တစ်နှစ်မှာ အကျဉ်းသား ၃ဝဝ လောက် သေခဲ့တယ် (အင်တာဗျူး)

မြန်မာ-အိန္ဒိယနယ်စပ် ရဲဘက်စခန်းများတွင် အကျဉ်းသားတို့ကြုံတွေ့ခဲ့ရသော အခြေအနေဆိုးများအကြောင်းကို အငြိမ်းစား ထောင်အရာရှိတစ်ဦးက ပြောပြထားသည်

Published on Aug 14, 2018
အငြိမ်းစား ထောင်မှူးကြီး ဦးတင်အောင်
အငြိမ်းစား ထောင်မှူးကြီး ဦးတင်အောင်

၁၉၉၁ တွင် ဖွင့်လှစ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းရှိ ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှုစခန်း ခေါ် ရဲဘက်စိုက်ပျိုးရေးစခန်းများသည် အကျဉ်းထောင်လောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ကလေးမြို့နှင့် တမူးမြို့ရှိ တောတောင်များတွင် ထိုစခန်းများ စတင်ဖွင့်လှစ်ချိန်မှစ၍ အစာရေစာ ပြတ်လပ်မှု၊ ရာသီဥတုပြင်းထန်မှု၊ ဆေးဝါးကုသခွင့် မရမှု တို့အပြင် ညှင်းပန်းနှိပ်စက်မှုဒဏ်များကြောင့် အကျဉ်းသား ရာနှင့်ချီ နှစ်စဉ် သေဆုံးခဲ့သည်။ ထိုစခန်းများဖွင့်လှစ်ရာတွင် ပါဝင်ပြီး၊ စခန်းအချို့တွင် ကိုယ်တိုင် တာဝန် ထမ်းဆောင် ခဲ့သူတစ်ဦးမှာ အငြိမ်းစား ထောင်မှူးကြီး ဦးတင်အောင်ဖြစ်သည်။ အကျဉ်းဦးစီးဌာနတွင် ၃၄ နှစ်ကြာ လုပ်ကိုင်ပြီး ၂ဝ၁၃ တွင် ပင်စင်ယူကာ ထိုစခန်းများအနီးရှိ ကလေးမြို့နယ်တွင် နေထိုင်နေသော ရှေ့နေ ဦးတင်အောင်ကို ၎င်း၏ ကဘော်ချိုင့်ဝှမ်းရဲဘက်စခန်း အတွေ့အကြုံများအကြောင်း Myanmar Now က သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ကဘော်ချိုင့်ဝှမ်းအကျဉ်းသားရဲဘက်စခန်းစီမံကိန်း ကနဦးကာလ ဖြစ်ပေါ်လာပုံတွေကို ပြောပြပေးပါ။

ဖြေ။ ။ အထက်ညွှန်ကြားချက်အရ ၁၉၉၁ ခုနှစ် မေလမှာ မုံရွာထောင်ကနေ အကျဉ်းသား ၃ဝဝ နဲ့ ဝန်ထမ်း ၂၅ ယောက်လောက်နဲ့ လက်လုပ်ပစ္စည်းဘာညာနဲ့ အကုန်လုံး သင်္ဘောတစ်စင်း လိုက်သွားကြတယ်။ ကဘော်ကို သွားကြတာ။ ကလေးဝရောက်တော့ ချောကားတွေနဲ့ တမူးပေါ် တက်ရတာပေါ့။ တမူးကနေပြီးတော့ ၁၂ မိုင်ခွဲဝေးတဲ့ ဝက်ရှုရွာ။ ဝက်ရှုရွာကနေပြီးတော့ အရှေ့တောင်ထောင့် ၃ မိုင်လောက်ကို သွားရတယ်။ ၃ မိုင်လောက် သွားတဲ့အခါမှာ အဲဒီမှာ ဝက်ရှုစခန်းဆိုပြီးတော့ စတည်တယ်။ အဲဒီစခန်း စတည်ရတဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယနိုင်ငံကနေ စိမ့်ဝင်လာတဲ့ လူတွေ ဒီဘက်ထဲကို စီးဝင်မလာအောင် အဲဒီလို လုပ်လိုက်တယ်။ အကျဉ်းသားတွေရဲ့ စားဝတ်နေရေးကို နိုင်ငံတော်ကနေပြီးတော့ တစ်စိတ်တစ်ပိုင်း ဖြေရှင်းရအောင် ဆိုပြီးတော့ စိုက်ပျိုးရေးလုပ်တယ်။ ဒါပေမယ့် အဲဒီ ကဘော်ချိုင့်ဝှမ်းကြီးကတော့ ရာသီဥတု တအားပြင်းထန်တယ်။ ပြင်းထန်တဲ့အတွက် အသေအပျောက်များတယ်။ ကိုယ်က အဲဒီမှာ သေစာရင်းတွေ ပြုစုရတာပေါ့လေ။ သေစာရင်းတွေ၊ ပြေးစာရင်းတွေ ပြုစုရတာ။ ပြုစုလို့ကို သိတာ၊ မပြုစုရင် မသိဘူး။

