ဆောင်းပါး

“မြို့ပေါ်မှာ ဘယ်သူမှ မရှိလို့ မနေရဲတာ”- ထန်တလန်စစ်မြေပြင်က ဒုက္ခသည်များ 

စက်တင်ဘာ ၁၈ ရက်နေ့က ထန်တလန်မြို့တွင်း လက်နက်ကြီးကျည်ထိသော နေအိမ်များ မီးလောင်ပြီးနောက် အသက် ၅၇ အရွယ် ပင်စင်စား သူနာပြု ဒေါ်နူးထာ၏ ထန်တလန်မြို့ နေအိမ်ရှေ့တွင် သေနတ်သံများ ထွက်ပေါ်လာသည်။ 

မီးငြှိမ်းသတ်ရန် ဆိုင်ကယ်ဖြင့် ရောက်လာသော ခရစ်ယာန်သင်းအုပ်ဆရာ ဦးကျုံးဗျက်ဟုမ်းကို စစ်ကောင်စီတပ်သားများက ပစ်ခတ်ရာမှ ထွက်ပေါ်လာသော သေနတ်သံများ ဖြစ်သည်။ စစ်သားတို့က သင်းအုပ်ဆရာ၏ လက်ချောင်းကို ဖြတ်ပြီး လက်ထပ်လက်စွပ်နှင့် နာရီတို့ကို ယူဆောင်သွားသည်ဟု ဒေသခံတို့ကို ကိုးကားပြီး ချင်းနှင့် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်များက သတင်းထုတ်ပြန်သည်။ 

လူနေရပ်ကွက်များအတွင်း တိုက်ပွဲရောက်လာသောကြောင့် ဒေါ်နူးထာအပါအဝင် ဒေသခံတို့သည် မြို့ကို စွန့်ခွာပြီး နယ်စပ်ဒေသ ကျေးရွာများတွင် ရောက်ရှိ ခိုလှုံလျက်ရှိသည်မှာ တစ်လခန့် ကြာမြင့်လာပြီဖြစ်သည်။

“မြို့ပေါ်မှာ ဘယ်သူမှ မရှိလို့ မနေရဲတာ။ ကျွန်မ အရမ်းနေချင်တယ်၊ ဒီမှာက ရေလည်း အရမ်းရှားတယ်၊ မီးကလည်း ဆိုလာမီး၊ ည ၇ နာရီကနေ ၉ နာရီအထိ ပေးတာ။ မီးကလည်း သိပ်မလင်းဘူး” ဟု ဒေါ်နူးထာက ပြောသည်။

အိမ်မှ သူယူလာသည့် ကုလားပဲ၊ ရွာခံများက ပေးသည့် အသီးအနှံများဖြင့် စားသောက်နေရပြီး ရေရှည်တွင် အစားအသောက် ခက်ခဲလာမည်ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်နက်ကိုင်ခုခံသူတို့ကြား တိုက်ပွဲများကြောင့် မြို့လုံးကျွတ်ထွက်ပြေးနေရသည့် ထန်တလန်ဒေသခံ ၇၇၀၀ ကျော်သည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ကျေးရွာများတွင် တိမ်းရှောင်နေရပြီး စားနပ်၊ ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်နေသည့်အတွက် ပိုမိုထောက်ပံ့လှူဒါန်းပေးရန် ၎င်းတို့ကို ကူညီနေသူများက တောင်းဆိုနေကြသည်။

မြို့တွင်းတိုက်ပွဲ

နယ်စပ်တစ်လျှောက် ရွာ ၅၀ ကျော်တွင် ခိုလှုံနေသူတို့ကို ကူညီနေသည့် အဖွဲ့အနည်းငယ်ထဲတွင် Thantlang Placement Affairs Committee – IDPs help (TPAC) အဖွဲ့လည်း ပါဝင်သည်။  

ထိုအဖွဲ့မှ တာဝန်ခံ ဆလိုင်းလျှန်က ပြည်ပအခြေစိုက် ချင်းခရစ်ယာန်ဘာသာရေးအသင်းများနှင့် လူမှုရေးအဖွဲ့အစည်းတချို့က ထောက်ပံ့ပေးနေသော်လည်း စစ်ဘေးဒုက္ခသည်အရေအတွက် များလွန်းသဖြင့် လောက်ငမှု မရှိသေးကြောင်း ပြောသည်။

