောက်တိုဘာ ၃၁ နောက်ဆုံးထားနုတ်ထွက်ရန် ကျည်ဆန် ၃ တောင့်ပုံဖြင့် သတိပေးစာကို အောက်တိုဘာ ၁၅ ရက်နေ့က လူမှုကွန်ရက်တွင် တင်ခဲ့ပြီးနောက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ကျန်းမာရေးအကြောင်းပြ၍ ထွက်စာတင်ကြခြင်း ဖြစ်သည်။

အောက်တိုဘာနောက်ဆုံးပတ် ထွက်စာတင်သူများအနက် နေပြည်တော်နှင့် ၄၆ မိုင် (၇၄ ကီလိုမီတာ) ကွာဝေးသော ရေတာရှည်မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး၊ မြို့ပေါ်ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးပါဝင်ပြီး အများစုမှာ ကျေးလက်ဒေသများမှ ဖြစ်သည်။  

စစ်ကောင်စီလက်အောက် ဆက်လုပ်နေသည့် အုပ်ချုပ်ချုပ်ရေးမှူးများကို စောင့်ကြည့်နေသည်ဟု ရေတာရှည် PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။  

“ကျွန်တော်တို့ အနှေးနဲ့အမြန် မြို့ပေါ်ရောက်လာမယ်။ မြို့ပြပြောက်ကျားတွေ ဖော်တော့မယ်။ သတိပေးချင်တာကတော့ သူ့တို့အနေနဲ့ သူတို့မိသားစုတွေရဲ့ အသက်ပါ အာမခံမပေးနိုင်တဲ့အကြောင်းပါ” ဟု အမည်မဖော်လိုသည့် ထိုအမျိုးသားက ဆိုသည်။

“နုတ်ထွက်တာက ပြည်သူတွေဘက် ပါလာလို့ ကျေးဇူးလည်း တင်တယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ အလုပ်ပြန်လုပ်နေမယ်ဆိုရင် သာဓကအနေနဲ့ ပြင်းပြင်းထန်ထန်အပြစ်ပေးရလိမ့်မယ်”

နုတ်ထွက်ကြောင်းကြေညာပြီး အလုပ်ဆက်လုပ်နေသူများစာရင်းကိုလည်း ပြုစုနေကြောင်း ၎င်းက ဆိုသည်။

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၇ ခု၊ ကျေးရွာအုပ်စုပေါင်း ၄၈ ခု၊ ကျေးရွာ ၂၉၅ ရွာ ရှိသည်။ ဆွာ၊ မြို့လှ၊ ရေနီတို့မှာလည်း ရေတာရှည်မြို့နယ်တွင် တည်ရှိသည့် မြို့များဖြစ်သည်။ 

စစ်အုပ်စုအခိုင်းခံ အုပ်ချုပ်ရေးမှူးအလိုမရှိကြောင်း သာဂရကျေးရွာအုပ်စုဒေသခံများ ဆန္ဒပြနေသည်ကို ဖေဖော်ဝါရီ ၂၄ က တွေ့ရစဉ်။ (ဓာတ်ပုံ-CJ) 

လစ်လပ်နေသည့် အုပ်ချုပ်ရေးမှူး ၄၀ ကျော်နေရာတွင် စစ်ကောင်စီက လူစားထိုးခန့်မည်ဟု သိရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရေတာရှည်ဒေသခံတစ်ဦးက ပြောသည်။

“အခု လောလောဆယ်တော့ အစားထိုးခန့်တာ မရှိသေးဘူး။ နောက်ကျရင်တော့မသိဘူး။ အစားထိုးခန့်မယ်လို့ သတင်းကြားတယ်။ အခု နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေကလည်း ထောက်ခံစာတွေ မလုပ်ပေးကြတော့ဘူး” ဟု ၎င်းက ဆိုသည်။ 

အုပ်ချုပ်ရေးမှူးထောက်ခံစာသည် ဒေသတွင်း ခရီးသွားလာရေး၊ ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင်ရွက်ရသည့် စာရွက်စာတမ်းဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်လေ့ရှိသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ သတင်းပေးတိုင်တန်းမှုများကြောင့် ရေတာရှည်မြို့နယ်အတွင်း ဆန္ဒပြသူများအပြင် PDF ဟု စွပ်စွဲခံရသူများ အဖမ်းခံရသည်ဟု အထက်ပါဒေသခံက ပြောသည်။ 

ဖေဖော်ဝါရီ ၂၄ တွင် ရေတာရှည်မြို့နယ်၊ သာဂရကျေးရွာအုပ်စု၌ စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဒေသခံများက ကန့်ကွက်ဆန္ဒပြမောင်းထုတ်ခဲ့သည်။  

နုတ်ထွက်စာတင်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ 

PDF အဖွဲ့များ၏ သတိပေးမှုများကြောင့် မကြာသေးမီက ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ထီးချိုင့်မြို့နယ်များတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူး ထွက်စာတင်မှုများကို သတင်းအမှောင်ချထားသည်။ PDF များကိုလည်း အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button