ရှစ်လေးလုံးမှာကတည်းက ဘာမှမဖြစ်ချင်ခဲ့တဲ့ ကိုမင်းကိုနိုင်

၁၉၆၂မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော စစ်တပ်က ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကိုသိမ်းကာ စစ်အုပ်ချုပ်ရေးစနစ်ကို မြန်မာပြည်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့်ထိုခုနှစ်တွင် ကိုပေါ်ဦးထွန်း(ခေါ်) ကိုမင်းကိုနိုင်အား မွေးဖွားခဲ့သည်။

ကိုမင်းကိုနိုင်သည် အသက်၂၄နှစ်အရွယ်တွင် ဦးနေဝင်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဆန့်ကျင်သည့် ၁၉၈၈ဒီမိုကရေစီအရေးတော်ပုံတွင် ထင်ရှားသည့် လူထုခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သူ ဖြစ်သည်။

၁၉၈၈ စစ်တပ်ပြန်လည်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ပေါင်းမြောက်မြားစွာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့ရသော ကိုမင်းကိုနိုင်သည် ယခုအခါတွင် အသက်၅၆နှစ် ရှိပြီဖြစ်ကာ၊ မြန်မာပြည်သူများကြားတွင် သူသည် သြဇာအရှိန်အဝါ ကြီးမားနေဆဲဖြစ်သော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်လည်းကောင်း၊ နောက်ပိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင်လည်းကောင်း သူ့တွင် မည်သည့်ပုဂ္ဂလိက ရည်မှန်းချက်များ မရှိကြောင်း၊ တိုင်းပြည်ကောင်းစားရေးကိုသာ မျှော်လင့်ခဲ့သူဖြစ်ကြောင်း သူကဆိုသည်။

အနှစ်၃၀တိုင်ခဲ့ပြီဖြစ်သော ရှစ်လေးလုံးအရေးတော်ပုံကြီးကျရောက်သည့် ယခုနှစ်တွင် ကိုမင်းကိုနိုင်အား သူ၏နိုင်ငံရေးအတွေးအမြင်များကို သိရှိနိုင်ရန် Myanmar Now သတင်းအဖွဲ.က သူ့အား သွားရောက်တွေ.ဆုံမေးမြန်းထားပါသည်။

မေး။။ အသက်အရွယ်ငယ်ငယ်နဲ့ ၈၈အရေးတော်ပုံမှာ ဘယ်လိုရည်မှန်းချက်တွေနဲ့ ပါဝင်လှုပ်ရှားခဲ့တာလဲ။ ဒီရည်မှန်းချက်တွေဟာ ဘယ်လောက်အတိုင်းအတာ ပြည့်မီသွားပြီလဲ၊ အခုအချိန်မှာ ဘယ်ရောက်သွားပြီလဲပေါ့။

ဖြေ။။ကျွန်တော် ကျကျနန စဉ်းစားဖူးပါတယ်။ ဒီအလုပ်ကို ကျွန်တော်လုပ်ပြီးတော့ လုပ်လိုက်တဲ့အချိန်ကနည်းနည်း၊ ထောင်ထဲမှာ တစ်ယောက်တည်း ငုပ်တုတ်ကြီးနေရတာက

များများဖြစ်သွားတာကို။ သေချာတာက ကျွန်တော် ရှင်းအောင်ပြောနိုင်တယ်။ ကျွန်တော်ဟိုတုန်းကတည်းက ဘာမှမဖြစ်ချင်ဘူး။ ဒါဆိုရင် ဘာလို့ ဒီအလုပ်လုပ်တာလဲ၊

ဘာဖြစ်ချင်တာလဲ ဆိုတော့ တိုင်းပြည်ကိုပဲ ဖြစ်စေချင်တာဗျ။ အဲဒါတော့ကွာလိမ့်မယ်။ အဲဒါကြောင့်မို့လည်း ကျွန်တော် ဒီနေ့အထိ ဘာမှမဖြစ်သေးတာကို ဘာမှဝမ်းလည်းမနည်းဘူး၊

ဘာမှမခံစားရဘူး။ ပုဂ္ဂလိကရည်မှန်းချက်တွေ မပါဘူးဗျ။ တစ်ခုပဲရှိတယ်၊ ဘာလည်းဆိုတော့‘ ကျွန်’ ဘဝကလွတ်ချင်တာဗျ။ စစ်ကျွန်ဘဝက လွတ်ချင်တာ။ ကျွန်တော်ပြောဖူးတယ်၊

တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ဘယ်ကျွန်ကိုမှ မခံဘူးလို့လည်းပြောဖူးတယ်။ စစ်ကျွန်ဘဝက လွတ်ချင်တယ်ဆိုရင် မင်းတို့က တိုင်းတပါးကျွန်ခံချင်တာလားလို့လည်း ပြောစရာ

ရှိတာပေါ့ဗျာ။ ဘယ်ကျွန်ကိုမှ မခံချင်ဘူး။ ဆိုတော့ အဲဒါပဲပါလိမ့်မယ်။ တိုင်းပြည်ကိုကတော့ ဖြစ်စေချင်တာပေါ့ဗျာ။ ဓနအင်အားအရ၊ နည်းပညာအရ၊ စစ်အင်အားအရ ထိပ်ဆုံးမှာ

ချက်ခြင်းရောက်ဖို့မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ဗျာ ဂုဏ်သိက္ခာအရပေါ့လေ ၊ဒီတိုင်းပြည်ရဲ့နိုင်ငံသားတွေ ဂုဏ်သိက္ခာမြင့်ဖို့၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ

ပြည့်ဝဖို့ပေါ့၊ အဲဒါမျိုး ကျွန်တော်လိုချင်တယ် ဒါကြောင့်လည်းကျွန်တော်လုပ်တာပေါ့။ အဲဒီတော့အချည်းနှီးဖြစ်ခဲ့တယ်လို့ ကိုယ့်ဘဝကိုယ် အနုတ်လက္ခဏာဖြစ်ခဲ့တယ်လို့ တခါမှ

ကျွန်တော်မခံစားရဘူး။

မေး။။တိုင်းပြည်ရဲ့အခြေအနေကရော လမ်းစပေါ် ရောက်နေပြီလား။

ဖြေ။။ကျွန်တော်ကတော့ ဟိုတုန်းကထက်စာရင်တော့ သာလာတယ်လို့ပဲ ပြောချင်တယ်။ တစ်ခုရှိတယ် အဲဒီအခွင့်အရေးကို တလွဲသုံးတဲ့သူတွေတောင် တော်တော်ပေါ်နေတယ်ပေါ့။

နောက်တစ်ခုကတော့ ကျွန်တော်တို့အဖွဲ့အစည်းတွေ ဖွဲ့လို့စည်းလို့ ရလာကြတယ်။ နောက်ပြီးတော့ အဲဒီအတွက်လှုပ်ရှားမှုတွေ လုပ်လို့ရလာကြတယ်။ ကိုယ်ယုံကြည်တဲ့ အကြောင်းအရာ

တွေကို ပိုင်ပိုင်နိုင်နိုင် ဆွေးနွေးလို့ရတယ်။ ငြင်းကြ၊ ခုံကြလို့ ရလာတယ်။ နောက်ပြီးတော့ လွှတ်တော်ထဲကိုလည်း ကျွန်တော်တို့ကိုယ်တိုင်ရွေးလိုက်တဲ့သူတွေ ၇၅ရာခိုင်နှုန်းလောက်

ရောက်တယ်။ ဒါက ဥပဒေပြုအာဏာ။ အုပ်ချုပ်ရေးအာဏာမှာလည်း အချို့သောဝန်ကြီးဌာနတွေ ကျွန်တော်တို့ရတယ်။ သမ္မတက ကျွန်တော်တို့ရွေးထားတာ ဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်တွေမှာ

လုပ်ပိုင်ခွင့် အပြည့်ရတာမရတာကို ဆက်ပြောပါ ရပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ်ပေါ့ အရပ်သားသမ္မတကို ဦးစီးချုပ်ကအစ အလေးပြုရတဲ့ ခေတ်မျိုးရောက်

လာတာပဲ။ ဒါပေမဲ့အနှစ်သာရကို ငြင်းခုံလို့ရပါတယ်။ ခုနကပြောတဲ့ အရပ်သားအစိုးရ၊ အရပ်သားလွှတ်တော်က ဘယ်လောက်လုပ်နိုင်ကိုင်နိုင်ခွင့်ရလည်းဆိုတာတွေကိုလည်း မေးစရာ

ရှိပါတယ်။ အရင်ကထက်စာရင်တော့ ရာခိုင်နှုန်းတွေ များစွာရလာတယ်လို့ ကျွန်တော်က နားလည်ထားတယ်လေ။ ဆက်သွားမယ့်ကိစ္စကလည်း ဒါကို ပြည့်ဝသွားအောင် သွားရမှာပဲ။

