သတင်း

ဆားတောင် PDF စခန်းကို လူနာတင်ယာဉ်သုံးပြီး စစ်ကောင်စီတပ် ဝင်စီး 

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) ယာယီသင်တန်းစခန်းနေရာကို အောက်တိုဘာ ၁၇ တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ PDF ၂ ဦး သေဆုံးပြီး တစ်ဦး ဖမ်းဆီးခံရသည်။

မနက် ၅ နာရီဝန်းကျင်၌ ဆားတောင်မြို့အနီး ၃ မိုင်ခန့်အကွာရှိ တောတွင်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်က လူမှုကူညီရေးအသင်းကားတစ်စီးအပါအဝင် ဆိုင်ကယ်များဖြင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။ 

တစ်နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF အဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ကိုဇော်ထက်အောင်နှင့် အသက် ၃၀ အရွယ် ကိုမျိုးကိုကိုတို့ သေဆုံးပြီး အဖွဲ့ဝင်တစ်ဦး အဖမ်းခံခဲ့ရသည်ဟု ဆားတောင်မြို့၊ ဒေသခံကာကွယ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုယက္ခက ပြောသည်။ 

“ကိုမျိုးကိုကိုက ပေါင်ကို ထိတယ်။ (ပေါင်ထိပြီးနောက်) သူက ခံပစ်တော့မယ်၊ ကျန်တဲ့လူတွေ လွတ်အောင်ပြေးဆိုပြီး ခံပစ်ရင်း၊ ကိုယ့်ရဲဘော်တွေ လွတ်ရာ ပြေးခိုင်းပြီး ခံပစ်ပေးတဲ့အခါမှာ ရင်ဘတ်ထိတယ်။ အဲ့ဒီကနေ ကျဆုံးသွားတာပေါ့။ သူ (ကိုဇော်ထက်အောင်) လည်း ခံပစ်ရင်းနဲ့ ကျည်သင့်သွားတာ” ဟု ကိုယက္ခက ပြောပြသည်။

ကျန်အဖွဲ့ဝင်များမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ခဲ့ပြီး ပစ္စည်းတချို့ကိုလည်း အချိန်မီ ယူဆောင်ရွှေ့ပြောင်းနိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။ 

သေဆုံးသွားခဲ့ရသည့် PDF အဖွဲ့ဝင် ကိုဇော်ထက်အောင်သည် စစ်ကိုင်းနည်းပညာတက္ကသိုလ်၊ စက်မှုအင်ဂျင်နီယာဌာန ပဉ္စမနှစ်ကျောင်းသားဖြစ်ပြီး အာဏာရှင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းစဉ် သေဆုံးခဲ့ကြောင်း စစ်ကိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားသည်။ 

“သူက ကျောင်းမှာတုန်းက ပရဟိတလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့သူပါ။ အနေအေးတဲ့ကျောင်းသားလို့ ပြောလို့ရပါတယ်” ဟု စစ်ကိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌက မှတ်ချက်ပြုသည်။ 

PDF အဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းများကို စစ်တပ်ဘက်က သယ်ဆောင်သွားသည်ဟု သိရသည်။

စစ်ပွဲတွင် အသာစီးရလိုသဖြင့် လူနာတင်ယာဉ်အသုံးပြုသော စစ်တပ်၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ကိုယက္ခက ပြောသည်။ 

“လူမှုကူညီရေးအသင်းကားတွေဆိုတာ စစ်တိုက်တဲ့နေရာမှာ သုံးဖို့ ထားတာမဟုတ်ဘူး။ ဒါကြောင့် စကစအနေနဲ့ ဒါမျိုးလုပ်ခြင်းဟာ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ ကျွန်တော်တို့ကတော့ သတ်မှတ်တယ်” ဟု ၎င်း PDF အဖွဲ့ခေါင်းဆောင် က ဆိုသည်။

“ပရဟိတကား ယူသုံးပြီး တိုက်တယ်ဆိုတာက အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းတဲ့လုပ်ရပ်ပဲ” 

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် နေရာများတွင် စစ်တပ်က လူနာတင်ယာဉ်များ၊ လူမှုကူညီရေးအသင်းကားများကို အသွင်ယူစီးနင်းနေကြပြီး ဇူလိုင် ၂၈ ကလည်း ကနီမြို့နယ်၊ အောင်မင်္ဂလာကျေးရွာအနီး လူနာတင်ကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီအဖွဲ့ဝင်များက ပစ်ခတ်ခဲ့၍ ဒေသခံတစ်ဦး သေဆုံးခဲ့သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button