သတင်း

ထီးချိုင့်မြို့၊ လေသာရွာကို စစ်တပ်စီးနင်းစဉ် PDF တချို့ သေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာရွာကို ယနေ့ (အောက်တိုဘာ ၁၁) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားရာ ထီးချိုင့်ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) ၄ ဦး သေဆုံးခဲ့သည်ဟု ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နံနက် ၄ နာရီခွဲခန့်တွင် စစ်သား အင်အား ၁၀၀ ကျော်က မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ လေသာရွာသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။  

သေဆုံးသူ ၄ ဦးမှာ ထီးချိုင့်ဒေသခံများဖြစ်ကြသော PDF များဖြစ်သည့် ဦးတင်ညွန့်နှင့် လူငယ်များဖြစ်သော ကိုဖြိုးမင်းထက်၊ ကိုလွင်မိုးနှင့် ကိုအောင်ကိုဝင်းတို့ ဖြစ်ကြောင်း၊ ယမန်နေ့က ဖမ်းဆီးခံရသူတစ်ဦးဦးကို စစ်ကြောမေးမြန်းရာမှ PDF တပ်ဖွဲ့ဝင်များ ရှိနေသည့် နေရာကို သိရှိသွားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“ကလေးတွေက အကုန် ထောင်ချောက်ထဲ ကျပြီးတော့မှ အဝိုင်းခံလိုက်ရတာ” ဟု ပြောရေးဆိုခွင့်ရှိသူ PDF အမျိုးသားက ဆိုသည်။

တိုက်ပွဲအတွင်း လူငယ်တချို့ဖမ်းဆီးခံရကာ လက်နက်တချို့လည်း ဆုံးရှုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များက လေသာရွာအတွင်း ဆက်လက်တပ်စွဲနေသည့်အတွက် ထိခိုက်ဆုံးရှုံးမှုဖြစ်စဉ် အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထီးချိုင့်မြို့နယ် မြောက်ဘက်ကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်စီးနင်းနေပြီး လေသာရွာရှိ ရွာခံအများအပြားမှာ စစ်ကောင်စီတပ်ရန်ကြောင့် လွန်ခဲ့သည့် နှစ်ရက်ခန့်ကတည်းက ရွာမှ တိမ်းရှောင်သွားကြသည်။

“အရင်ရက်တွေထဲက ထွက်ပြေးကြတာ။ အလယ်တောရွာကို ဝင်မွှေပြီး ဖမ်းနေကတည်းက ရွာသားတွေက ထွက်ပြေးကြတာ” ဟု ထီးချိုင့် PDF တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီ၏ တပ်မ ၃၃ တပ်များနှင့် နယ်မြေခံတပ်အချို့မှာ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းအတွင်း တပ်စွဲထားပြီး ကျေးရွာများကို ယခုရက်ပိုင်းအတွင်း ဝင်ရောက်စီးနင်းနေသည်။

ယမန်နေ့ကလည်း အင်းတိန်ကျေးရွာမှ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ထီးချိုင့်မြို့ပေါ်အသွား ဆိုင်ကယ် Tool Box အတွင်း ကျည်ဆန်ခွံတစ်ခု တွေ့ရှိသည်ဟု ဆိုကာ အဖမ်းခံရပြီး စစ်ကြောမေးမြန်းခံရစဉ် ၂၄ မပြည့်မီ သေဆုံးခဲ့သည်။ 

ထီးချိုင့်နှင့် အနီးဝန်းကျင် မြို့များ

ထီးချိုင့် PDF အဖွဲ့သည် စက်တင်ဘာ နောက်ဆုံးအပတ်မှစ၍ တော်လှန်ရေးလှုပ်ရှားမှုများကို ပိုမိုအရှိန်မြှင့်လာပြီး မြို့နယ်အတွင်းမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန်၊ ည ၈ နာရီနောက်ပိုင်း ဒေသခံများ အပြင်မထွက်ရန်၊ မန္တလေး-မြစ်ကြီးနားလမ်းကို ည ၈ နာရီကျော်လျှင် အသုံးမပြုရန် စသည့် ကြေညာချက်များ ထုတ်ခဲ့သည်။

ဒေသတွင်း ကမ်းနီရဲကင်းစခန်းနှင့် အလယ်တောကင်းစခန်းမှ ရဲများက စခန်းကို စွန့်ခွာပြီး ထီးချိုင့်မြို့ပေါ်ရှိ ရဲစခန်းတွင်း သွားရောက် ပူးပေါင်းနေကြသည်။ စစ်တပ်လာလျှင် ထိုစခန်းများတွင် တပ်စွဲလေ့ရှိသောကြောင့် အောက်တိုဘာ ၃ နှင့် ၄ ၌ အဆိုပါ ရဲကင်းစခန်း ၂ ခုကို ထီးချိုင့် PDF က မီးရှို့ခဲ့သည်။

ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) ကို မေလအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် လက်တွဲကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button