သတင်း

မန္တလေးမှ ဌာနဆိုင်ရာရုံး ၅ ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးနှင့် မြို့နယ်အခွန်ရုံး ၄ ခုတို့ ယနေ့ (အောက်တိုဘာ ၁၈) တွင် ဗုံးခွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။

နံနက် ၁၁ နာရီဝန်းကျင်တွင် ၂၆ နှင့်၂၇ လမ်းကြား၊ ၇၁ နှင့် ၇၂ လမ်းကြားတွင် ရှိသည့် မြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် တိုင်းဒေသကြီး ဌာနပေါင်းစုံအစည်းအဝေးလုပ်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု စည်ပင်ဝန်ထမ်းများနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။  

“ခန်းမထဲမှာ ဌာနပေါင်းစုံအစည်းအဝေးလုပ်နေတာ၊ လူတွေလည်းများတယ်။ အဲ့ဒီအချိန်ပေါက်ကွဲတာ၊ ပစ်တာက ခန်းမအနီးအထိ မရောက်ဘဲ ရုံးဝင်ပေါက်နားမှာ ကျပြီး ကွဲသွားတယ်၊ အသံက တော်တော်ကြီးကို ကျယ်တယ်၊ အဆောက်အအုံတွေကို တုန်သွားတယ်လို့ ထင်ရတယ်”ဟု ထိုအမျိုးသားက ပြောသည်။

“အစည်းအဝေးခန်းထဲကလူတွေ အကုန် ပျာယာတွေခတ်ကုန်တာ။ ခဏနေတော့ ရဲတွေနဲ့ စစ်သားတွေ ရောက်လာပြီး၊ လူတွေအကုန်လုံးကို (စည်ပင်) ဝင်းထဲမှာပဲ ထိုင်ခိုင်းထားပြီးတော့ စစ်ဆေးတာတွေ လုပ်သေးတယ်” 

ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်သွားသူကို မတွေ့လိုက်ကြကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ထိုသူက ဆိုသည်။

ပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရသော်လည်း ထိခိုက်သေဆုံးမှု ရှိမရှိ မသိရကြောင်း ပေါက်ကွဲမှုဖြစ်ချိန်တွင် စည်ပင်ရုံးအနီး၌ ရှိနေခဲ့သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်က အိမ်ပြန်ဖို့ အဲဒီနားကနေ ဖြတ်ပြီး ကားမောင်းလာတဲ့ အချိန်မှာ ကွဲတာ၊ တုန်သွားတယ်။ လူလည်း လန့်သွားတာ။ သွားတော့ မကြည့်ရဲခဲ့ဘူး။ မောင်းပြေးလာရတယ်” ဟု ၎င်းက ဆိုသည်။ 

မွန်းတည့် ၁၂ နာရီခန့်၌ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ် တို့၏အခွန်ရုံး ၄ ခုတို့တွင် တစ်ပြိုင်နက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ထိုပေါက်ကွဲမှုများသည် မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။

ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီအလိုကျ ရုံးတက်အလုပ်လုပ်နေသူ ဝန်ထမ်းများ ထိခိုက်မှုရှိနိုင်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုကြသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။ 

မန္တလေးစည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦးဖြစ်သော တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း၏ လက်ကိုင်ဖုန်းများကို  Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသောကြောင့် လက်ခံဖြေကြားနိုင်ခြင်း မရှိခဲ့ပေ။ 

ယနေ့ဖြစ်ရပ်သည် အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်မှုယန္တရား၏ အဓိကထောက်တိုင်နေရာများ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

နိုင်ငံအနှံ့အပြားမှ ဌာနဆိုင်ရာ ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ရာခိုင်နှုန်းအများအပြား ပါဝင်နေကြသော်လည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ နေ့စားနှင့် အမြဲတမ်းဝန်ထမ်း ၆,၀၀၀ ကျော်အနက် ရာဂဏန်းသာ CDM ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီယန္တရားလည်ပတ်မှု ခက်ခဲစေရန်အတွက် လျှပ်စစ်ခွန်၊ ရေခွန်၊ မြေခွန်များ မဆောင်ကြရန် အာဏာသိမ်းမှုဆန့်ကျင်သူများက လှုံ့ဆော်ထားသည်။

ယနေ့တိုက်ခိုက်မှုမှာ အခွန်ငွေ လိုက်လံကောက်ခံနေသည့် ဌာနများထဲမှ တချို့ရုံးများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု မြို့ခံတချို့က ပြောသည်။  

အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများ အားကောင်းသကဲ့သို့ လက်နက်ကိုင်ခုခံသူများလည်း အားကောင်းသည့် မန္တလေးမြို့တွင် စစ်တပ်က ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွင်းလျက်ရှိသည်။

မန္တလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်တပ်၏ ထောက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးများနှင့် စစ်သတင်းပေးဒလန်များကို လုပ်ကြံရှင်းလင်းခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများ၊ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို ဗုံးခွဲတိုက်ခိုက်ခြင်းအပြင် စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲရာနေရာများကို ပစ်ခတ်တိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button