“အကူအညီမရှိဘဲ ဒီလိုမျိုး နောက်တစ်လလောက် နေသွားမယ်ဆိုရင်‌တော့ ဒါဟာ ကျွန်တော်တို့ တော်တော်လေး ဒုက္ခရောက်တော့မှာ” ဟု ဆလိုင်းလျှန်က ပြောသည်။   

ခိုလှုံသည့်နေရာများမှာ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်များ ဖြစ်သောကြောင့် နေရာထိုင်ခင်းအခက်အခဲ များစွာမရှိသေးကြောင်း ၎င်းက ပြောသည်။

ပိုမိုလုံခြုံသည့်နေရာသို့ ထွက်ပြေးလာရသော ထန်တလန်ဒေသခံများ (ဓာတ်ပုံ – TPAC)

စက်တင်ဘာဒုတိယပတ်မှ အောက်တိုဘာ ၃ အထိ စာရင်းများအရ ခွာဟရိန်း၊ ဗန်ဇန်း၊ ဇနတ်၊ ဗိုင်လာမ်း၊ ဘွောလ် စသည့် တောင်ကြောများပေါ်ရှိ ရွာပေါင်း ၅၀ ကျော်တွင် ၇၇၂၅ ဦး ခိုလှုံနေပြီး ထန်တလန်မြို့အနီးအနားရှိ ရွာများတွင် တိမ်းရှောင်နေရသူများလည်း ရှိနေသည်။

နိုင်ငံ၏ အဆင်းရဲဆုံးဒေသတွင် တည်ရှိသည့် ထန်တလန်တွင် မြို့တွင်းတိုက်ပွဲများက စက်တင်ဘာတွင် အစပြုခဲ့သည်။

စက်တင်ဘာ ၉ တွင် CDF (ထန်တလန်) အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြို့နယ်အတွင်း ရှာဖွေစစ်ဆေးနေသော စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးကာ ဒေသခံ ၄ ဦး ဒဏ်ရာရသွားသည်။ 

စက်တင်ဘာ ၁၈ တွင် တိုက်ပွဲထပ်ဖြစ်ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်သဖြင့် အဆောက်အအုံများ မီးလောင်ကာ မြို့လုံးကျွတ်နီးပါး စစ်ရှောင်ကြခြင်းဖြစ်သည်။

လူဦးရေ ၅၀,၀၀၀ ခန့်ရှိသည့် ထန်တလန်တွင် မြို့ပေါ်နေထိုင်သူအရေအတွက်မှာ ၈,၀၀၀ မှ ၁၀,၀၀၀ ကြား ရှိခဲ့သည်။

ထန်တလန်မှ ထွက်ပြေးရသည့် ဒေသခံများထဲမှ ၄၅၀၀ ကျော်သည် နယ်မြေထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲတွင် ရောက်ရှိနေပြီး မီဇိုရမ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းအချို့၏ အကူအညီကို ရယူနေရသည်ဟု ဆလိုင်းလျှန်က ပြောသည်။

ဗိုင်လာမ်းတောင်ကြောပေါ်တွင် ခိုလှုံနေသူများထဲမှ ၁၀၀ ကျော်သည် ကိုဗစ်နိုင်တင်းဖြစ်ပွားနေသည်ဟု ဆိုသည်။

“တချို့ရွာတွေဆိုရင် ကိုဗစ်နိုင်တင်းနဲ့ စည်းကမ်းနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ်လုပ်ထားတော့ ကူးစက်မှုတွေ မတွေ့ရဘူး၊ အခု ဗိုင်လာမ်းတောင်ကြောမှာဆိုရင်လည်း တင်းကျပ်မှုတွေလုပ်ထားပေမဲ့ ဒီလိုမျိုး ကူးစက်နှုန်းက ပျံ့နှံ့နေတာဆိုတော့ ဘယ်လိုကူးစက်လာမှန်း အတိအကျမသိသေးဘူး” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင် စက်တင်ဘာ ၁၈ က လူနေအိမ်များ မီးလောင်ကျွမ်းနေစဉ်။ (ဓာတ်ပုံ – The Chinland Post)

လက်ရှိတွင် ကူးစက်ခံရသူများကိုလည်း သီးသန့်ခွဲမထားနိုင်သေးဘဲ ခိုလှုံနေသည့်နေရာတွင်ပင် မိသားစုနှင့်အတူ နေထိုင်ရန် စီစဉ်ထားရသည်ဟု ဆိုသည်။

