သတင်း

မြန်မာစစ်ကောင်စီကို ထောက်ထားမှုလုံးဝမပြခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး 

မြန်မာနိုင်ငံကိုယ်စားပြုသူ မပါဝင်သည့် အာဆီယံထိပ်သီးအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ယနေ့ (အောက်တိုဘာ ၂၆) စတင်ကျင်းပရာ ယနေ့ဆွေးနွေးမှုအပြီး ထုတ်ဖော်ပြောဆိုချက်များအရ အာဆီယံခေါင်းဆောင်များက မြန်မာစစ်ကောင်စီအပေါ် ထောက်ထားသက်ညှာဟန် မပြခဲ့ကြပေ။

အောက်တိုဘာ ၂၈ အထိ ကျင်းပပြုလုပ်သွားမည့် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီးတွင် စစ်ကောင်စီကို ဆက်လက်ဖိအားပေး အရေးယူနိုင်ရေး မည်သို့သောရလဒ်မျိုးထွက်ပေါ်လာမည်ကို ခန့်မှန်းရခက်သော်လည်း ယနေ့တွင် စစ်ခေါင်းဆောင်များဘက်မှ ရပ်တည်ထောက်ခံဆွေးနွေးသူ မရှိခဲ့ပေ။ 

ထိပ်သီးအစည်းအဝေးတွင် မြန်မာမပါဝင်ခြင်းသည် အာဆီယံအပြစ်မဟုတ်ဘဲ မြန်မာဘက်က သူ့အခွင့်အရေးသူစွန့်လွှတ်ခဲ့ခြင်းသာဖြစ်သည်ဟု ယနေ့ အာဆီယံထိပ်သီးအစည်းအဝေးတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောဆိုခဲ့သည်။

“မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး” ဟု လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။ 

လက်ရှိအနေအထားအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာကိုယ်စားပြုသူမရှိဖြစ်ပေါ်လာနိုင်ကြောင်း၊ ဤသည်မှာ အာဆီယံက လုပ်ဆောင်ခြင်းမဟုတ်ဘဲ မြန်မာစစ်ခေါင်းဆောင်များဘက်က တာဝန်ရှိမည့်အနေအထားလည်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ 

အဖွဲ့ဝင်နိုင်ငံများကြား ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကိုင်စွဲထားသည့် အာဆီယံသမိုင်းတွင် မြန်မာစစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ရောက်ခွင့်မပြုသည့် ရှားရှားပါးပါးဆုံးဖြတ်ချက်အပေါ် အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာက ထောက်ခံအားပေးခဲ့သော်လည်း မြန်မာစစ်ကောင်စီက ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည်။

အာဆီယံအစည်းအဝေးတက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ကို ဖိတ်ကြားခဲ့ခြင်းသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံ့အကြီးအကဲ့ သို့မဟုတ် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဖိတ်ကြားမှသာ လက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ညတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နိုင်ငံတကာဖိအားများလာချိန် ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာ့အရေးကြားဝင်ဆောင်ရွက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အာဆီယံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးကျင်းပခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည့် ထိုအာဆီယံအရေးပေါ်အစည်းအဝေးတွင် ဖမ်းဆီးအကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရေး စသည့် အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။ 

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့စဉ်။ (ဓာတ်ပုံ − EPA/EFE) 

သို့သော် မကြာသေးမီက မြန်မာသို့ လာရောက်ရန် စီစဉ်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အစရှိသောသူများနှင့် ပေးမတွေ့နိုင်ကြောင်း စစ်ကောင်စီက တုံ့ပြန်ခဲ့သဖြင့် ထိုအာဆီယံသဘောတူညီချက်များ ရှေ့မရောက်ဖြစ်ခဲ့သည်။ 

အကျိုးဆက်အားဖြင့် အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်ဖြစ်ထွန်းမှုအားနည်းသည်ဆိုကာ ထိပ်သီးအစည်းအဝေးသို့ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးဦးကိုသာ ဖိတ်ကြားရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့်မပေးရန် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း၏ ဆုံးဖြတ်ချက်ကို အပြည့်အဝထောက်ခံကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri က ယနေ့အစည်းအဝေးအပြီးတွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။ 

