သတင်း

စစ်တပ်ဝင်သည့် ကန့်ဘလူမြို့တွင် ရွာသား ရိုက်နှက်ခံရ၊ ပစ္စည်းတချို့ပျောက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ ပုဏ္ဏားကြီးကျေးရွာကို ယမန်နေ့ (အောက်တိုဘာ ၁၀) မနက်ပိုင်းက ရောက်သွားသော စစ်ကောင်စီတပ်များက နေအိမ် ၆ လုံးခန့်ကို ဝင်ရောက်စီးနင်းရှာဖွေကာ ရွာသားတစ်ဦးကို ရိုက်နှက်ခဲ့သည်ဟု ဒေသခံ ၂ ဦးထံမှ သိရသည်။

သေနတ်ပစ်ဖောက်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၅၀ ခန့်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဦးဆောင်သူများကို လာရောက်ရှာဖွေသည်ဟု ဆိုကာ အိမ်များအတွင်း မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းတချို့ ယူဆောင်သွားကြသည်ဟု အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“အစ်မတို့အိမ်ကတော့ ဘာမှ အများကြီး မပါသွားဘူး။ ပစ္စည်းတွေ မွှေနှောက်ပြီးတော့ သွေးပေါင်ချိန်စက်တော့ ပါသွားတယ်။ အစ်မအဖေ ဦးစိန်သောင်းကို PDF ခေါင်းဆောင်ဆိုပြီး ရှာသွားတာ။ အစ်မတို့မိသားစုက စစ်သားတွေ ရွာထဲဝင်ပြီဆိုကတည်းက အကုန်လုံးထွက်သွားရတာ”ဟု ထိုအမျိုးသမီးက ဆိုသည်။ 

ထို့နောက် အမျိုးသားတစ်ဦးကို ယာယီ ဖမ်းဆီးရိုက်နှက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်တို့၏ နေအိမ်များ၊ PDF ထောက်ခံသည့် နေအိမ်များကို မေးမြန်းကြသည်ဟု သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“လူကိုလည်း နှိပ်စက်တယ်။ နေပူမှာ ဝမ်းလျားမှောက်ခိုင်းတာ။ မှောက်ခိုင်းပြီးတော့မှ ရိုက်တာ။ ကျောတွေရော၊ တင်ပါးတွေရော။ နှုတ်ခမ်းတွေဘာတွေလည်း ပေါက်တယ်။ ဒဏ်ရာက တော်တော်များတယ်။ နှုတ်ခမ်းက တော်တော်ဆိုးတာ။ သူတို့ရဲ့ သေနတ်ဒင်နဲ့ ဆောင့်တာနေမှာ။ တော်တော်ကို ပေါက်ပြဲပြီးတော့ ယောင်နေတာ။ မျက်ခုံးရယ်၊ နားရွက်နားရယ်ပေါ့”ဟု ထိုမိသားစုဝင်က ဆိုသည်။ 

ထိုသို့ရိုက်နှက်ပြီးနောက် စစ်ကောင်စီတပ်များက နေအိမ်အတွင်း ဝင်ရောက်ရှာဖွေပြီး အိမ်ရှိပစ္စည်းများကို ဖျက်ဆီးကြသည့်ပြင် ငွေ ၁၀ သိန်းနှင့် မိုဘိုင်းဖုန်းနှစ်လုံးကိုလည်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။ 

ဒဏ်ရာပြင်းထန်သည့် ထိုအမျိုးသားမှာ ဆေးကုသမှုခံယူနေရသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် နေ့လယ် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်များက အိမ်ခြေ ၂၀၀ ခန့်ရှိ ပုဏ္ဏားကြီးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း NLD ထောက်ခံသူများအားလုံး ရွာတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရွာခံများထံမှ သိရသည်။

ပုဏ္ဏားကြီးကျေးရွာမှ ၂ မိုင်ခန့်အကွာ (ကန့်ဘလူမြို့ မြောက်ဘက် ၃၂ မိုင်) ချပ်သင်းစံပြကျေးရွာတွင် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားပြီး စစ်တပ်သတင်းပေး(ဒလန်) နှင့် ပျူစောထီးတို့၏ တိုင်ကြားမှုများရှိလာလျှင် အနီးအနားရှိ ရွာများကို ဝင်ရောက်ရှာဖွေလေ့ရှိသည်ဟု ချပ်သင်းဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ချပ်သင်းတစ်တိုက်နယ်လုံးက ရွာတွေပေါ့နော်။ သူတို့ (စစ်တပ်) က သတင်းကြားတာပြုတာတို့၊ ပျူစောထီးက တိုင်တာတို့၊ ဒလန်တိုင်တာတို့ ဘာတွေဖြစ်ခဲ့ရင် သူတို့ ဆင်းတယ်။ တစ်ခါတလေလည်း သူတို့ PDF တွေ ရှာတဲ့ပုံစံမျိုးနဲ့ ဆင်းတယ်”ဟု အထက်ပါဒေသခံက ဆက်ပြောသည်။ 

ပြီးခဲ့သည့် ဇွန် ၁၆ တွင် ကန့်ဘလူမြို့နယ် ရီးဒွေးရွာကို စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီဝင် ၅၀ ခန့်က သေနတ်၊ တုတ်၊ ဓား လက်နက်များကိုင်ဆောင်၍ ထိုကျေးရွာမှ  NLD ခေါင်းဆောင် ၄ ဦး၏ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ခြိမ်းခြောက်ခဲ့ကြသေးသည်။

အောက်တိုဘာ ၁၀ နှင့် ဇွန် ၁၆ တို့တွင် ကန့်ဘလူမြို့နယ်တို့တွင် ထိုသို့ ရိုက်နှက် ဖမ်းဆီး ဖျက်ဆီးမှုများပြုလုပ်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ကန့်ဘလူမြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းဖြေဆိုခြင်း မရှိသေးပေ။

စက်တင်ဘာလ ၁၆ ရက်နေ့က ရေအေးကျေးရွာအနီး စစ်ကောင်စီယာဉ်တန်း ရီမုလက်လုပ်ဆွဲမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသဖြင့် ကားတစ်စီး မိုင်းစထိမှန်ခဲ့သည်ဟု စစ်ကောင်စီက နောက်တစ်နေ့တွင် ကြေညာခဲ့သည်။ မိုင်းခွဲသည်ဟု ယူဆရသူကို ဖမ်းမိရန် အသေးစိတ်ပိတ်ဆို့ရှာ ဖွေစစ်ဆေးကြသည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button