ကိုဗစ်နိုင်တင်းဖြစ်ပွားနေသူတို့ကို CDM ဆရာဝန်များဖြင့် ဖွဲ့စည်းထားသည့် ကုသရေးအဖွဲ့တစ်ခုက ကုသပေးနေသော်လည်း ဆေးဝါးလိုအပ်ချက် ရှိနေဆဲဖြစ်သည်ဟု သိရသည်။

ကိုဗစ်ကြောင့် သေဆုံးသူမရှိသေးကြောင်း၊ ကူးစက်သူများထဲမှ တစ်ဦးမှာ အောက်ဆီဂျင်ကျပြီး စိုးရိမ်နေရသည့် အနေအထားရှိသော်လည်း ပြန်ကောင်းလာနိုင်ကြောင်း ဆလိုင်းလျှန်က ပြောသည်။

စစ်ကောင်စီလက်အောက်တွင် ကျန်းမာရေးဌာနသည် မြို့ပေါ်ဆေးရုံများတွင်ပင် ဝန်ဆောင်မှုအကန့်အသတ်ဖြင့်သာ ပေးနေရသဖြင့် နယ်စွန်နယ်ဖျား တိမ်းရှောင်ရသူတို့နှင့် အလှမ်းဝေးနေသည်။ အာဏာမသိမ်းမီကတည်းက တိုင်းရင်းသားဒေသ စစ်ဘေးဒုက္ခသည်တို့ကို ကူညီလေ့မရှိသည့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ တာဝန်ရှိသူများသည်လည်း အွန်လိုင်းအစည်းအဝေးများနှင့်သာ အလုပ်ရှုပ်နေသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်နိုင်စွမ်းမှာ ကိုဗစ်နှင့် အာဏာသိမ်းပြီး ဖရိုဖရဲဖြစ်နေသော အခြေအနေများကြောင့် အကန့်အသတ် ပိုမို ကြီးမားလာနေသည်။ 

ပစ်ရန်ရှိသေးသည်

ပစ်ခတ်မှုများကြောင့် မြို့ပေါ်တွင်မူ လူမရှိသလောက်ပင်။ လက်ကျန် မြို့လူထုထက် စစ်ကောင်စီတပ်သားအရေအတွက်က ပိုများနေသည်။ စက်တင်ဘာလကုန်ပိုင်းတွင် မြို့ပေါ်တွင် ဒေသခံ ၃၀ ခန့်သာ ကျန်တော့သည်။

စက်တင်ဘာ ၃၀ တွင် ခရီးထွက်ရာမှ ပြန်လာသူတို့၏ မော်တော်ယာဉ် ပစ်ခတ်ခံရရာ မြို့မိမြို့ဖ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားကြသည်။

အောက်တိုဘာ ၇ ကလည်း မြို့ပေါ်သို့ ရိက္ခာလာပို့သည့် စစ်ရှောင်အမျိုးသားတစ်ဦး ပစ်ခတ်ခံရသည့်အတွက် လက်မောင်းတွင် ဒဏ်ရာရသွားသည်။ 

ထို့ကြောင့် အောက်တိုဘာ ၁၃ တွင် မြို့မိမြို့ဖတချို့နှင့် ဘာသာရေးခေါင်းဆောင်တချို့က မြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်ညှိနှိုင်းကြသည်။

ညှိနှိုင်းမှုအပြီးတွင် ရွာအသီးသီးရောက် စစ်ဘေးဒုက္ခသည်တို့က မြို့ပေါ်ရှိ ၎င်းတို့နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများကို ကားအစီးရေ ၄၀ ခန့်ဖြင့် သွားရောက်ယူဆောင်ကြသည်။

မြို့နှင့် ၁၀ မိုင်ခန့်ကွာသည့် ထွာလန်းရ်ကျေးရွာတွင် ခိုလှုံနေသည့် ဒေါ်နူးထာက ထန်တလန်မြို့ပေါ်ရှိ ၎င်း၏ နေအိမ်မှ အိုးခွက်ပန်းကန်များ၊ ဆောင်းရာသီအတွက် စောင်နှင့် အနွေးအထည်များကို ထိုနေ့က ပြန်ယူခဲ့သည်ဟု ဆိုသည်။

စစ်ရှောင်လာသည့် ထန်တလန်မြို့ခံများကို စက်တင်ဘာလ တတိယပတ်အတွင်းက မြင်တွေ့ရစဉ်။ (ဓာတ်ပုံ-TPAC) 