တစ်ခုတော့ရှိတယ် ပြောရင်းဆိုရင်းနဲ့ အရင်ကမစဉ်းစားမိတဲ့အကြောင်းအရာတွေလည်း ကျွန်တော်တို့ဆီမှာ ပါလာတာပဲ။ အဲဒါဘာလည်းဆိုတော့ ဒီမိုကရေစီအရေးကို ပြောလို့ရနေ

ပြီးတော့ အမျိုးသားရေးဝါဒီနေရှင်နယ်လစ်ဇင်လို့ခေါ်တဲ့လူတွေလည်း သိပ်ပြီးတော့ အသံတွေ ထွက်လာတယ်။ အဲဒီလိုပဲ လူမျိုးစုတိုင်းရင်သားတွေဆီကလည်း အသံတွေ ပိုပြီးတော့

ကျယ်လာတယ်။ အဲဒီကနေပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုမှုတွေ ဖြစ်လာတယ်။ ပြောရရင်တော့ကျွန်တော်တို့ ပိုကျယ်ပြန့်တဲ့တာဝန်တွေ၊ ပိုကျယ်ပြန့်တဲ့ မြင်ကွင်းတွေ

အတွက် ရင်မောရတာတွေ ရှိမယ်။ ဒါပေမယ့် ဒါတွေအားလုံးက သဘာဝကျကျ ဖြစ်လာတာ။ အချိန်တန်တဲ့အခါကျတော့ သီးလာပွင့်လာတာတွေဖြစ်မယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ

နှလုံးသွင်းတယ်။

မေး။။လက်ရှိတိုင်းပြည်မှာ မတရားမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ပြည်သူတွေကို ဦးဆောင်ပြီး အရေးဆိုပေးမယ့် ‘နိုင်ငံရေးခေါင်းဆောင်မှုမဲ့သွားပြီ’ ဆိုတဲ့သူတွေကို ဘာပြောချင်လဲ။

ဖြေ။။တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပါယ်ဖွင့်တာတွေ မတူကြတာဗျ။ အဲဒီခေါင်းဆောင်မှုဆိုတဲ့နေရာမှာပေါ့ ခင်ဗျားနားလည်ထားတဲ့အဓိပ္ပါယ်တွေနဲ့ ကျွန်တော်လက်ခံထားတာတွေနဲ့

တူတာရှိတယ်၊ မတူတာတွေရှိတယ်။ ခေါင်းဆိုမှုဆိုတဲ့နေရာမှာ ကျွန်တော်က ခေါင်းဆောင်နဲ့မတူဘူးလေ။ ခေါင်းဆောင်Leaderနဲ့ ခေါင်းဆောင်မှုLeadership ဆိုတာ ကွာချင်တိုင်း

ကွာတာကို။ ကျွန်တော်ကတော့ စုပေါင်းခေါင်းဆောင်မှုကို ပိုလိုချင်တဲ့သူ။ သတိထားကြည့်ပါ။ ရှစ်လေးလုံးဆင်နွှဲခဲ့တဲ့သူတွေက စုပေါင်းခေါင်းဆောင်မှုနဲ့ သွားခဲ့တာဗျ။ အဲဒီအထဲကမှ

ကိုယ်စီကိုယ်စီအပြောအဆိုပေါ်မှာ မူတည်ပြီးတော့၊ မိန့်ခွန်းပေါ်မှာမူတည်ပြီးတော့ လုပ်ရပ်တစ်ခုခြင်းဆီပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ဟာကိုသတ်မှတ်ပေးထားတဲ့အနေအထားတွေ

ရှိလိမ့်မယ်ပေါ့ဗျာ။ ကျွန်တော်ဖြစ်စေချင်တာ၊ နားလည်တာ၊ ယုံကြည်တာက စုပေါင်းတာဝန်ခံပြီး စုပေါင်းခေါင်းဆောင်တဲ့စနစ်ကို သွားချင်တာဗျ။

မေး။။ထစ်ခနဲ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ မင်းကိုနိုင်တို့ ဘာမှမလုပ်ကြဘူးလား။ မင်းကိုနိုင် ဘယ်ရောက်နေလဲလို့ မေးခွန်းထုတ်တဲ့သူတွေကို ဘယ်လိုပြောချင်လဲ။

ဖြေ။။ဒီလောကကြီးတည်နေသ၍ မတရားမှုတွေက ပုံသဏ္ဍန်မျိုးစုံနဲ့ ရှိနေမှာပဲလေ။လူ့ရဲ့စိတ်ဆိုးစိတ်ညစ်တွေကို ဦးစားပေးလိုက်တဲ့အခါမှာ ရှိလာတာပဲ။ အဲဒါကိုပုံသဏ္ဍန်မျိုးစုံနဲ့