မြန်မာစစ်တပ်အနေဖြင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် အမြန်ဆုံး ပြည့်ပြည့်ဝဝပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးကလည်း ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားထားသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း စင်ကာပူနိုင်ငံက အစောပိုင်းကတည်းက ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုရက်ပိုင်းတွင်လည်း အမေရိကန်ထိပ်တန်းအရာရှိများကို လက်ခံတွေ့ဆုံကာ မြန်မာစစ်ကောင်စီကို ဖိအားပေးအရေးယူနိုင်ရေး ဆွေးနွေးမှုများရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို တရားဝင်ခေါင်းဆောင်များအဖြစ် သဘောထားရှိကြောင်း၊ အာဏာသိမ်းစစ်တပ်ကို အစိုးရတစ်ရပ်အနေဖြင့် အသိအမှတ်မပြုနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ယမန်နေ့တွင် Nikkei Asia သတင်းဌာနက ရေးသားခဲ့သည်။ 

ထို့ပြင် အာဆီယံ၏ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ပြဿနာများကို မဖြေရှင်းဘဲ ဖုံးကွယ်ထားရာတွင် တံတိုင်းအဖြစ် မကျင့်သုံးသင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးအပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောဆိုခဲ့သည်ဟု Nikkei သတင်းက ဆိုသည်။ 

ယနေ့ စတင်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မြန်မာ့အရေးသည် ပြည်တွင်းရေးသက်သက်မဟုတ်တော့ဘဲ ဒေသတွင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာနေသည်ကို အာဆီယံနိုင်ငံများက သဘောပေါက်လာပြီဖြစ်ကြောင်း၊ “မြန်မာ့အရေးကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တာက အာဆီယံရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေ” ကြောင်း ၎င်းက ဆိုသည်။ 

“အာဆီယံခေါင်းဆောင်တွေရဲ့ အချက် ၅ ချက်ပါတဲ့ ဘုံသဘောတူညီချက်ကို (၆) လတာ ကာလအတွင်း စစ်ကောင်စီခေါင်းဆောင်က လုံးဝဂရုမစိုက်ဘူး၊ အကောင်အထည်ဖေါ်ဖို့လဲ စိတ်မဝင်စားဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသာထင်ရှားနေပြီဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ထိရောက်တဲ့ ဖိအားပေးမှုမရှိဘဲ စစ်ကောင်စီက ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ထိရောက်တဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုမျိုးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်”

“အာဆီယံအနေနဲ့လည်း နောက်တစ်ဆင့်တက်ပြီး စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို အသိအမှတ်မပြု၊ လက်မခံတဲ့အပြင် မြန်မာပြည်သူလူထုရဲ့ စစ်မှန်တဲ့ ဆန္ဒသဘောထားကို ကိုယ်စားပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စားလှယ်တွေကို အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပြုဖို့ လိုအပ်ပါတယ်” ၎င်းက ဆိုသည်။ 

ထို့ပြင် အာဆီယံနိုင်ငံများနှင့် NUG အမျိုးသားညီညွတ်ရေးအစိုးရတို့ ဆက်သွယ်မှုများရှိကြောင်း၊ NUG သည် မြန်မာပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး တိုင်းပြည်၏ ပြဿနာများအား မှန်မှန်ကန်ကန်ဖြေရှင်းချင်တဲ့ ဆန္ဒရှိသည်ကိုလည်း ထိုနိုင်ငံများက သဘောပေါက်နေပြီဟုလည်း ဦးမိုးဇော်ဦးက ဆိုသည်။ 

ယနေ့တွင် NUG အစိုးရက အာဆီယံနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဘိုလှတင့်ကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ နေထိုင်လျက်ရှိသည့် အသက် ၆၃ နှစ်အရွယ် ဦးဘိုလှတင့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မိတ်ဆွေတစ်ဦးလည်းဖြစ်ကာ ၁၉၉၀ ပြည့်နှစ်က ပေါ်ပေါက်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ 

၁၉၆၁ ခုနှစ်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းတွင် မြန်မာနိုင်ငံက စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၉၇ ခုနှစ်တွင် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ ရှိလင့်ကစား အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button