မေး။ ။ သေရတဲ့ အဓိကအကြောင်းအရင်းတွေက ဘာတွေလဲ။ သေဆုံးနှုန်းတွေကို မှတ်မိသလောက်ပြောပြပါ။

ဖြေ။ ။ ဆေးဝါးမလုံလောက်တာတွေ၊ အစားအသောက် မလုံလောက်တာတွေ။ ၁၉၉၁ ခုနှစ်လောက်တုန်းက ဆိုရင် အကျဉ်းဦးစီးမှာ ကုလားပဲဆိုတာ မရှိဘူး။ တစ်ပိသာ ၆ဝဝ၊ ရတဲ့ပဲနဲ့ ဝယ်ကျွေးတာ။ အသားတစ်ပိသာ ၄ဝဝ လောက်နဲ့ ရတဲ့အသား ဝယ်ကျွေးဆိုတော့ ဘယ်လိုနည်းနဲ့မှ မစားနိုင်ဘူး။ အပြင်ဈေးနှုန်းထက် သူတို့ချပေးတဲ့ဈေးနှုန်းက သုံးချိုးတစ်ချိုး လောက်ပဲ ရှိတယ်။ လောက်လောက်ငင မကျွေးနိုင်တော့ အကျဉ်းသားတွေက အင်အားပြတ်တယ်၊ ရာသီဥတုဒဏ် ခံရတယ်၊ ဆေးဝါးတွေ မလုံလောက်ဘူး။ အဲဒီအတွက်ကြောင့် မှတ်မိသလောက်ဆိုရင် အကျဉ်းသားက တစ်နှစ်မှာ ၃၅၇ ယောက် လောက်အထိ သေတယ်။ အဲလို သေရာကနေပြီးတော့ ၉၉ ခုနှစ် စခန်းသစ်တွေ ဆက်ဖွင့်တာပေါ့။ တမူးမြို့မှာ ဗန္ဓုလစခန်း၊ မြို့သစ်စခန်း၊ သနန်စခန်းဖွင့်တယ်။ သနန်ဆိုရင် အဝေးဆုံးပေါ့၊ တမူးကနေပြီးတော့ မိုင် ၃ဝ ကျော် လောက် ဝေးသွားတာပေါ့နော်။ ဆရာစံစခန်းက ၉၉ ခုနှစ် ဇန်နဝါရီလမှာ ဖွင့်တယ်။ ဖွင့်တော့ ဆည်တွေဘာတွေ လုပ်ရတယ်။ ဆည်လုပ်ရတဲ့အခါကျတော့ တော်တော်လေး ပင်ပန်းတယ်။ ပင်ပန်းတဲ့အခါကျတော့ ထိုနည်းလည်းကောင်းပဲ အစားအသောက်တွေ ဘာတွေက မရှိဘူး။ သေကြတယ်။ အဲဒီလိုကနေ ၁၉၉၉ နိုဝင်ဘာလလောက်မှာ ICRC နိုင်ငံတကာကြက်ခြေနီ စဝင်လာတယ်။ စဝင်လာတဲ့နှစ်မှာ အကျဉ်းသားတွေရဲ့ အစားအသောက်ကို တဖြည်းဖြည်းနဲ့ ပြင်ခိုင်းတယ်ပေါ့လေ။ ရန်ပုံငွေနဲ့ပြင်လို့မရတော့ “စိုက်ကျွေး မွေးကျွေး” ဆိုပြီးတော့ ပြင်တယ်။ ကိုယ့်ဟာကို စိုက်ပြီးတော့ ကျွေးကြ၊ မွေးပြီးတော့ ကျွေးကြပေါ့နော်။ ဆိတ်တွေ၊ နွားတွေ ဘာတွေ မွေးကြပေါ့။ အဲလိုကျွေးခိုင်းတော့ လုပ်တဲ့အရာရှိတွေလည်း ရှိတာပေါ့နော်။ မလုပ်တဲ့အရာရှိတွေလည်း ရှိကြတယ်။ ၂ဝဝဝ မှာတော့ ၃ဝ ကျော်လောက် သေတယ်၊ စခန်းတစ်ခုတစ်ခုမှာ။ ဆရာစံ၊ ဝက်ရှု၊ ဗန္ဓုလ၊ မြို့သစ်၊ သနံ စခန်း ၅ ခု ရှိတယ်။ ကလေးဘက်မှာတော့ ရာဇဂြိုဟ် (၁)၊ ရာဇဂြိုဟ် (၂) စခန်းတွေ ရှိတယ်။ တမူးဖက် အထက် စခန်းတွေကတော့ တအားသေတယ်။ ၂ဝဝ၃ ကျတော့ အသေအပျောက် တဖြည်းဖြည်း နည်းသွားတယ်။ အဲဒီနောက်ပိုင်း လုံးဝ မသေတော့ဘူး။ ဘာကြောင့်မသေတော့ဘူးလဲဆိုရင် ကျန်းမာရေး မကောင်းရင် ကလေးထောင်ပို့ပဲ ပို့ကြတာ။ စခန်းမှာ မသေတော့ဘူး။ သေချင်းသေ ထောင်မှာပဲ သေတော့တယ်။ ထောင်ကလည်း မနိုင်ရင် ဆေးရုံကြီးလွှဲလိုက်တာပဲ။

