သတင်း

ဖယ်ခုံနှင့် မိုးဗြဲတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး 

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ယနေ့ (အောက်တိုဘာ ၂၄) နံနက်ပိုင်းတွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အခြားသူသုံးဦးလည်း ဒဏ်ရာရရှိထားသည်။

မိုးဗြဲမြို့၊ စည်ကား−၁ ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ အရွယ် ဒေါ်မူလွမ်းမှာ ယနေ့ နံနက်ပိုင်းတွင် ဦးခေါင်းကို လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ထို့ပြင် အသက် ၅၀ အရွယ် ဒေါ်မဲဆိုသူမှာလည်း ဝမ်းဗိုက်ကို ထိမှန်သဖြင့် အူပွင့်ထွက်ကာ လွိုင်ကော် ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ အသက် ၄၀ နှင့် ၅၀ ဝန်းကျင် အမျိုးသားနှစ်ဦးလည်း ဝမ်းဗိုက်တွင် ရှပ်ထိဒဏ်ရာများ ရရှိခဲ့သည်ဟု မိုးဗြဲလူမှုကယ်ဆယ်ရေး အသင်းဝင်တစ်ဦးက ပြောသည်။

“သူတို့က အိမ်ထဲကနေပြီးတော့ အိမ်ပြင်ထွက်တာထင်တယ်။ အဝေးကြီးတော့ မသွားလောက်ဘူး။ လက်နက်ကြီးက ဒီအတိုင်း အိမ်နားထိကျလာတာ” ဟု လက်နက်ကြီးထိမှန်ခဲ့ပုံနှင့် ပတ်သက်၍ ၎င်းက ပြောသည်။

ဦးခေါင်းကို လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် ဒေါ်မူလွမ်းနှင့် အထက်ပါ ဒဏ်ရာရသူ သုံးဦးအပြင် နံနက် ၁၁ ခွဲအချိန်၌ မိုးဗြဲ မြို့၊ စည်ကား−၃ ရပ်ကွက်တွင်လည်း အသက်တစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက်လေးနှစ်အရွယ် ယောက်ျားလေးတစ်ဦး လက်နက်ကြီးထိမှန်ခဲ့သည်ဟု သိရသည်။

မိန်းကလေးငယ်မှာ ညာဘက်လက်မောင်းနှင့် ယောက်ျားလေးမှာ ချိုင်းအောက်တွင် လက်နက်ကြီးစထိမှန်ခဲ့ခြင်းဖြစ်ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း အထက်ပါ လူမှုကယ်ဆယ်ရေးအသင်းဝင်ထံမှ သိရသည်။ 

ယနေ့ နံနက် ၈ နာရီခန့်မှစ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကာ မိုးဗြဲရေကာတာအနီးရှိ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးအသင်းဝင်က ဆိုသည်။ 

“သူတို့က PDF (ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေကို ထုတာထင်တယ်။ PDF တွေက မိုးဗြဲတစ်ဝိုက်မှာ ကင်းပုန်းနေတာသိတော့ ရမ်းထုတာ” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများလည်းရှိကာ အရေအတွက်အတိအကျ မသိရသေးကြောင်း မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးကလည်း Myanmar Now ကို ပြောသည်။ 

“PDF ရှိတယ်ထင်လို့ ရမ်းသန်းထုတာ။ သူတို့က လမ်းကြောင်းရှင်းတဲ့ပုံစံမျိုး။ သူတို့က သွားခါနီးဆို လက်နက်ကြီးထုတယ်။ ဘာမှမရှိဘူးဆိုရင် သူတို့သွားလိုက်တယ်။ အဲလိုမျိုး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေသည့် မိုးဗြဲမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ − PKPF) 

ယမန်နေ့မှစ၍ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံသို့ စစ်ကောင်စီတပ် က စစ်ကြောင်းထိုးလာနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က သတင်းထုတ် ပြန်ထားသည်။

မိုးဗြဲအခြေစိုက် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်ကောင်စီတပ်က အဆမတန်အင်အားဖြင့် ထိုးစစ်ဆင်လာနေသောကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သဖြင့် ပြည်သူများထွက်ပြေးတိမ်းရှောင်ကြရန် တိုက်တွန်းထားသည်။

အောက်တိုဘာ ၂၂ ရက် ညပိုင်းက မိုးဗြဲနှင့် ၁၁ မိုင်အကွာရှိ ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်းတစ်ခုဖြစ်သော ခမရ−၃၃၆ ကင်းစခန်းကို ဖယ်ခုံ PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ ၅ ဦး သေဆုံးပြီး သေနတ်ငါးလက်ကို PDF အဖွဲ့က သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီ၏ အဆိုပါကင်းစခန်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူများအနက် သုံးဦးမှာ စစ်ယူနီဖောင်းဝတ်အမျိုးသမီးများဖြစ်သည်ဟု သိရသည်။ 

ထိုသို့ ခြေမြန်တပ်ရင်း ကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ည ၂ နာရီဝန်းကျင်အထိ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ဖယ်ခုံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သည်။

ကယားပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံတွင် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ−၇) ရှိသည့်အပြင် ခမရ−၃၃၆၊ ခမရ−၄၂၁ နှင့် ခမရ−၄၂၂ ခြေမြန်တပ်ရင်းများလည်း အခြေစိုက်သည်။ 

ကယားပြည်နယ်တွင် တိုက်ပွဲများကြောင့် မြို့နယ် ၈ ခုမှ လူဦးရေ တစ်သိန်းလေးသောင်းကျော် စစ်ဘေး ရှောင်နေရကြောင်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်က ဆိုသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button