ရန်ကုန်၊ ဩဂုတ် ၁၀ - ရှေ့နေဦးကိုနီလုပ်ကြံခံရသည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ရဟန်းခံရန်အတွက် ရန်ကုန် ဓမ္မစေတီလမ်းရှိ Market Place တွင် ဈေးဝယ်နေခဲ့သည်ဟု လုပ်ကြံမှုနှင့်ပတ်သက်ပြီး ငွေကြေးထောက်ပံ့သူ၊ ပူးပေါင်းပါဝင်သူဟု စွပ်စွဲခံထားရသူ ဇေယျာဖြိုးက ယနေ့ မြောက်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ရဟန်းဝတ်ရန် ထိုနေ့က Market Place တွင် ၎င်း၏ မိသားစု၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦးနှင့်အတူ လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူနေပြီး Fuji ဖူဂျီ စားသောက်ဆိုင်တွင် ညစာစားခဲ့ကြောင်း Market Place ဆိုင်မှ ည ၁၀ နာရီကျမှ ထွက်ခွာခဲ့ကြောင်း ၎င်းကတရားခွင်တွင် ထွက်ဆိုခဲ့သည်။

ထိုနေရာတွင် ထိုနေ့က ရောက်ရှိနေကြောင်း ခိုင်မာစေရန်အတွက်လည်း ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ၎င်း၏ ဇနီးဖြစ်သူ ရိုက်ပေးထားသော ကလေးချီထားသည့် ဓာတ်ပုံကို တရားခွင်တွင် သက်သေအဖြစ် တင်သွင်းခဲ့သည်။
ဇေယျာဖြိုးကို ၃၀၂(၁)(ခ)/၁၀၉ (လူသတ်မှုတွင် ပူးပေါင်းကြံစည်မှု) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အမှုနှင့်ဆက်စပ်မှု မရှိကြောင်း သက်သေပြရန် ကြိုးစားသွားမည်ဟု ဇေယျာဖြိုး၏ ရှေ့နေ ဒေါ်ပပဝင်းက တရားခွင်မှအထွက်တွင် ပြောသည်။


“ ၁၀၉ ဆိုတာကလည်း အမှု အခင်းမဖြစ်မီကာလမှာ ကိုအောင်ဝင်းခိုင်နဲ့ သွားလာလှုပ်ရှားတာတွေရှိမှ ၁၀၉ မြောက်တာလေ။”ဟု ၎င်းကပြောသည်။
“အောင်ဝင်းခိုင်နဲ့ ဆက်စပ်မှုရှိတယ်ဆိုရင်လည်း ကြည်လင်းနဲ့ဆက်စပ်မှုရှိဦးမှ။ ကြည်လင်းနဲ့ အောင်ဝင်းခိုင် ဆက်စပ်မှုမရှိရင် တို့တွေဘာမှ ဆက်စပ်မှုမရှိဘူ။ အဲဒါကို သက်သေပြရမှာပါ” ၎င်းကပြောသည်။


ဦးကိုနီလုပ်ကြံမှုတွင် အဓိက တရားခံဟု စွပ်စွဲခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ အောင်ဝင်းခိုင်နှင့် ပတ်သက်မှုအနေဖြင့် ဇေယျာဖြိုးမှာ ၂၀၀၄ ခုနှစ်က တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းသည့် သင်တန်းများ ပေးသည့်တာဝန်ကို ယူခဲ့ရသည်ဟု ယနေ့ တရားရုံးတွင် ထွက်ဆိုသည်။
အောင်ဝင်းခိုင်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းဖြစ်ပြီး ဇေယျာဖြိုး စစ်တက္ကသိုလ်ကျောင်းသားဘဝက စီနာယာ-ဂျူနီယာ ဆက်ဆံရေးဖြင့် ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ တက်ခဲ့ကြသည်ဟု ၎င်းက ထွက်ဆိုသည်။
၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်ဦးဆောင်သည့် တပ်မတော်ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များဖြင့် အစားထိုး ဖွဲ့စည်းနိုင်ရန်အတွက် ဖွဲ့စည်းခြင်း သင်တန်းများပေးခဲ့ရသည်ဟု ၎င်းက တရားခွင်တွင် ထွက်ဆိုခဲ့သည်။
အနောက်မြောက်ပိုင်း စစ်ဌာချုပ်တွင် စစ်ဦးစီးဒုတိယတန်းအဖြစ် တာဝန်ထမ်းဆောင်နေသူ အောင်ဝင်းခိုင်နှင့် ဌာနချုပ်တည်ရှိရာ မုံရွာမြို့၌ ပြန်လည် ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်ဟု ဇေယျာဖြိုးက ထွက်ဆိုခဲ့သည်။ ထိုသင်တန်း ပေးနေစဉ်တွင်ပင် အငြိမ်းစားပေးခံလိုက်ရပြီးနောက် မုံရွာမှ ရန်ကုန်သို့ ပြန်ခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။
ဇေယျာဖြိုးကို သြဂုတ်လ ၁၆ ရက်နေ့တွင် ဆက်လက် စစ်မေးသွားမည်ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