မေး။ ။ သေတဲ့နှုန်းတွေ လျော့လာတယ်ဆိုတော့ ဘာတွေပြုပြင်ပြောင်းလဲရေး လုပ်ခဲ့လို့လဲ။

ဖြေ။ ။ ၂ဝဝ၉ ခုနှစ်မှာ အကျဉ်းဦးစီးက ဘယ်လိုပြန်ပြင်လိုက်လဲဆိုတော့ ကုလားပဲ မကျွေးမနေရ၊ အသား ၇ ကျပ်သား အပြည့်အဝ ကျွေးရမယ်။ ကုလားပဲကလည်း အပြင်ဈေးနဲ့ ချပေးတဲ့ အတိုင်းလေးကို ဝယ်နိုင်တယ်။ အမဲသား အပြင်ဈေးနဲ့ ဝယ်နိုင်တယ်။ အကုန်လုံး ပစ္စည်း ၁၄ မျိုးလုံးကို အပြင်ဈေးနဲ့ ဝယ်နိုင်တယ်။ ဝယ်နိုင်အောင် နိုင်ငံတော်က တစ်ပြည်လုံး အတိုင်းအတာနဲ့ ဈေးနှုန်းသတ်မှတ်ပြီးတော့ ချပေးလိုက်တဲ့အတွက် အကျဉ်းသားတွေက အဲဒီနောက်ပိုင်းတော့ တော်တော်လေး ကောင်းသွားတာပေါ့။ တချို့ကျတော့လည်း လုပ်ချင်သလို လုပ်တော့ မစားရဘူးပေါ့။ စေတနာရှိတဲ့သူဆို ရှိသလို စားရမယ်။ လူအပေါ်မူတည်တာ။

ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ (သတင်းဆောင်းပါးရှည်)

ဘဝသစ်စခန်းတွင် ဘဝပျက်ခြင်း (ဓာတ်ပုံအက်ဆေး)

မေး။ ။ ထောင်အာဏာပိုင်တွေခန့်ထားတဲ့ အကျဉ်းသားအရာရှိတွေ နှိပ်စက်တဲ့ဒဏ်၊ ဝန်ထမ်းတွေ နှိပ်စက်တဲ့ဒဏ်ကြောင့်လည်း အသေအပျောက်တွေဖြစ်တယ် ကြားတယ်။

