သတင်း

အာဏာသိမ်းသည့်နေ့တွင် စစ်တပ်က ခြိမ်းခြောက်ခဲ့ကြောင်း သမ္မတဦးဝင်းမြင့် ထုတ်ပြော

အာဏာသိမ်းကြောင်း ကြေညာသည့် ဖေဖော်ဝါရီ ၁ နံနက် ၅ နာရီခန့်တွင် သမ္မတအိမ်တော်သို့ ရောက်လာသည့် တပ်အရာရှိကြီးနှစ်ဦးက ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ပြီး ပုဂ္ဂိုလ်ရေးထိခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဦးဝင်းမြင့်က ယနေ့(အောက်တိုဘာ၁၂) တရားခွင်တွင် ထွက်ဆိုသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားပြီး ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က စွဲချက်တင်ထားသည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) အမှုအတွက် ကိုယ့်ကိုယ်ကို သက်သေအရာထား၍ ထုချေစဉ် ထိုသို့ပြောခဲ့သည်ဟု ၎င်း၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပြန်သည်ဆိုသော စာနှစ်စောင်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ စွပ်စွဲချက်မှာ ၎င်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ ၎င်းမှာ အာဏာမသိမ်းမီကတည်းက ခြိမ်းခြောက်ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်က ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

ထိုနေ့နံနက်က သမ္မတအိမ်တော်သို့ ရောက်လာသူနှစ်ဦးမှာ ဗိုလ်ချုပ်ကြီးအဆင့်ထက် မနိမ့်သူများဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းနေသည်ဖြစ်၍ နုတ်ထွက်ရန် မရှိသလို၊ မနုတ်ထွက်၍ ပုဂ္ဂိုလ်ရေးထိခိုက်မည်ဆိုလျှင်လည်း မတတ်နိုင်ဟု ပြန်ပြောခဲ့သည်ဟု ယနေ့တရားခွင်တွင် ဦးဝင်းမြင့်က အသိပေးခဲ့သည်ဟု ဆိုသည်။

“နုတ်ထွက်မပေးနိုင်တဲ့ အကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုလည်း မတတ်နိုင်ဘူး။ အသေပဲ ခံလိုက်မယ်လို့ ပြန်ပြောခဲ့ပါတယ်တဲ့။ ဦးဝင်းမြင့်က ခင်ဗျားတို့ ဥပဒေနဲ့အညီပဲ လုပ်သင့်တယ်။ အာဏာမသိမ်းသင့်ပါဘူးလို့ ပြောခဲ့တယ်တဲ့”ဟု ဦးဝင်းမြင့်၏ ထွက်ဆိုချက်ကို ရှေ့နေတစ်ဦးက ပြန်ပြောပြသည်။

ထောင်ဒဏ် ၂နှစ်အထိ အပြစ်ပေးနိုင်သည့် ထိုအမှုတွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီ ဖမ်းဆီးခံခဲ့ရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့မှာ တစ်ပေါင်းတည်း အမှုဖွင့်ထားရသည်။

ဇွန် ၇ ရက်မှစ၍ စစ်ဆေးနေသည့် ထိုအမှုမှာ စက်တင်ဘာ ၂၁ တွင် စွဲချက်တင်ခံရသည့် အဆင့်သို့ ရောက်လာခဲ့ပြီး ယနေ့မှစ၍ စွပ်စွဲခံရသူတို့ဘက်မှ သက်သေများကို စစ်ဆေးမည်ဟု ဇဗ္ဗူသီရိမြို့နယ် တရားသူကြီးက စီစဉ်ထားပြီးဖြစ်သည်။

သို့သော် အပြစ်မရှိကြောင်း ထုချေမည့် လူပုဂ္ဂိုလ်ကို တရားရုံးသို့ သက်သေအဖြစ် တင်သွင်းလျှင် စစ်ကောင်စီက ရန်ငြိုးဖွဲ့ဖွယ်ရှိသဖြင့် ကိုယ်တိုင်သက်သေထွက်ရန် စွပ်စွဲခံရသူတို့ဘက်က စီစဉ်ထားပြီး ယနေ့ရုံးချိန်းတွင် ဦးဝင်းမြင့်ကို သက်သေအဖြစ် စတင်စစ်မေးသည်။ 

စစ်ကောင်စီဘက်မှ ဥပဒေအရာရှိက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့၏ လှုပ်ရှားဆောင်ရွက်မှုများကို သိရှိခြင်း ရှိမရှိ အဓိကစစ်မေးခဲ့သလို ထိုကိစ္စများမှာ ဖမ်းဆီးခံရပြီးနောက်မှ ပေါ်ပေါက်ခြင်းဖြစ်၍ ယခုအမှုနှင့် ဆီလျော်ခြင်း မရှိဟု ပြန်လည်ချေပခဲ့ကြောင်း ဦးဝင်းမြင့်၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။

“(ဦးဝင်းမြင့်ကိုယ်တိုင်ကလည်း) NLD ဗဟိုအလုပ်အမှုဆောင်စာရင်းမှာ အမည်ပါရုံနဲ့ စွဲဆိုထားတဲ့အမှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲတာဟာ ယုတ္တိမရှိ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ (တရားခွင်မှာ) ပြောသွားပါတယ်”ဟု ရှေ့နေတစ်ဦးက ပြောသည်။

ထိုအမှုနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၂၆၊ ဒေါက်တာမျိုးအောင်ကို နိုဝင်ဘာ ၂ တွင် သက်သေအဖြစ် စစ်ဆေးရန် ရှိသည်။

ယနေ့တရားခွင်အတွင်း သမ္မတဦးဝင်းမြင့်၏ ထွက်ဆိုချက်ကို ကြည့်ပါက စစ်တပ်၏ အာဏာသိမ်းမှုမှာ ၎င်းတို့ကိုယ်တိုင်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေနှင့် မည်သို့မျှ ဆီလျော်ခြင်းမရှိသည့် နိုင်ငံတော်ပုန်ကန်မှုသာဖြစ်ကြောင်း အထင်အရှားတွေ့နိုင်မည်ဟု ရှေ့နေတစ်ဦးက သုံးသပ်သည်။

“အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းပါတယ်လို့ စစ်ကောင်စီက လျှောက်ပြောနေတာ။ အခုပေါ်ပြီ။ သမ္မတက အရေးပေါ်အခြေအနေကြေညာကြောင်း လက်မှတ်မထိုးပေးဘဲနဲ့၊ နုတ်မထွက်ပေးဘဲနဲ့ လုပ်တယ်ဆိုတာ ထင်ရှားနေပြီ။ ဒုတိယသမ္မတက လက်မှတ်ထိုးပြီး အာဏာလွှဲတယ်ဆိုတာ အလိမ်အညာပဲ”ဟု ၎င်းက ပြောသည်။

အာဏာသိမ်းမှုမှာ တရားဝင်ကြောင်း ကမ္ဘာသိ ပြောဆိုနေသည့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button