သတင်း

မန္တလေးသပိတ်စစ်ကြောင်း ကားဖြင့်တိုက် ဖြိုခွင်းခံရ၊ ၁၀ ဦးထက်မနည်း အဖမ်းခံရ 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၉ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား မဟာမြိုင်ရပ်ကွက်တွင် ယနေ့(အောက်တိုဘာ၁၈) နံနက် ၈ နာရီခန့်က ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက် ဖြိုခွင်းကာ ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

လူငယ် ၆၀ ခန့် စုဝေး၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ကားဖြင့် ဦးစွာဝင်တိုက်ပြီးနောက် အိမ်စီးကား၊ ရဲကားများ ရုတ်တရက်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ခန့်က သေနတ်များပစ်ဖောက်ကာ ပိတ်ဆို့ဖမ်းဆီးခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။

“ကလေးတွေကို ကားနဲ့တိုက်ပြီး၊ ရိုက်နှက်ပြီး ကားပေါ်တင်တယ်။ ဖမ်းခံရတာ များတယ်။ ဒဏ်ရာရသူတွေလည်း အတော်များနိုင်တယ်”ဟု ၎င်းက ပြောသည်။ 

ဖမ်းဆီးခံရသူ၊ ဒဏ်ရာရသူနှင့် ဖြိုခွင်းစဉ် စစ်ကောင်စီက အသုံးပြုခဲ့သည့် မော်တော်ယာဉ်အရေအတွက် စသည့် အချက်အလက်အသေးစိတ်ကိုမူ ၎င်းက အတည်မပြုနိုင်ပေ။

ဆန္ဒပြမှုတွင် ပါဝင်သည့် သပိတ်ခေါင်းဆောင်တစ်ဦး၏ အဆိုအရ ဆန္ဒပြမှု စတင်ချိန်တွင်ပင် ဖြိုခွင်းခံခံရခြင်းဖြစ်ကြောင်း သိရသည်။

“ကြွေးကြော်သံ စစတိုင်ချင်း သုံးခွန်းမြောက်မှာ ရပ်ထားတဲ့ကားတွေက ပြေးလာတိုက်တာ။ သေနတ်တွေ တရစပ်ပစ်တယ်။ လှည့်ပြေးတဲ့သူတွေကိုလည်း ညှပ်ပိတ်ထားတယ်။ …. တချို့အိမ်တွေက တံခါးဖွင့်မပေးရဲကြဘူး။ ကျွန်တော်တို့ …… ပြေးတဲ့နေရာမှာ လမ်းကြားအထိ ကားနဲ့ လိုက်တိုက်တာ နှစ်ဦးပါသွားတယ်။ ကျွန်တော့်ကိုလည်း သေနတ်နဲ့ လှမ်းပစ်သေးတာ”ဟု ၎င်းက ပြောသည်။

သပိတ်စစ်ကြောင်း ထိုသို့ဖြိုခွင်းခံရပြီးနောက်တွင် စစ်ကောင်စီက မဟာမြိုင်ရပ်ကွက်ကို အင်အားအများအပြားဖြင့် ပိတ်ဆို့ထားပြီး ရှာဖွေစစ်ဆေးမှုများလုပ်နေကြောင်း၊ ဖမ်းခံထားရသည့် လူငယ်များ၏ လက်ကိုင်ဖုန်းကို သုံး၍ အခြားသူများကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း ဒေသခံနှင့် ကိုယ်တိုင်ဆန္ဒပြသူတို့က ပြောသည်။

သို့သော် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ဆန္ဒပြနေသည့် မန္တလေးတွင် စစ်ကောင်စီက သံဃာများကိုပင်မချန် အညှာအတာမဲ့ နှိမ်နင်းနေသည်။

အောက်တိုဘာ ၂ ရက်ကပင် မန္တလေးသံဃသမဂ္ဂစစ်ကြောင်းကို ကားဖြင့် တိုက်၍ ဖြိုခွင်းခဲ့ပြီး ရဟန်းငါးပါးကို စစ်ကောင်စီက ဖမ်းသွားခဲ့သေးသည်။

“ကျွန်တော်တို့ အသက်နဲ့ ရင်းပြီး တော်လှန်နေတာက ကြောက်လို့လန့်လို့ ရပ်တန့်လိုက်ဖို့မဟုတ်ဘူး။ ကျွန်တော်တို့ သေသေကျေကျေ ဆက်တော်လှန်သွားမှာ”ဟု အထက်ပါ သပိတ်ခေါင်းဆောင်က ပြောသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button