ဖြေရှင်းကြရတာပဲ။ အဲဒီတော့လူတွေက ဘာကိုလိုချင်တာလဲ။ တိမ်ကြားထဲကနေပြီးတော့ မြင်းပျံကြီးစီးလာတဲ့ လူစွမ်းကောင်းလိုမျိုးတော့ အဲဒါက ဘယ်ခေတ်မှာမှ ရမှာမဟုတ်ဘူး။

ကိုယ်ကိုယ်တိုင် ရုန်းကန်ကြရမယ်၊ ကိုယ့်ပြဿနာကိုယ် ရှင်းကြရမယ်။ အဲဒီတော့ ကာလတစ်ခုအတွင်းမှာတော့ အဲဒီစနစ်အကူးအပြောင်းကို တာဝန်ခံခဲ့တဲ့သူတွေဟာ သူတို့ကိုယ်တိုင်

လုပ်ပြလိမ့်မယ်။ လုပ်ပြပြီးသွားတဲ့အခါမှာ အဲဒါကိုအတုယူပြီးတော့ နောက်က မတရားသဖြင့်ရင်ဆိုင်ရတဲ့သူတွေက သူတို့ကိုယ်တိုင် လုပ်ယူကြရပါတယ်။ အဲဒီတော့ ပထမဆုံးက နမူနာ

လုပ်ပြတဲ့ခေတ် ရှိမယ်။ အလယ်မှာက တွဲပြီးတော့ သင်ကြရတဲ့ခေတ် ရှိမယ်။ အဲဒီတော့ သင်တယ်ဆိုတဲ့စကားလုံးကို သုံးရမှာ ကျွန်တော်က အင်မတန် ဝန်လေးတယ်။ သင်တယ်ဆိုတာ

သင်ပေးတဲ့သူက သိလို့တတ်လို့ဆိုတဲ့ အဓိပ္ပါယ်တောင် ရောက်သေးတယ်။ အတန်အသင့်လေ့လာထားတဲ့အတိုင်း ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရတဲ့ကိစ္စတွေ ရှိတယ်။ မတရားမှုပေါ့ဗျာ။

ခင်ဗျားမတရားမှုမှန်း သိတယ်။ ခံလည်းမခံချင်ဘူး။ အသားတဆတ်ဆတ်တုန်နေတယ်။ ပြန်ပြောတဲ့အခါကြရင် ခင်ဗျားအမှားကြီးပဲဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ။ ဖြစ်မှာပေါ့ဗျ၊

တဖက်က ဥပဒေအရေကျိုသောက်ထားတဲ့သူတွေ။ သူတို့တစ်သက်လုံး ဒါနဲ့လုပ်စားလာတဲ့သူတွေ၊ ဌာနဆိုင်ရာတွေက သူတို့မှာ အမြဲတမ်း နိုင်ကွက်ရှိတယ်။ ဝတ္တရားနှောက်ယှက်မှုဆိုတဲ့

ထောင်ချောက်ထဲကို ဝင်သွားရင် ကျွန်တော်တို့ပြည်သူတွေ ကားခနဲကျတာပဲ။ အဲဒီတော့ အဲဒီဟာတွေအတွက် ဘယ်လိုရင်ဆိုင်ရတယ်။ တရားရုံးမှာ မျက်နှာဘယ်လိုမူရမယ်။ ရဲနဲ့တွေ့ရင်

စည်းမကျော်ဘဲ ဘယ်လို ပြောနိုင်ရမယ်ဆိုတာမျိုးပေါ့။ အဲဒါတွေကို နှစ်တော်တော်ကြာကြာ ဝိုင်းပြီးတော့ ကျွန်တော်တို့ လေ့ကျင့်ပေးခဲ့ပြီးပြီ။ နောက်ဆုံးကြတော့ တချို့သောပုဂ္ဂိုလ်တွေက

အဲဒီအတိုင်းဆက်ပြီးတော့ ခုခံပြီးတော့ လိုအပ်ရင်တိုက်ပွဲဝင်သွားကြရင်းနဲ့ အကြောင်းအရာတစ်ခုမှာ တာဝန်ခံနိုင်တဲ့သူတွေ ဖြစ်ကုန်ကြတယ်။ အဲဒီလိုလူတွေက တစ်ချိန်က ရင်ဆိုင်ခဲ့တဲ့