မြို့မိမြို့ဖတစ်ဦးက ၎င်းတို့နှင့် တွေ့ဆုံစကားပြောခဲ့ရသည့် စစ်ကောင်စီတပ်အရာရှိက ထန်တလန်မြို့တွင် တော်လှန်သူများရှိနေဦးမည်ဆိုပါက ဆက်လက်ပစ်ခတ်ရဦးမည်ဟု ဆိုသည်ဟု ပြောသည်။ 

“ဗျူဟာမှူးကတော့ ကျွန်တော်တို့တပ်မတော်က ထန်တလန်ကို မဝင်ဖို့ တစ်ခါမှမပြောပါဘူးတဲ့။ အမြဲတမ်း ခွင့်ပြုပါတယ်တဲ့။ ဒါပေမဲ့ ထန်တလန်မြို့က သူပုန်တွေရှိတယ်ဆိုရင်တော့ သူပုန်ရှိတဲ့မြို့ကတော့ ပစ်မှာပဲလို့ ပြောတယ်” ဟု အဆိုပါ မြို့မိမြို့ဖက ဆက်ပြောသည်။

စစ်ကောင်စီက ထန်တလန်အခြေအနေနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

သင်းအုပ်ဆရာ ပစ်သတ်ခံသည့် သတင်းကိုမူ နိုင်ငံတကာသတင်းဌာနများကပါ တင်ဆက်လာပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်းသည် ထန်တလန်မြို့အတွင်း မီးလောင်သွားသည့် နေရာသို့ သွားရောက်စဉ် ကျည်ထိခဲ့သည်ဟု ဆိုသည်။ 

“ဒီကျည်ထိမှန် သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၁ တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလဆန်းမှစ၍ ချင်းပြည်နယ်တွင် ထိုးစစ်များဆင်နွှဲရန်အတွက် စစ်ကောင်စီက စစ်သည် ရာနှင့်ချီ အင်အားဖြည့်တင်းလာနေသည်။

လလယ်ပိုင်းတွင် မကွေးတိုင်း၊ ပခုက္ကူမြို့ဘက်မှ သံချပ်ကာကား ၃ စီး အပါအဝင် စစ်ကား အစီး ၈၀ ကျော် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ ရောက်ရှိလာသလို စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ စစ်ကား အစီး ၄၀ ကျော်ပါသည့် စစ်ကြောင်း ဖလမ်းမြို့သို့ ရောက်ရှိလာသည်။

ယမန်နေ့ (အောက်တိုဘာ ၁၄) ကလည်း ဟားခါး-ဖလမ်း လမ်းပေါ်တွင် စခန်းချနေသည့် စစ်ကြောင်းကို CNA နှင့် CNDF တို့ ဝင်တိုက်ခဲ့သည်။ ထိုပစ်ခတ်မှုမှာ တိုက်ပွဲအသေးစားတစ်ခုသာ ဖြစ်သည်။

ချင်းတောင်ပေါ်တွင် တိုက်ပွဲကြီး တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားလာဖွယ်ရှိသဖြင့် မြို့ပေါ်ပြန်ရောက်ရေးမှာ အလှမ်းဝေးနေသေးသည့် ဒုက္ခသည်တို့လည်း ပိုမိုခက်ခဲလာနိုင်သည်ဟု ထွာလန်းရ်ကျေးရွာတွင် ခိုလှုံနေသည့် ဒေါ်နူးထာက ပြောသည်။

“ဒီမှာအဆင်မပြေလည်း ပြေအောင်နေရတာပေါ့။ ဘယ်လောက်များကြာမလဲဆိုပြီးမှ စိတ်ညစ်လိုက်တာ၊ အဖြူအမည်း မြန်မြန်ပေါ်ပါစေဆိုပြီးမှ ဘုရားသခင်ဆီမှာ ဆုတောင်းထားတယ်၊ အိမ်ကိုလည်း ပြန်ချင်လွန်းလို့။ ဒါပေမဲ့ သေနတ်သံကြားရင်တော့ သိပ်မပြန်ချင်ဘူးပေါ့နော်” ဟု ဒေါ်နူးထာက ပြောသည်။

ရွာခံတို့ ပေးသော အစားအစာကို အားနာနာနှင့် စားသောက်နေရကြောင်း၊ မြို့မှ ယူလာသည့် အစားအစာတို့မှာလည်း ရက်အနည်းငယ်အတွက်သာ ကျန်တော့ကြောင်း ထန်တလန်ရှိ အိမ်ကို လွမ်းဆွတ်သတိရနေသော ဒေါ်နူးထာက ပြောလိုက်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button