ဖြေ။ ။ သေရတဲ့အကြောင်းအရင်းက နှိပ်စက်ရိုက်နှက်တာကတော့ နည်းတယ်။ လုပ်ငန်းအောင်မြင်အောင် ဆိုပြီးတော့ မြေပေါက်ခိုင်းတယ်။ နောက်ကနေပြီးတော့ တုတ်ကိုင်ပြီးတော့ ပေါ့လေ။ အဓိက အကြောင်းရင်းက အစာအာဟာရကြောင့် သေတာပဲ။ စီမံချက်အောင်မြင်အောင် လုပ်ရတဲ့အတွက်ကြောင့် နောက်ကနေပြီးတော့ ရိုက်ခိုင်းရတယ်။ အဲဒီတော့ သူတို့မှာ ဒဏ်ရာတွေဘာတွေ ဖြစ်ကြတယ်။ ရိုက်နှက်လို့ သေတာကတော့ ဒီလောက်မရှိဘူး။

မေး။ ။ ထောင်အာဏာပိုင်တွေက သူတို့ကိုယ်တိုင်တော့ မရိုက်ဘူး၊ အကျဉ်းသားအရာရှိ တန်းစီး၊ စည်းကမ်းထိမ်း၊ ဘုတ်ကိုင် အစရှိတဲ့သူတွေက ငွေညှစ်တာ၊ ရိုက်ပြီး အလုပ်ခိုင်းတာတွေ ကော မရှိဘူးလား။

ဖြေ။ ။ ရှိကောင်းရှိမယ်။ မထင်ရင်မထင်သလို ရိုက်နှက်တယ် ဆိုတာက အဲဒီမှာ တန်းစီးတွေ ပြန်ခန့်ထားတယ်။ တန်းစီးတွေက ကွယ်ရာမှာလုပ်တော့တာ။ တချို့ကျတော့လည်း အရာရှိကလည်း ခိုင်းထားတာ ရှိကောင်းရှိမှာပေါ့။ ငါတို့ကတော့ အဲဒါမျိုး လုပ်မစားခဲ့ဘူး၊ ရဲရဲဝံ့ဝံ့ အာမခံရဲတယ်။ လုပ်စားတာတော့ ကြားဖူးတာပေါ့။

မေး ။ ။ ရိုက်နှက်နှိပ်စက်တာ၊ မြင်ခဲ့တာရှိလား။

ဖြေ။ ။ ရှိတာပေါ့။ ရှိတယ်ဆိုတာက တမူးဖက်က ဆရာစံစခန်းမှာ အကျဉ်းသား ၈ ယောက် ပြေးတယ်။ ပြန်မိတာက ၄ ယောက်လောက် ပြန်မိတယ်။ သူတို့ကို စခန်းနဲ့ လေးငါးမိုင်လောက် ဖမ်းမိလာကတည်းက လမ်းတစ်လျှောက်မှာ ရိုက်နှက်လာပြီးသား။ ခြေကျင်းလည်း ခတ်ထားသေတယ်၊ အလုပ်လည်း ခိုင်းတဲ့အခါကျတော့ သူတို့မလုပ်နိုင်ဘူး။ ရိုက်နှက်ခိုင်းတဲ့အခါ ကျတော့ သူတို့ကပြောတယ် ‘ကျွန်တော်တို့ကို သတ်ရင်လည်း သတ်လိုက်ပါတော့ ကျွန်တော်တို့ မလုပ်နိုင်တော့ပါဘူး’ ဆိုတော့ ကိုယ့်မှာ စိတ်မကောင်းဘူး။ အနားပေးပိုင်ခွင့်ရှိတဲ့သူလည်း မဟုတ်ဘူး။ ငါ့တပ်ခွဲလည်း မဟုတ်တော့ ဒီအတိုင်းပဲ မြင်ပဲမြင်နေရတာလေ။ အနားပေးသင့်တယ်။ ဒါပေမယ့် အနားမပေးတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ထောင်ပိုင်အပေါ် မူတည် တာပေါ့နော်။ အနားမပေးဘူး ဆိုတာကလည်း သူတို့ကလည်း မိုက်မိုက်ကန်းကန်း စိန်ခေါ်ပြီး ပြေးထားကြတာလေ။ သတ္တိရှိတဲ့ကောင်လိုက်ခဲ့၊ အသက်မနှမြောတဲ့ကောင်လိုက်ခဲ့ ဆိုတဲ့ ကောင်မျိုးတွေလေ။ အဲဒီမှာ သူတို့က နှစ်ရက်သုံးရက်လောက်နေပြီးတော့ သေသွားကြတယ်။

