သတင်း

တန့်ဆည်၊ ကပေါင်းကျရွာကို စစ်တပ်က ၉ ကြိမ်ဝင်စီးပြီး မီးရှို့နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာတွင် တစ်ပတ်နီးပါးကြာ တပ်စွဲထားသည့် စစ်တပ်က ယနေ့ (အောက်တိုဘာ  ၂၃) နေ့လယ်မှစ၍ ရွာအတွင်း နေအိမ်များကို မီးရှို့လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

အင်အား ၁၀၀ ကျော်ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာမြောက်ဘက်ရှိ စစ်ဘေးရှောင်တို့ ခိုလှုံရာတဲများကို စတင်ဖျက်ဆီးသည်ဟု စစ်ဘေးရှောင်နေရသည့် ကပေါင်းကျရွာ ဒေသခံ အမျိုးသားတစ်ဦးက ယနေ့ ညနေတွင် Myanmar Now ကို ပြောသည်။ 

“ဒီနေ့အနေအထားကတော့ အခြေအနေမကောင်းဘူး။ အိမ်လည်း ဘယ်လောက်ပါလို့ ပါမှန်းမသိဘူး။ မီးခိုးက မပြတ်တမ်းကို ဖြစ်နေတာ”ဟု လတ်တလောအခြေအနေကြောင့် သတင်းတွင် အမည်မဖော်ပြစေလိုသော ထိုအမျိုးသားက ပြောသည်။

“၁၂ နာရီထိုးပြီးချိန်ကတည်းက ရှို့တာ။ မနက် ၉ နာရီခွဲ ၁၀ နာရီလောက်ကို ရွာ့အပြင် ထွက်ပြီး စစ်ဘေးရှောင်တဲတွေကို မီးရှို့ပြီးတော့မှ ရွာထဲကို အခုချိန်ထိအောင် မနားတမ်းရှို့တာပဲ။ မီးခိုးလုံးတွေ မြင်ရတုန်းပဲ”

စစ်ရှောင်တဲများ ဖျက်ဆီးခံရသဖြင့် ရွာသားတို့က ရွာနှင့် ပိုမိုအလှမ်းဝေးသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ရန် ကြိုးစားနေကြသည်။

ရွာကို အကြိမ်ကြိမ်မီးရှို့ခြင်း၊ စစ်ရှောင်စခန်းကို ဖျက်ဆီးခြင်းတို့နှင့် ပတ်သက်ပြီး မေးမြန်းရန် Myanmar Now က ယနေ့ညနေပိုင်းတွင် ကြိုးစားသော်လည်း အာဏာသိမ်းစစ်ကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖုန်းဖြေကြားခြင်း မရှိပေ။

ကပေါင်းကျဖြစ်ရပ်များကို စစ်ကောင်စီက သတင်းအမှောင်ချထားဆဲဖြစ်သည်။

နေအိမ်များမီးရှို့ခြင်းမှာ လက်နက်ကိုင်အန်တုသူတို့ ခြေကုပ်မယူနိုင်စေရန် စစ်ကောင်စီက ပြုလုပ်လေ့ရှိသည့် အစီအစဉ်တစ်ခုဖြစ်သည်ဟု လေ့လာသူတို့က ပြောသည်။

Google မြေပုံတွင် တွေ့ရသည့် ကပေါင်းကျရွာနှင့် အနီးဝန်းကျင်မြို့များ

ကပေါင်းကျကို စစ်ကောင်စီတပ်က ၉ ကြိမ်မြောက် ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ဒေသခံများ တိမ်းရှောင်နေရသည်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သည်။  

ကပေါင်းကျရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အနီးအနားမြို့နယ်များမှ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက တိုက်ခိုက်ရန် ကြိုးပမ်းနေသည်ဟု တန့်ဆည်မြို့ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

“နယ်မြေရှင်းလင်းရေးသဘောမျိုး လာတာနေမှာပေါ့။ အဲ့ဒီမှာ ကပေါင်းကျကို ဝင်မွှေတယ်။ မွှေတဲ့အခါမှာ ဒေသခံ PDF တွေနဲ့ တခြားမြို့နယ်တွေက PDF တွေပေါင်းပြီးတော့ ဝိုင်းထားတယ်။ ၄ ရက်တိတိ ဝိုင်းတဲ့အခါ သူတို့က ခံစစ်ကို အကျအနပြင်ထားတဲ့အတွက် ကျွန်တော်တို့က ထိုးစစ်ဆင်လို့မရဘူး” ဟု ထိုအမျိုးသားက ပြောသည်။ 

“ကျွန်တော်တို့က နောက်ဆုတ်ပြီးတော့ တပ်ဆုတ်လိုက်တယ်။ သူတို့က ကျွန်တော်တို့ ဝိုင်းထားတယ် ထင်ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တာ” 

ကပေါင်းကျရွာကို ယမန်နေ့ (အောက်တိုဘာ ၂၂) ညနေပိုင်းက စစ်ရဟတ်ယာဉ် ရောက်လာသည်ဟု သိရသည်။

“(ညနေ) ၃ နာရီခွဲလောက်က လာပြီး လက်နက်ကြီးပို့သွားတာ။ ၄ နာရီခွဲလောက်ကျတော့ ခဲယမ်းမီးကျောက် ချသွားတာ။ သူတို့ပြန်သွားပြီးနောက်ပိုင်းကတည်းက လက်နက်ကြီးတွေနဲ့ ထုတော့တာ။ (ရဟတ်ယာဉ်က) စာသင်ကျောင်း၊ ဘောလုံးကွင်းထဲ ဆင်းတာ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။ 

သြဂုတ် ၂၆ တွင် ၇ ကြိမ်မြောက် ဝင်ရောက်စီးနင်းစဉ် ၄ ရက်ကြာတပ်စွဲသည့် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ခြင်း၊ ရိုက်နှက် ဖျက်ဆီး မွှေနှောက်ခဲ့ပြီးဖြစ်သည်။ အနည်းဆုံး ကပေါင်းကျရွာ ဒေသခံ ၆ ဦး အသတ်ခံခဲ့ရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် အောက်တိုဘာလဆန်းပိုင်းတည်းက စတင်လုပ်ဆောင်နေသည်။ 

ထိုစစ်ဆင်ရေးကို “အနော်ရထာ” ဟု အမည်ပေးထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button