လူဦးရေလေးသိန်းကျော်၊ အိမ်ထောင်စု တစ်သိန်းခွဲကျော်ရှိသည့် ရန်ကုန်ကျူးကျော်ပြသနာသည် အစိုးရအတွက် ကြီးမားသည့်စိန်ခေါ်မှုလည်းဖြစ်သည်။
(ရန်ကုန်)- ရန်ကုန်နယ်နိမိတ်အတွင်းရှိ ကျူးကျော်များအတွက် ကာလရှည်အရစ်ကျပေးချေနိုင်သည့်တိုက်ခန်းများ ဆောက်လုပ်ရန်ရောင်းချရန် မြေနေရာရှာဖွေနေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကယမန်နေ့ (သြဂုတ် ၂၄) တွင်ပြောကြားလိုက်သည်။
“သူတို့(ကျူးကျော်တွေ)ကို ကျွန်တော်တို့ မေးပြီးပါပြီ။သူတို့က ၇သောင်း၊၁သိန်းလောက်ဆိုရင် ပေးနိုင်တယ်” ဟု ဝန်ကြီးချုပ်ကဆိုသည်။

ရန်ကုန်တိုင်းအစိုးရ၏ ဒုတိယတစ်နှစ်တာဆောင်ရွက်ချက်များကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ကျူးကျော်များအတွက် ၂၅နှစ်မှ နှစ်၃၀ထိ အရစ်ကျ စနစ်ဖြင့်ရောင်းချမည့်တိုက်ခန်းများအကြောင်း ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
လူဦးရေလေးသိန်းကျော်၊ အိမ်ထောင်စု တစ်သိန်းခွဲကျော်ရှိသည့် ရန်ကုန်ကျူးကျော်ပြသနာကို ဖြေရှင်းရန် အစိုးရဘက်က အမြဲစဉ်းစားနေရကြောင်းဝန်ကြီးချုပ်ကဆိုသည်။


ရင်းနှီးမြုပ်နှံမည့် ငွေကြေးပမာဏကြီးမားနိုင်သည့် အဆိုပါစီမံကိန်းအတွက် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူ စီးပွားရေးသမားများကို သေသေချာချာ စိစစ်ပြီး လက်ခံသွားမည် ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“ဒါဟာ နှစ်ရှည်ချေးငွေတစ်ခုနဲ့ နှစ် ၃၀လောက် ရင်းနှီးမြုပ်နှံရမှာဖြစ်ပါတယ်။ တဖြေးဖြေးပြန်ရမယ်။ အကျိုးလဲရှိမယ်။ဒါပေမယ့် ရင်းနှီးမြုပ်နှံမှုသေးသေးသမားကတော့ မလုပ်နိုင် ပါဘူး”ဟု ၎င်းက ဆိုသည်။


မြေနေရာဦးထားပြီး စက်မှုလုပ်ငန်းများ မလုပ်ကိုင်သည့် ရန်ကုန်စက်မှုဇုံများရှိ မြေကွက်လွတ်များတွင် စက်မှုလုပ်ငန်းများလုပ်ကိုင်ကြရန် ပိုင်ရှင်များအား တွန်းအားပေးသွားမည်ဟု ဝန်ကြီးချုပ်ကဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