မေး။ ။ ဆရာဝန်ခွင့်ပြုချက်နဲ့ ဒီအကျဉ်းသားဟာ ကျန်းမာရေး၊ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကောင်းတယ်ဆိုပါမှ အလုပ်ခိုင်းခွင့်ရှိတယ်။ ၉ နာရီထက်ပိုမခိုင်းရ၊ အလုပ်နှင့်ထောင်ဒဏ်ဆို ဘယ်လောက်ပမာဏပဲ လုပ်ခိုင်းရမယ်၊ အလုပ်ကြမ်းနဲ့ထောင်ကျတဲ့ အကျဉ်းသားဆို ဘယ်လောက်ပဲ လုပ်ခိုင်းရမယ်ဆိုတာ အကျဉ်းထောင်ဥပဒေမှာ တိတိကျကျ ဖော်ပြထားတယ်။ ဒါပေမယ့် ကဘော်ချိုင့်ဝှမ်း အကျဉ်းစခန်းတွေမှာ ဆေးဝါးကော၊ ဆရာဝန်ကော လုံးဝ မရှိခဲ့ဘူးလို့ သိရတယ်။ ဒါဟာ မှန်ပါသလား။

ဖြေ။ ။ မှတ်မိတာပေါ့။ ငါတို့ဆီမှာ ဆေးမှူးလည်းမရှိဘူး။ ဆရာဝန်လည်း မရှိဘူး။ သူနာပြုသင်တန်း ဆင်းထားတဲ့ ဝန်ထမ်းတစ်ယောက်လောက်ကို တာဝန်ပေးထားရတယ်။ ဆေးတပ် သားပေါ့နော်။ အကျဉ်းသားကလည်း သနားလို့လည်း မရဘူး၊ မသနားလို့လည်း မရဘူး၊ အဲဒီမှာမှ အဲဒီ စကားက သွားမှန်တာ။ သနားပြန်ရင် မနက်ခင်းတန်းစီရင် ကျွန်တော် နေမကောင်းဘူး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဆေးနားအနေနဲ့ ပေးထားပြန်ရင် ဒီကောင်က စည်းရိုးတွေဖြဲပြီးတော့ ထွက်ပြေးတယ်။ ဒီကောင် လိမ်တယ် ဆိုပြီးတော့ ရှေ့တန်းမှာ ခိုင်းလိုက်ပြန်ရင်လည်း တကယ်ဖြစ်နေတဲ့လူကျတော့ နာတယ်၊ သေတယ်။ ဆေးကလည်း မရှိဘူး၊ ပါရာစီတမော့တောင် ပုံမှန်မရှိဘူး။ အဲတော့ နောက်တန်းကိုင်တဲ့ နောက်တန်းမှူးက တော့ တချို့ ကြမ်းကြမ်းတမ်းတမ်းလူတွေ အလှည့်ကျရင်တော့ ရှိတယ်။ နောက်တန်းမှူးဆိုတာ ထောင်မှူးကြီးတွေပေါ့နော်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးတော့ ရိုက်နှက်ပေါ့လေ။

မေး။ ။ ဆရာကိုယ်တိုင်လည်း ၂ဝဝ၁ လောက်က ကဘော်ချိုင့်ဝှမ်း ဆရာစံစခန်းမှာ တာဝန်ကျခဲ့တော့ အကျဉ်းသားတွေ စားဝတ်နေရေးကောင်းမွန်ဖို့အတွက် ဘာတွေ လုပ်ဆောင်ခဲ့တာ ရှိလဲ။

