စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

စစ်ကောင်စီနှင့် ပူးပေါင်းလိုက်သည့် ရွေးကောက်ခံ NLD အမတ်များ

နိုင်ငံအနှံ့မှ အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ ၂၀၂၀ ရွေးကောက်ပွဲနိုင် အမတ်များထဲတွင် ဖမ်းဆီးခံနေရ၊ တိမ်းရှောင်နေရသူ အများအပြားရှိသော်လည်း ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သည့် ဦးစိန်လွင်မှာ နေအိမ်တွင်သာ ရှိနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမတ်တစ်ဦးဖြစ်သည့် အသက် ၈၂ နှစ်အရွယ် ဦးစိန်လွင်က အာဏာသိမ်းမှုဆန့်ကျင်သည့် လုပ်ငန်းများ၊ လှုပ်ရှားမှုများနှင့် ပတ်သက်မှု မရှိကြောင်း ရေးသားထားသည့် ခံဝန်ချက်ကို ကျုံပျော်မြို့နယ် စစ်ကောင်စီဝင်များ ရှေ့မှောက်တွင် လက်မှတ်ထိုးထားသည်ဟု Myanmar Now ကို ပြောသည်။

“ရေးထားတာတွေကတော့ ကျွန်တော်တို့နဲ့ လုပ်ငန်းပတ်သက်တာ၊ လုံးဝမရှိဘူးဆိုတဲ့အကြောင်း စာမှာ ရေးထားတယ်လေ။ ကျွန်တော်တို့ကို (ပါတီက) ဘာတာဝန်မှ မပေးဘူးဆိုတဲ့အကြောင်း အဲ့ဒါတွေကို ဖတ်ပြပြီးတော့ ကျွန်တော်တို့ လက်မှတ်ထိုးရတာပါ”ဟု ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းလွှတ်တော် ကျုံပျော်မဲဆန္ဒနယ် အမှတ် ၁ မှ မဲပေးသူတို့၏ ထောက်ခံမဲ အများဆုံးရခဲ့သူ ဦးစိန်လွင်က စက်တင်ဘာလနှောင်းပိုင်းတွင် ပြောသည်။

ရွေးကောက်ပွဲမဲစာရင်းအကြောင်းပြ၍ အာဏာသိမ်းကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် ဦးစိန်လွင်တို့တွင် ရွေးချယ်စရာ များစွာမရှိပေ။

လုံခြုံစိတ်ချရသည့် နေရာတစ်ခုသို့ တိမ်းရှောင်ခြင်း၊ လာရောက်ဖမ်းဆီးသူတို့ကို နေအိမ်မှ စောင့်ဆိုင်းခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဟူသည့် နည်းလမ်းသုံးခုသာ ရှိသည်။ ဦးစိန်လွင်နှင့် တချို့သော နိုင်ငံရေးသမားတို့က နောက်ဆုံးနည်းလမ်းကို ရွေးချယ်လိုက်ကြရာ အများစုမှာ စစ်ကောင်စီတပ်သားတို့၏ အန္တရာယ်မှ ကင်းလွတ်နေကြသော်လည်း ရှုတ်ချပြစ်တင်မှုနှင့် ရင်ဆိုင်နေကြရသည်။ 

စစ်ကောင်စီရှေ့ ခံဝန်ထိုးခြင်း

ငြိမ်းချမ်းစွာ အာဏာဖီဆန်မှု၊ လက်နက်ကိုင်ခုခံသူတို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးသတ်ဖြတ်မှု၊ အိမ်မီးရှို့မှုတို့ဖြင့် တုံ့ပြန်နေသော်လည်း ကျုံပျော်မြို့နယ်အတွင်း၌ ထိုသို့ပြုမူခံရခြင်းမရှိပေ။