သူတွေကို ဆဲဆိုကြိမ်းမောင်းမနေဘူးဗျ။ သူတာဝန်ယူတတ်သွားပြီပေါ့နော်။ သူကတစ်ခါ ထပ်ပြီးတော့ နောက်ထပ်ကိုယ်ပွားတွေ မွေးထုတ်သွားနိုင်ပြီ။ လိုချင်တာက အဲဒါမျိုးကိုလို

ချင်တာ။ အဲဒီလိုမျိုးမဖြစ်နိုင်ဘဲနဲ့ အကြောင်းအရာတိုင်းကိစ္စပေါ်တိုင်း မိုးပေါ်ကနေပြီးတော့ ကြွလာရမယ်ဆိုတဲ့မျှော်မှန်းမှုမျိုးကြတော့ လူသားတစ်ယောက်အနေနဲ့ ဘယ်လိုမှလည်း

ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး။ စနစ်အပြောင်းအလဲကို ကျွန်တော်ကသွားတာကို။ ကိစ္စရှိလို့ ဟီးရိုးဝင်လုပ်ချင်တာတော့မရှိဘူး။

မေး။။၈၈မျိုးဆက်အင်အားစုဆိုတဲ့အခြေအနေ၊ ခေါင်းဆောင်မှု ဘယ်ရောက်သွားပြီလဲဆိုတာကို ပြောပေးပါ။

ဖြေ။။ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်ပုဂ္ဂိုလ်မဆို မမြဲတဲ့တရားအောက်မှာပဲ ရှိတယ်။ တချိန်တုန်းက အင်မတန်ကြွေးကြော်ခဲ့တဲ့ ဖဆပလလိုအဖွဲ့အစည်းကြီးတောင်မှ ဘယ်လောက်ကြာခဲ့လို့

လဲဗျာ။ တို့ဗမာအစည်းအရုံး ဒီကနေ့ရောရှိသေးလို့လား။ ဘာကမြဲသလဲ။ အဲဒီလိုပြောလို့ ကျွန်တော် တရားတွေသိပ်ရနေပြီလို့ ပြောချင်တာမဟုတ်ဘူး။ အဲဒီအဖွဲ့အစည်းဘယ်ရောက်သွား

လဲဆိုတာ ပြဿနာမရှိဘူး။ တိုင်းပြည်ဘာဖြစ်လာသလဲဆိုတာပဲ ကျွန်တော်က အာရုံစိုက်တယ်။ တိုင်းပြည် အရင်ကထက်မြင့်လာသလား။ လူတွေရဲ့ဂုဏ်သိက္ခာအရ ကမ္ဘာကြီးက တန်ဖိုး

ထားတဲ့တိုင်းပြည် ပိုပြီးဖြစ်လာသလား၊ မဖြစ်လာဘူးလား။ အဲဒီနိုင်ငံသားတွေရဲ့ကိုယ်ကျင့်တရားတွေ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ၊ ကမ္ဘာကြီးနဲ့ဘယ်လောက် ဝင်ဆန့်လာသလဲ။

ပြောချင်တာကတော့ အဲဒီနိုင်ငံရဲ့ပုံရိပ်ဟာ ကမ္ဘာကြီးမှာ တက်လာသလား၊ ကျလာသလား ဒါပဲစိတ်ဝင်စားတယ်။ ကျွန်တော်တို့အဖွဲ့ အစည်းတွေအပါအဝင် ကျန်တဲ့ဘယ်အဖွဲ့အစည်းတွေ

ခေါင်းစဉ်တွေ ပျောက်သွားတာတို့၊ မှိန်သွားတာတို့၊ ဆေးအသစ်ပြန်သုတ်တာတို့ အဲဒါကို ကျွန်တော်က လုံးဝ စိတ်မဝင်စားဘူးဗျ။ ဒါကြောင့်လည်း ကျွန်တော်တို့က တိုင်းပြည်ကိုပဲ

ဖြစ်စေချင်တာ၊ နိုင်ငံသားတွေနဲ့ ဟောဒီကမ္ဘာကြီးကိုပဲ ဖြစ်စေချင်တာ။ ကိုယ်ဆိုတဲ့ဒီရုပ်ခန္ဓာနဲ့ ဆိုင်းဘုတ်တွေဆိုတာဟာ ပြောင်းနေကြမှာ။ ရေကူးပြီးရင် ဖောင်ကို ထားခဲ့ရတာပဲ။

ကုန်းပေါ်မှာ အဲဒါကြီးထမ်းပြီး ဘယ်သူမှ ဆက်မသွားဘူး။ အဲဒီလိုပဲပေါ့ အဖွဲ့အစည်းဆိုတဲ့ဆိုင်းဘုတ်တွေ နာမည်တွေဆိုတာက မမြဲဘူး။ တိုင်းပြည်အခြေအနေကိုပဲကြည့်၊ လူတွေက