ဖြေ။ ။ ကိုယ်ရည်သွေး ပြောတာတော့ မဟုတ်ဘူး။ အကျဉ်းဦးစီးဒုချုပ်က လျှို့ဝှက်လာစစ်တယ်၊ စခန်းက တာဝန်ရှိတဲ့သူတွေ အကုန်ထွက်၊ ဒုချုပ်ဦးဇော်ထွန်းက သူမေးချင်တဲ့ အကျဉ်းသားကို မေးတယ်။ ခေါ်မေးတော့ ငါတို့စခန်းတစ်ခုပဲ ထမင်း ဝတယ်။ ဘာကြောင့်ဝသလဲ အဖြေပြန်ထုတ်လိုက်တော့ အဲဒီအချိန်မှာ ငါက ထောက်ကိုင်တာ၊ အသီးအနှံတွေ စိုက်ပြီးတော့ ကျွေးတယ်။ ငှက်ပျောအူ တာလပေါတောင် စားလို့မြိန်အောင် ကျွေးတယ်။ အဲဒီမှာ ပင်စိမ်း၊ ပူစီနံ၊ ရှမ်းနံနံ၊ ငရုပ်သီးစိမ်း စိုက်တယ်။ အကျဉ်းသားတွေက ငါးပိမီးဖုတ်ပြီးတော့ ပင်စိမ်း၊ စပါးလင်၊ ငရုပ်သီးစိမ်းလေးနဲ့ ထောင်းပြီးရင် စားကောင်းတယ်။ ဆီမလိုဘူး။ အဲဒီတုန်းကလည်း ဆီက မရသေးဘူး။ စားကောင်းသွားတဲ့ အနေအထားမျိုးကျတော့ အကျဉ်းသား တွေက ဝတယ်။ စခန်း ၇ ခုမှာ ငါတို့စခန်းက ဘာကြောင့်ဝသလဲ ဆိုတာကို ဒုချုပ် ဦးဇော်ထွန်းက အဖြေထုတ်တဲ့အခါ ကျတော့ အားလုံးပဲ ဆရာစံစခန်းကို သွားလေ့လာဆိုပြီး လေ့လာ လိုက်တဲ့အခါကျတော့ ငါးခြောက် ကျွေးတာချင်း တူရင်တောင် ငါးပုဏ္ဏားခြောက်ကိုမှ တစ်ယောက်နှစ်ကောင် ရတာလေ။ ဆီနဲ့ ကြော်မကျွေးနိုင်ဘူး။ မီးဖိုပေါ် ဆန်ကာတင်ပြီးတော့ ကင်၊ ဆီချက်ချက်ပြီးတော့ ဖြန်းကျွေးတယ်။ ဆီက လူ ၂ဝဝ စာမှာမှ မနက် ၁ဝ သား၊ ညနေ ၁ဝ သား၊ ထမင်းကြော် ၁ဝ သား။ ဒီလိုကျွေးခဲ့တော့ ငါတို့စခန်းတစ်ခုပဲ ဝတယ်။ အဲဒီအချိန်မှာ အသေအပျောက်ကလည်း သိပ်မရှိတော့ဘူး။ အဲဒါက စေတနာပဲကွာတယ်။ ငါက စိတ်ချမ်းချမ်းသာသာနေတယ်။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ သူများတွေကသာ ဗိုလ်ချုပ်တွေကို အဘတွေ ခေါ်နေတာ၊ ငါက အဘမခေါ်နိုင်ဘူး။ ငါ့ထက် အသက်အများကြီး ငယ်တယ်။

မေး။ ။ အကျဉ်းသားတွေ အများအပြား သေဆုံးခဲ့တာအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ။

ဖြေ။ ။ အခုတော့လည်း အခြေအနေတွေ ကောင်းမွန်နေပြီလို့ သိရတယ်။ အကျဉ်းသားတွေ သေခဲ့ရတဲ့ကိစ္စကတော့ နိုင်ငံတော်မှာပဲ တာဝန်ရှိတာ။ ဆေးဝါးမပြည့်မစုံ၊ ရိက္ခာ မပြည့်မစုံဘဲ နဲ့တော့ ဘယ်လိုနည်းနဲ့မှ အသက်ရှင်နိုင်စရာ လမ်းမရှိဘူး။ ။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading