သတင်း

မန္တလေး ကံတက်ကုန်းကျောင်းရှိ ဒေါ်အောင်ဆန်းစုကြည်ရုပ်တု ဖျက်ဆီးခံရ

မန္တလေး၊ မဟာအောင်မြေမြို့နယ် ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းဝင်းအတွင်း ထားရှိသည့် ဒေါ်အောင်ဆန်းစုကြည်ပုံတူ ရုပ်တုကို ယမန်နေ့ (အောက်တိုဘာ ၁၄) တွင် တုတ်၊ ဓားလက်နက်ကိုင်ဆောင်ထားသူများက ဖျက်ဆီးခဲ့သည်။

မဟာအောင်မြေမြို့နယ် ၅၅ လမ်း၊ လမ်း ၄၀၊ ၄၁ လမ်းကြားရှိ ကံတက်ကုန်းကျောင်းရှိ ရုပ်တုကို နံနက် ၄ နာရီခန့်တွင် မည်သူမည်ဝါ မသိရသော တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်ထားသူ ၃၀ ခန့်က အင်အားသုံး ရိုက်ချိုးဖျက်ဆီးခဲ့သည်ဟု ကျောင်းနေရဟန်းတစ်ပါးထံမှ သိရသည်။ 

“ဆွမ်းပွဲထပြင်တဲ့ ကျောင်းသားလေးက ခွေးတွေတအားဟောင်တော့ သွားကြည့်တာ။ အဲဒီမှာ တုတ်ဓားတွေ ကိုင်ထားတဲ့လူတွေ တွေ့တော့ သူလည်း ပုန်းနေခဲ့တာ။ သူလည်း အဝေးကပဲ မြင်လိုက်ရတာ” ဟု အဆိုပါရဟန်းက မိန့်သည်။

တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ထားသူများသည် ကားသုံးစီးဖြင့် ရောက်လာပြီး ဘုန်းကြီးကျောင်းတံခါးကို ရိုက်ချိုးဖျက်ဆီးကာ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ 

မျက်မြင်တွေ့ရှိသူ ဘုန်းကြီးကျောင်းသား၏ အဆိုအရ ၅ပေ ၄ လက်မ အမြင့်ရှိ ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို ရစရာမရှိအောင် လူအင်အားသုံးဖျက်ဆီးရာတွင် ၁ မိနစ်ကျော်သာ ကြာမြင့်ကြောင်း၊ ထိုသို့ ဖျက်ဆီးပြီးနောက် ချက်ချင်းပင် ပြန်ထွက်သွားကြသည်ဟု သိရသည်။ 

“ခေါင်းကိုအရင်ထု၊ ခေါင်းကိုအရင်ထု အဲဒီလိုအသံတွေ သူကြားရတယ် ပြောတယ်”ဟု ဘုန်းကြီးကျောင်းသားလေးထံမှ ပြန်သိရသည့်အကြောင်း ကျောင်းနေရဟန်းက မိန့်သည်။

လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့နေသည့် မိနစ်ဝက်ခန့် ကြာမြင့်သည့် ရုပ်သံဖိုင်တစ်ခုတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး တူအကြီးစားဟု ယူဆရသည့် ကိရိယာကို ကိုင်ဆောင်ထားသူနှစ်ဦးက ရုပ်တုကို ရိုက်နှက်ဖျက်ဆီးနေသည်ကို တွေ့ရပြီး “ထု၊ ထု”၊ “ခေါင်းကိုဖြုတ်၊ ခေါင်းကိုဖြုတ်”၊ “အောက်ပိုင်းထု၊ အောက်ပိုင်း ထု”စသဖြင့် ညွှန်ကြားနေသူအချို့၏ အသံများလည်း ကြားရသည်။

အင်္ဂတေဖြင့် ထုလုပ်ထားသည့် ထိုရုပ်တုမှာ ဖျက်ဆီးခံရမှုကြောင့် ပြိုလဲမသွားသော်လည်း ရုပ်လုံးမပေါ်တော့သည့် အနေအထားသို့ ရောက်သွားခဲ့ကြောင်း ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ရုပ်တု၏ နောက်ဘက်ရှိ ၎င်း၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တုမှာမူ ဖျက်ဆီးမခံရပေ။ 

