သတင်း

ဖယ်ခုံတွင် စစ်တပ်ကင်းစခန်း တိုက်ခံရပြီး စစ်သမီးများအပါအဝင် ၅ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ-၃၃၆ (ခြေမြန်တပ်ရင်း) ၏ အနောက်ဘက်ဂိတ်ပေါက်ရှိ ကင်းစခန်းတစ်ခုကို ယမန်နေ့ (အောက်တိုဘာလ ၂၂) ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သမီး ၃ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့သည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

ည ၉နာရီခွဲအချိန်ခန့်တွင် ကင်းစခန်းအတွင်းရှိ စစ်ယူနီဖောင်းဝတ်ကာ သေနတ်ကိုင်ထားသူများကို ဖယ်ခုံ PDF ၇ ဦး က အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး မောင်းပြန်ရိုင်ဖယ်အမျိုးအစားဖြစ်သည့် MA-3 သုံးလက်၊ MA-1 တစ်လက်၊ MA-2 တစ်လက် သိမ်းဆည်းရမိခဲ့သည်။ 

မည်သူမည်ဝါဖြစ်ကြောင်းကို ခွဲခြား၍မရဘဲ ပစ်ခတ်ပြီး သေနတ်သွားကောက်သည့်အချိန်မှ စစ်သမီးများ ပါဝင်နေသည်ကို သိရှိရသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ သွားတဲ့အချိန်က မှောင်နေတာလေ။ ဒီကိစ္စက ဓာတ်မီးနဲ့ ထိုးပြီး (ကျား/မ) ခွဲလို့လည်း ရတာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ ဦးရင် ကျွန်တော်တို့ပစ်မှာပဲ။ သူတို့ဦးရင် သူတို့ပစ်မှာပဲ။ စစ်ယူနီဖောင်းဝတ်ထားတယ်။ သေနတ်ကိုင်ထားတယ်လေ။ အခု ရလာတဲ့သေနတ်တွေကလည်း သူတို့ဆီကပဲ ရလာတာ ” ဟု ဖယ်ခုံမြို့နယ် PDF မှ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။  

စစ်ကောင်စီ၏ တပ်ရင်းတပ်ဌာနချုပ်များတွင် နေထိုင်သည့် အရာရှိစစ်သည်တို့၏ ဇနီးမယား မိသားစုဝင်များကို တပ်ရင်းလုံခြုံမှုရှိစေရန်အတွက် သေနတ်ပစ်ခတ်မှုများ သင်ကြားပေးကာ စစ်ယူနီဖောင်းဝတ်ပြီး ကင်းစခန်းများ စောင့်ခိုင်းခြင်း၊ တပ်ရင်းဌာနချုပ်ကို လာရောက်တိုက်ခိုက်ရာတွင် အမျိုးသမီးစစ်သည်များက ဝင်ရောက်တိုက်ခိုက်မှုများ ရှိနေသည်။

“သတ္တိရှိရင် တပ်မှာလာပစ်၊ ဒဲ့ပစ်လို့ ပြောထားတာရှိတယ်လေ။ ကျွန်တော်တို့ တကယ်ပစ်တော့လည်း သူတို့ သေတာပဲလေ။ ကျွန်တော်တို့ သွားပစ်တာက အပြင်မှာရှိတဲ့ကင်းစခန်းလည်း မဟုတ်ဘူးလေ။ သူတို့ရဲ့ တပ်ထဲမှာ သွားပစ်တာ။ လေကျယ်နေတာ ကျွန်တော်တို့ တကယ်ပစ်တော့လည်း သေတာပဲ” ဟု ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကင်းစခန်းတိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ဖယ်ခုံမြို့ဘက်ကို ည ၂ နာရီ ဝန်းကျင်ခန့်အထိ အချိန်အတော်ကြာ ပစ်ခတ်ခဲ့ပြီး မြို့ပေါ်ရှိ လူနေအိမ်တချို့နှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီဘက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်-၇ (စကခ ၇) ၊ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ-၃၃၆ ၊ ခမရ-၄၂၁ နှင့် ခမရ-၄၂၁ တို့ အခြေစိုက်သည်။

စစ်အာဏာသိမ်းမှုကို လက်မခံခြင်းကြောင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ်ရှိ ဖယ်ခုံ- မိုးဗြဲ စသည့် ဒေသများတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။

ကချင်ပြည်နယ်တွင် စစ်ခေါင်းဆောင်နှင့် ဇနီးက ရဲမေများကို တွေ့ဆုံနေသည်ကို ၂၀၁၈ မတ် ၁၈ က တွေ့ရစဉ်။ (ဓာတ်ပုံ- Senior General Min Aung Hlaing)

သေဆုံးသူ အမျိုးသမီး ၃ ဦးမှာ အမျိုးသမီးစစ်သည် (စစ်သမီး) ဟု ဆိုသော်လည်း စစ်သည်များ၏ ဇနီးမယား (ရဲမေ) များ ဟုတ်မဟုတ် Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။ 

၂၀၁၈  မတ် ၁၈ တွင် စစ်တပ်ခေါင်းဆောင်က KIA ကို တိုက်ခိုက်ခဲ့သည့် တနိုင်းမြို့နယ်၊ ရှာဒူဇွပ်ကျေးရွာရှိ တပ်ရင်းဌာနချုပ်မှ စစ်သည်၊ ရဲမေများကို တွေ့ဆုံခဲ့ပြီး တရားသောစစ်ဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ မှီခိုသူ ရဲမေများ (စစ်သားဇနီးမယား) အား စစ်ပညာသင်ကြားပေးထား၍ အရေးကြုံပါက ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ထို့နောက် ၎င်း၏ ဇနီးက ဂုဏ်ပြုငွေနှင့် ပစ္စည်းများကို ၎င်းစစ်သည်နှင့် ရဲမေများအား ပေးခဲ့သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်
 

Show More

Related Articles

Back to top button