နိုင်တာကိုပဲ နိုင်သလိုထမ်းခဲ့ကြတယ်။

မေး။။၈၈၈၈အရေးတော်ပုံကြီးနောက်ပိုင်းမှာ တိုင်းပြည်ကို တံခါးဖွင့်လိုက်တော့ စစ်အာဏာရှင်ဒဏ်ကော၊ ယခင်တံခါးပိတ်ခေတ်က ပေါပေါများများရခဲ့တဲ့ အစားအသောက်တွေ၊ ရေတွေ၊ မြေတွေ သယံဇာတာတွေကို လက်ဝါးကြီးအုပ်ခံရတဲ့ဒဏ်ကော လူတွေ ပိုခံလာရတယ်ဆိုပြီး ပြန်သုံးသပ်တာတွေ ရှိတယ်။ လူ့အဖွဲ.အစည်းတန်ဖိုးတွေ အဲ့ဒီဖက်ခေတ်က ပိုသာတယ်ဆိုပြီးတော့ပေါ့။ ဆိုတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မှားတယ်ဆိုပြီး ဒွိဟဖြစ်တဲ့သူတွေလည်း ရှိတယ်။ ဒါကိုဘယ်လိုမြင်လဲ။

ဖြေ။။ကျွန်တော်တို့လုပ်ခဲ့တဲ့အပေါ်မှာ မှားတယ်လို့ပဲပြောပလေ့စေ ဘာမှမဖြစ်ဘူး။ ဒါကို စိတ်ဆိုးမှာမဟုတ်ဘူး။ တကယ်ရိုးရိုးသားသား ယုံကြည်တဲ့သူတွေလည်းရှိတာကိုဗျ။

ဒါပေမယ့် နံပါတ်တစ်ပြန်မေးချင်တာက အဲဒီတုန်းကမြန်မာပြည်ဟာ ဆိုရှယ်လစ်အစစ် ဟုတ်ရဲ့လားဆိုတာကို ပြန်မေးချင်တယ်။ အရှေ့ဥရောပမှာရှိတဲ့ ဆိုရှယ်လစ်နိုင်ငံတွေဟာ

သူ့နည်းသူ့ဟန်နဲ့တော့ ခေတ်တစ်ခုကို လှမ်းနိုင်ကြတယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာပဲ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်ဆိုတဲ့ အတုမျိုးကိုပဲ ကျွန်တော်တို့ ဆန့်ကျင်ခဲ့တာဖြစ်တယ်။

ကျွန်တော်တို့မှားတယ်၊ မှန်တယ်ဆိုတာကို ပညာရှင်တွေ သုံးသပ်ပါ။ ကျွန်တော် ကျေကျေနပ်နပ်ကြီးကို လက်ခံပါတယ်။ အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုနှစ်မျိုးကို တွန်းလှန်တယ်လို့

ကျွန်တော်က ပြောခဲ့တယ်ပေါ့နော်။ အဲဒီခေတ်မှာ အခွင့်ထူးခံမှု မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သာမန်ကျွန်တော်တို့ပြည်သူတွေ နံရိုးကျပ်အောင် ငစိန်ဆန်တစ်ပြည်ရအောင် တိုးနေရတဲ့

အချိန်မှာ မေတ္တာမွန်တို့၊ ပဒုမ္မာတို့ကနေ လူသုံးကုန်တွေ အလကားနီးပါးနဲ့ကို အလျှံအပါယ် ရနေတဲ့သူတွေရှိတယ်။ အဲဒီခေတ်က ဓါတ်ဗူးတစ်လုံးရတယ်ဆိုတာ ထီပေါက်တာထက်

ပျော်တယ်လေ။ ဖလံထည်အနွေးထည်တစ်ထည်လောက် ပိတ်စတစ်စလောက် ရတယ်ဆိုရင် သူတို့ကတစ်ရက်လုံးမှာ ကံအကောင်းဆုံးလေ။ အဲဒီအချိန်မှာမေတ္တာမွန်၊ ပဒုမ္မာတို့မှာ

နိုင်ငံခြားဖြစ်ပစ္စည်းတွေ၊ မှောင်ခိုကဖမ်းထားတယ်ဆိုတဲ့ဟာတွေကို သူတို့ အလကားနီးပါး ရတယ်။ ဒါအခွင့်ထူးခံမဟုတ်လို့ ဘာလဲ။ ဒါ နမူနာပဲပြောသေးတာ ဒီထက်ပိုတဲ့အခွင့်ထူးခံမှု

တွေ ရှိသေးတယ်။ နောက်တစ်ခါ ဖိနှိပ်ချုပ်ခြယ်မှု၊ အဲဒီခေတ်ကအကြောက်တရားကြီးပုံများတော့ နိုင်ငံရေးလို့ပြောဖို့ကိုတောင် ဝန်လေးတယ်။ ဆိုတော့ ကျွန်တော်တို့ ပြောင်းလဲလာတာက

အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုနှစ်ခုကို တွန်းလှန်ကြရတာကို။ အဲဒီတော့ ဆိုရှယ်လစ်ကို ကျွန်တော်တို့ကတိုက်တာလည်း မဟုတ်ဘူးဗျ။ ဆိုရှယ်လစ်အစစ်လုပ်ခဲ့ရင် ဘယ်ပုံဘယ်နည်း

ဖြစ်မယ်ဆိုတာကတော့ ပြောရခက်သွားလိမ့်မယ်။ အဓိကကတော့ အခွင့်ထူးခံမှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတို့ကို တွန်းလှန်တာဖြစ်လို့ ဆိုင်းဘုတ်တွေဘာတွေကိုတော့ ငြင်းခုံစရာ မရှိတော့ဘူးပေါ့။

အဲဒီကနေပြီးတော့ ဖြစ်လာတဲ့ခေတ်ကြီးမှာ လူတွေ မလုံခြုံမှုတွေ ဖြစ်လာတာ ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲလာတာ ရှိတယ်။ အရပ်ထဲမှာ ဘယ်သူဘယ်ဝါမှန်း

မသိရဘဲနဲ့ အပြန်အလှန်စောင့်ရှောက်မှုတွေ ကင်းမဲ့သွားတာ ရှိတယ်။ လွမ်းမောစရာကောင်းတဲ့လူနေမှုစနစ်တွေ ပျက်စီးသွားတာပေါ့။ အဲဒါကတော့ ကျွန်တော်တို့လုပ်ခဲ့တာ မှားလို့တော့

မဟုတ်ဘူးခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အင်္ဂလိပ်ခေတ်က သူ့ထက်ပိုပြီး တည်ငြိမ်ခဲ့တယ်။ ပိုပြီးတော့ ဘုရားသွားကျောင်းတက်တွေ ရှိခဲ့တယ်။ ဆွမ်းအုပ်နီနီ အမေရွက်ပြီးတော့

သွားကြတာပဲ။ ဂျပန်ခေတ်က မုဒုံမြို့မှာ ဖမ်းမိတဲ့ဓားပြတွေကို အားလုံးရှေ့မှာ ဖမ်းပြီးတော့ ကွက်မျက်ပြလိုက်တာ ညဘက်ဆိုရင် တံခါးဖွင့်ပြီး အိပ်လို့ရတဲ့ ခေတ်ကြီးတစ်ခေတ်လုံး

ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ဂျပန်ခေတ်ကို လက်ခံနေတာလားဆိုတော့ မဟုတ်ဘူး။ အင်္ဂလိပ်ခေတ်ကလည်း ကျွန်တော်တို့နယ်ချဲ့စနစ်ကို တွန်းလှန်ခဲ့ကြတာပဲ။ နယ်ချဲ့ကို

တွန်းလှန်လိုက်လို့ ဖက်စစ်ကိုတော်လှန်လိုက်လို့ ပြည်တွင်းသူပုန်ကြီး ရှိပါတယ်ကွာ မင်းတို့မှားပါပြီဆိုရင် ဒီတိုင်းပြည်ကြီးက ချာလပတ်လည်နေမှာပဲဗျ။ အဲဒီတော့ လူမှုဘဝတွေက

ခေတ်အဆက်လိုက် တန်ဖိုးတွေ ပြောင်းသွားတာတော့ အမှန်ပဲ။ ဒါကမဆလဆိုတဲ့ တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်ခဲ့လို့ဖြစ်တဲ့ အကျိုးဆက်တော့ မဟုတ်ဘူးဗျ။ ဖူးပွင့်ဝေဆာနေတဲ့

မတူကွဲပြားမှုတွေရဲ့အရသာကို ကြာလာတဲ့အခါမှာတော့ ကျွန်တော်တို့ ကျင့်သားရလာမယ်လို့ ယုံကြည်တယ်။ မတူညီတဲ့ယဉ်ကျေးမှုတွေ မတူညီတဲ့အယူအဆတွေနဲ့ ကိုယ့်အယူအဆနဲ့