“ကျွန်တော်တို့ မလုပ်ဘူးပေါ့နော်။ လုပ်ရင် တစ်ဖက်ကလည်း လှုပ်မယ်။ ကျွန်တော်တို့ ငြိမ်နေရင် သူတို့လည်း ငြိမ်တယ်။ အဲ့ဒီသဘောလေးရှိတယ်။ သူတို့ဘက်ကလည်း သိပ်ပြီးတော့ မဖိနှိပ်ဘူး။ ကျွန်တော်တို့ဘက်ကလည်း သိပ်ပြီးတော့ ဆန္ဒတွေ မစောဘူး”ဟု ဦးစိန်လွင်က ပြောသည်။ 

“အဓိကကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုလည်းရှိတယ်။ နောက်တစ်ခုက ကိုယ့်မြို့ကိုယ့်ရွာရဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေလည်း ပိတ်သွားမှာစိုးတယ်။ ဒါပေမဲ့ လူငယ်တွေအနေအထားကတော့ စိတ်ဓာတ်ကတော့ရှိတယ်။ ၈၀ ရာခိုင်နှုန်းလောက်က စိတ်ဓာတ်တွေ ပြင်းထန်တယ်။ ကျွန်တော်တို့ လူကြီးပိုင်းတွေက ထိန်းသိမ်းပြီး ဖျောင်းဖျနေရတဲ့ အပိုင်းတွေရှိတယ်”  

မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးရှေ့တွင် တိုင်းလွှတ်တော် ကျုံပျော် ၂ အမတ် ဦးမျိုးသန့်လည်း လက်မှတ်ထိုးခဲ့သည်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုးအောင်နိုင်အတွက်မူ ၎င်း၏ ဇနီးဖြစ်သူက တာဝန်ယူလက်မှတ်ထိုးခဲ့သည်ဟု ဦးစိန်လွင်ကပြောသည်။ 

Myanmar Now က ဦးမျိုးသန့်ကို ဆက်သွယ်မေးမြန်းရာ လက်မှတ်ထိုးထားကြောင်း အတည်ပြုသည်။ 

ကျုံပျော်မဲဆန္ဒနယ်မှ အမတ် ၄ ဦးအနက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အသက် ၈၀ အရွယ် မန်းဂျော်နီသာလျှင် စစ်ကောင်စီထံတွင် လက်မှတ်ထိုးထားခြင်းမရှိသည့် တစ်ဦးတည်းသောအမတ်ဖြစ်နေသည်။ ကရင်တိုင်းရင်းသား မန်းဂျော်နီသည် NLD အစိုးရ အစောပိုင်းနှစ်များတွင် ဧရာဝတီတိုင်းအစိုးရဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ မကြာသေးခင်က အင်တာနက်တွင် ပေါ်လာသော ဓာတ်ပုံတချို့တွင် အသက် ၈၀ အရွယ် မန်းဂျော်နီက ပြောက်ကျားယူနီဖောင်းဝတ်ပြီး သေနတ်ကိုင်ထားသဖြင့် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေတစ်ခုတွင် ရောက်ရှိနေသည်ဟု အများက ယူဆနေကြသည်။

သူ၏ မဲဆန္ဒနယ်တွင်မူ ထူးခြားသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။

ပါတီရန်ပုံငွေ၊ ပါတီဝင်များ၏ အလှူငွေ ကျပ်သိန်း ၅၈၀ အကုန်အကျခံတည်ဆောက်ထားသည့် ၄၅ ပေ ပတ်လည် နှစ်ထပ်ရုံးအဆောက်အအုံကို စစ်ကောင်စီအသုံးပြုရန် ခွင့်ပြုထားသည်ဟု ဦးစိန်လွင်က ပြောသည်။

၎င်းတို့ကို လက်မှတ်မထိုးခိုင်းမီ ရက်ပိုင်းအလိုတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ပုံ၊ ပါတီအလံတို့ကို ဖြုတ်ချခံလိုက်ရသည်။

“ရုံးမှာ အရင်တုန်းကတော့ အဖွဲ့ချုပ်အလံ တင်ထားတယ်။ ဒေါ်စုပုံနှစ်ပုံကို ဆင်ဝင်မှာ ဘယ်ညာမှာ ဗီနိုင်းနှစ်ချပ်ထောင်ထားတယ်။ အဲ့ဒါကို တိုင်းမှူးက အဲ့ဒါတွေဖြုတ်ခိုင်းလို့ဆိုလား မြို့နယ်မှူးကတော့ လာဖြုတ်တယ်။ ကျွန်တော်တို့က ခွင့်ပြုလိုက်ပါတယ်။ စောဒကလည်းမတက်ဘူး။ သူတို့အနေနဲ့ ကြည့်ရတာ သိပ်အဆင်မပြေလို့ ထင်တယ်။ အဲ့ဒါလေးဖြုတ်ပေးပါဆိုတော့ ကိုယ့်ဟာကိုယ်ဖြုတ်ဆိုတော့ မြို့နယ်မှူးနဲ့ စခန်းမှူးအဖွဲ့က သူ့တို့ဟာသူတို့ တက်ဖြုတ်ကြတာ”ဟု ဦးစိန်လွင်က ပြောသည်။

ဦးစိန်လွင်က စစ်ကောင်စီထံတွင် လက်မှတ်ထိုးထားသော်လည်း Facebook တွင်မူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်သည်များကို ရံဖန်ရံခါ မျှဝေနေသည်။ 

သစ္စာခံမှု

မတရားအသင်းအဖြစ် ကြေညာခံထားရသည့် CRPH, အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသည့်အဖွဲ့များနှင့် မပတ်သက်ကြောင်း အမတ်များ လက်မှတ်ထိုးကြရန် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၁ မေ ၂၄ တွင် စာထုတ်ခဲ့သည်။

ဇွန် ၁၀ တွင် NLD ကလည်း စစ်ကောင်စီသာလျှင် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟု စာထုတ်ပြန်ခဲ့သည်

“CRPH, NUG, PDF တို့တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခြင်းများသည် လုံးဝတရားမဝင်ပါကြောင်းနှင့် လိုက်နာဆောင်ရွက်ရန် လုံးဝမလိုအပ်ပါ”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရန်ကုန်တိုင်း ရွှေပြည်သာမှ တိုင်းလွှတ်တော်အမတ်တစ်ဦးသည် စစ်မှုထမ်းဟောင်းကတ် လည်မှာဆွဲ၍ ရပ်ကွက်အတွင်း သွားလာကာ နေအိမ်များမှ NLD ပါတီအလံများကိုပင် လိုက်လံဖြုတ်ခိုင်းခဲ့ကြောင်း ထိုမဲဆန္ဒနယ်မှ အမျိုးသမီးမဲဆန္ဒရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

အဆိုပါ အမတ်အပါအဝင် စစ်ကောင်စီထံတွင် ခံဝန်လက်မှတ်ထိုးထားသူ အမတ် ၃၀ ထက်မနည်းကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက်ပေးရန် ငြင်းဆိုခြင်း၊ ဖုန်းပိတ်ထားခြင်းတို့နှင့်သာ ကြုံရသည်။

နိုင်ငံအကျပ်အတည်းကြုံရချိန် ကိုယ်လွတ်ရုန်းသူတို့မှာ အချောင်သမားများသာဖြစ်ကြောင်း CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က မှတ်ချက်ပြုသည်။

“ပြည်သူတွေပေးထားတဲ့ မဲဆန္ဒကို မလေးစားတဲ့အပြင် စကစ (စစ်ကောင်စီ) စေခိုင်းတဲ့အတိုင်း လိုက်လုပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပြတ်ပြတ်သားသားပြောရရင်တော့ ဒါ ပြည်သူ့သစ္စာဖောက်တွေပဲ”ဟု ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးထွန်းမြင့်က ပြောသည်။

“တချို့ကလည်း ကျန်းမာရေးကို ဗန်းပြပြီးတော့ ဆိုင်းထိုးတာရှိတာပေါ့။ အဲ့ဒါဆိုလည်း စောစောထဲက ကိုယ်စားလှယ်ဝင်မပြိုင်နဲ့၊ စောစောစီးစီး ပြည်သူ့ကိုယ်စားလှယ်မလုပ်နဲ့ပေါ့ဗျာ” 

ပြည်သူ့ကိုယ်စားလှယ်ကို ထိုသို့ ဖိအားပေး ခံဝန်ထိုးခိုင်းသည့် နည်းလမ်းကို ၂၂ နှစ်ကြာ အာဏာသိမ်းအုပ်ချုပ်ခဲ့သော ယခင်စစ်အစိုးရကလည်း ကျင့်သုံးခဲ့ဖူးသည်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရအမတ် အများအပြားကို ထောင်သွင်း အကျဉ်းချခဲ့ပြီး ထောင်မှ လွတ်မြောက်လာလျှင်လည်း အမတ်အဖြစ်မှ နုတ်ထွက်ကြောင်း လက်မှတ်ထိုးကြစေရန် ဖိအားပေးခြိမ်းခြောက်ခဲ့ဖူးသည်။

သုံးကြိမ် နစ်နာခြင်း

စစ်ကောင်စီ စီစဉ်သည့် ခံဝန်တွင် လက်မှတ်ထိုးခဲ့သည့် အနိုင်ရအမတ်အရေအတွက်မှာ မကွေးတိုင်းမှ ၁၈ ဦး၊ ဧရာဝတီတိုင်းမှ ၃ ဦး၊ ရန်ကုန်တိုင်းမှ ၁ ဦး ဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။  

ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် အမည်မဖော်လိုသည့် ပါတီမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကမူ လက်မှတ်ထိုးထားသူပေါင်း ၁၁၀ ရှိကြောင်း၊ သို့သော်လည်း ခံဝန်ထိုးသူတို့၏ လုံခြုံရေးကို စိုးရိမ်သဖြင့် ၎င်းတို့၏ အမည်စာရင်းကို ဖွင့်ချဦးမည်မဟုတ်ကြောင်း Myanmar Now ကို ပြောသည်။  

စစ်ကောင်စီသဘောကျ လက်မှတ်ထိုးထားလျှင်လည်း ထိုသူတို့အတွက် လုံခြုံရေးစိတ်မချရပေ။ 

ခံဝန်လက်မှတ်ထိုးထားသူတစ်ဦးဖြစ်သည့် မကွေးတိုင်းလွှတ်တော် စလင်းမဲဆန္ဒနယ် ၂ အမတ်ဟောင်း ဦးသက်ခိုင်ကို စစ်ကောင်စီက စက်တင်ဘာလအတွင်း ဖမ်းဆီး အမှုဖွင့်ထားသည်ဟု သိရသည်။

“ပါတီဝင်အချင်းချင်းကလည်း အပြစ်ပေးခံရဦးမယ်။ ပြည်သူလူထုကလည်း အပြစ်ပေးဦးမယ်။ အခု စစ်ကောင်စီကလည်း ဖမ်းဆီးထောင်ချတာခံရဦးမယ်ဆိုတော့ စစ်ကောင်စီဆီမှာ လက်မှတ်ထိုးထားတဲ့ ကိုယ်စားလှယ်တွေက မိအေးသုံးလေးခါနာ ဖြစ်နေတော့တာပေါ့”ဟု အထက်ပါ ပါတီအလုပ်အမှုဆောင်က ပြောသည်။ 

ပါတီဝင်များ၊ အမတ်များမှအစ ပါတီခေါင်းဆောင်ပိုင်းအထိ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးတရားစွဲခံနေရပြီး မကွေးတိုင်းဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ကို ထောင်ချပြီးဖြစ်သည်။

ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပါတီဝင် ၄၀၀ ဝန်းကျင် အဖမ်းခံထားရပြီး ထိုအထဲတွင် အမတ်  ၉၁ ဦး ပါဝင်သည်ဟု ဆိုသည်။ 

စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုများကို လက်လှမ်းမီသမျှ စုံစမ်းမှတ်တမ်းတင်နေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အောက်တိုဘာ ၉ ထုတ်ပြန်ချက်အရ အဖမ်းခံထားရသူ ၇၁၆၄ ဦး၊ ဝရမ်းထုတ်ခံထားရသူ ၁၉၈၉ ဦး၊ သတ်ဖြတ်ခံရသူ ၁၁၆၁ ဦး ရှိသည်။ အိမ်ထဲတွင် ရှိနေစဉ် ပစ်သတ်ခံရသူရှိသကဲ့သို့ စစ်ကြောရေးစခန်းတွင် နှိပ်စက်သတ်ဖြတ်ခံရသူလည်း အများအပြားရှိနေသည်။

နယ်စပ်ဒေသနှင့် ပြည်ပသို့ တိမ်းရှောင်ကာ အာဏာသိမ်းမှုဆန့်ကျင်ရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်နေသူတို့လည်း အများအပြားရှိနေသည်။ လုံခြုံမည်ဟု ယူဆရသော နေရာများသို့ တိမ်းရှောင်နေသူများ ဖမ်းဆီးခံရသည့် သတင်းလည်း မကြာခဏ ထွက်ပေါ်နေသည်။ 

ဤသို့သော အခြေအနေတွင် စစ်ကောင်စီသဘောကျ ခံဝန်ထိုးသူများ ဝေဖန် ပြစ်တင်ခံနေရသည်။

ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) မှ ဗိုလ်နဂါးဟု အမည်ခံထားသူ အမျိုးသားက ထိုသို့ အညံ့ခံသူတို့ကို တာဝန်ကြီးကြီး ပေးအပ်မိခဲ့ခြင်းမှာ ဝမ်းနည်း၊ စိတ်ပျက်၊၊ ဒေါသထွက်ဖွယ်ဖြစ်သည်ဟု ဆိုသည်။ 

“ဒီလို ရေသာခို အချောင်သမားတွေနဲ့ ဆက်သွားမယ်ဆိုရင်တော့ ဒီစစ်အာဏာရှင်အဆိပ်ပင်ကြီး ပြိုလဲသွားရင်တောင် နောက်အဆိပ်ပင်တစ်မျိုးပေါ်လာမှာပဲ” ဟု ဗိုလ်နဂါးက ပြောသည်။

၂၀၂၀ရွေးကောက်ပွဲတွင် တတိယအများဆုံးအနိုင်ရထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူးက ၎င်းတို့ပါတီမှ အမတ်များကိုလည်း စစ်ကောင်စီက ခံဝန်ထိုးခိုင်းသည်ဟု ပြောသည်။

“ထိုးခိုင်းတယ်။ ဒါပေမဲ့ ကျနော်တို့လူတွေကလည်း ထိုးချင်တဲ့သူမှထိုးတာ။ မထိုးတဲ့သူက များပါတယ်။ သူ (စစ်ကောင်စီ) ကိုယ်၌က ရွေးချယ်ခံထားရတဲ့သူတွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းပြီးသား ဖြစ်တယ်။ အဲ့ဒီ ရုပ်သိမ်းပြီးသားဖြစ်တဲ့ဟာကို ဘာဖြစ်လို့ NUG, CRPH နဲ့ မပတ်သက်ဘူးဆိုတာ လာပြီး စိစစ်စရာ လိုသေးလို့လဲဗျာ” ဟု SNLD မှ စိုင်းလိတ်က မှတ်ချက်ပြုသည်။

မဲပေးသူတို့ ရွေးချယ်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များကို ထိုသို့ ထိန်းချုပ်ရန် ကြိုးစားခြင်းသည် စစ်ကောင်စီ၏ ရှေ့နောက်မညီသော လုပ်ရပ်များဖြစ်သည်ဟု စိုင်းလိတ်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button