အဆိုပါရုပ်တုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်ဆရာတော်ကြီးက ဦးဆောင်ကာ ၂၀၁၈ ခုနှစ် ဇွန် ၁၉ ရက်တွင် စိုက်ထူခဲ့ခြင်းဖြစ်သည်။ 

NLD အစိုးရလက်ထက်တွင် ပြုလုပ်သည့် ထိုရုပ်တုဖွင့်ပွဲသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

“ဆရာတော်ကြီးရဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ မေတ္တာတရားပါ။ သူမလို သီလသမာဓိရှိဖို့ စံထားပြီးပြုမူနေထိုင်ကြဖို့ ကျောင်းထဲမှာ ဆရာတော်ကြီးက ထားထားတာ”ဟု ထိုကျောင်းတွင် သီတင်းသုံးနေသည့် နောက်ထပ်ရဟန်းတစ်ပါးက မိန့်သည်။

သက်တော်(၆၇)အရွယ်ရှိ ကျောင်းတိုက်ဆရာတော်မှာ ရုပ်တုဖျက်ဆီးခံရချိန်တွင် ကျောင်း၌ မရှိဘဲ အခြားမြို့တစ်ခုတွင် ဝါဆိုနေချိန်ဖြစ်ကြောင်း၊ ထိုသို့ ဖျက်ဆီးခြင်းကို ရှုတ်ချကြောင်း မိန့်ကြားသည်ဟု သိရသည်။

“ဆရာတော်ကြီးကို လျှောက်လိုက်တော့ ဆရာတော်ကြီးက ဝမ်းမနည်းဘူး။ သူတို့ရဲ့ယုတ်ညံ့တဲ့ စိတ်ဓာတ်တွေ ပေါ်လွင်သွားတာပေါ့လို့ပဲ မိန့်တယ်” ဟု ထိုရဟန်းက ဆိုသည်။ 

သာသနာ့နယ်မြေအတွင်း ထိုသို့ လက်နက်ကိုင်ဆောင် အကြမ်းဖက်သည့် လုပ်ရပ်အတွက် မြို့နယ်သံဃမဟာနာယကထံ အသိပေးတိုင်ကြားထားသည်ဟု ကျောင်းနေရဟန်းအချို့ထံမှ သိရသည်။ ယင်းနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်နေသည်ကို မဟာအောင်မြေမြို့နယ် သံဃမဟာနာယကအဖွဲ့ထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

ထိုဖြစ်စဉ်အပေါ် စစ်ကောင်စီ၏ အရေးယူဆောင်ရွက်မှုများ မတွေ့ရသေးသလို ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်း မရှိသေးပေ။

အဆိုပါရုပ်တုစိုက်ထူစဉ်က ဦးဆောင်ပါဝင်ခဲ့သည့် မြို့ခံတစ်ဦးက “သာသနာ့နယ်မြေထဲကို အရပ်သူအရပ်သားကတော့ ဝင်လုပ်မှာမဟုတ်ဘူး။ သေချာတာကတော့ (စစ်ကောင်စီနှင့် ပတ်သက်သူ) ဒီလူတွေပါဘဲ။ မလိုလားတဲ့သူတွေပေါ့။ တန်ဖိုးအားဖြင့် ဖျက်ဆီးတာလည်း မဟုတ်ဘူး။ ဒီကျောင်းက သံဃာတော်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးတယ်လို့ ယူဆပြီး ပုဂ္ဂိုလ်ရေးမုန်းတီးလို့ လုပ်တာလို့ပဲ မြင်တယ်”ဟု မှတ်ချက်ပြုသည်။

သံဃာတော် အပါး ၆၀၊ လူ ၁၈၀ ကျော် နေထိုင်သည့် ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းတိုက်သို့ စက်တင်ဘာလအတွင်း အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ကြိမ်တိုင် လာရောက်ခဲ့ဖူးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်သည့် ဘုန်းတော်ကြီးအချို့ကို လာရောက်ရှာဖွေခဲ့သေးသည်ဟု ကျောင်းနေရဟန်းများထံမှ သိရသည်။

NLD အပြတ်အသတ်အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ချကာ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားကာ ရှစ်လကျော်ကြာချိန်တွင် ပုဒ်မပေါင်း ၁၁ ခုဖြင့် တရားစွဲထားပြီးဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button