ကိုယ်ဝတ်ဆင်၊ စားသောက်ပြီးတော့ နေကြရတာပဲ။ အဲဒီတော့ သေတော့သေချာတယ် ဟိုတုန်းကလို အားလုံးဆင်တူအနေနဲ့တော့ ဖြစ်မှာမဟုတ်ဘူး။ နောက်ပြီးတော့ အပြန်အလှန်

စောင့်ရှောက်နိုင်တဲ့ခေတ်ကြီး ပျောက်သွားတယ်ဆိုတာ ကျွန်တော်လည်း စိတ်မကောင်းဘူး။ ဒါပေမယ့် အဲဒါသည် ရှစ်လေးလုံးအရေးတော်ပုံကြောင့်တော့ မဟုတ်ဘူးဗျ။ ကမ္ဘာကြီး

တစ်ခုလုံးကိုက ပြောင်းလာတဲ့နည်းပညာတွေအရ ရုပ်ဝတ္တုပိုင်းတွေ တိုးတက်လာတဲ့နောက်မှာ မိသားစုအချင်းချင်း ချစ်ချစ်ခင်ခင်နေကြတာတွေ မရှိတော့ဘူး။ ဧည့်ခန်းထဲမှာ

တစ်ယောက်တစ်ထောင့်စီ ထိုင်ပြီးတော့ ဖေ့စ်ဘွတ်ထဲမှာ တစ်ယောက်တစ်ကမ္ဘာစီ ဖြစ်နေကြတာ။ တစ်ယောက်နဲ့တစ်ယောက် နေကောင်းလား၊ ထမင်းစားကောင်းလားလည်း မပြောနိုင်

ကြတော့ဘူး။ ဒါကနည်းပညာနဲ့ ခေတ်ရဲ့တိုးတက်မှုကနေပြီးတော့ လူ့ဘဝကြီးကို အတင်းအကျပ် ပြောင်းလဲတာဗျ။ အဲဒါကို ကျွန်တော်တို့က ခုခံတဲ့နေရာမှာ ဆိုရှယ်လစ်နဲ့မှလည်း

မဟုတ်ဘူး။ ကွန်မြူနစ်နဲ့မှလည်း မဟုတ်ဘူး။ လူတွေရဲ့စိတ်နေသဘာဝနဲ့ပဲ ဒါတွေကို ခုခံသင့်ခုခံရမယ်။ အလိုက်သင့် နေသင့်ရင်နေရမယ်။ တက်စီးသင့်ရင် စီးရမယ်။ ကျွန်တော် အဲဒီလို

နားလည်တယ်။

မေး။။နောက်လာမယ့်နှစ်တွေမှာ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်ချင်လဲ၊ တိုင်းပြည်ကို ဘယ်လိုမြင်ချင်လဲ။

ဖြေ။။အဆိပ်အတောက်ကင်းတဲ့သူတော့ ဖြစ်ချင်တာပေါ့ဗျာ။ ဒီထက်ပိုပြီးလင်းနိုင်တဲ့သူဖြစ်ရင်လည်း ကောင်းတာပေါ့။ ကိုယ့်နိုင်ငံအတွက်တင် စဉ်းစားတာ မဟုတ်တော့ဘူးဗျ။

ကျွန်တော် ကမ္ဘာကြီးနဲ့လည်းဆက်စပ်ပြီး စဉ်းစားတယ်။ အဲဒီတုန်းကတော့ ကမ္ဘာလို့လည်း မသုံးဘူး၊ နိုင်ငံလို့လည်း မသုံးဘူး လောကလို့ ကျွန်တော်တို့ သုံးခဲ့တာ။ ဘာလို့လည်းဆိုတော့

အနုပညာသမားဟာ မြင့်မြင့်တက်ပြီးကြည့်ရင် သူမိုးကုတ်စက်ဝိုင်းကျော်အောင် ကြည့်တော့တယ်လေ။ အဲဒါက နယ်နမိတ်အပိုင်းအခြားတွေကို သူတတ်နိုင်သမျှ ကျော်တာပေါ့။

ကျွန်တော်ကတော့ လောကသဘောကိုပဲ စဉ်းစားတယ်။ ကိုယ်လုပ်နိုင်တာတချို့က ဧရိယာနယ်နမိတ် အကန့်အသတ်ရှိတယ်၊ တချို့ဟာတွေက မရှိဘူး။ ပန်းချီကားတစ်ချပ်က

လူမျိုးမရွေး၊ ဘာသာမရွေး ခံစားလို့ရတယ်။ အဲဒီတော့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က သူ့နိုင်ငံသူ့တိုင်းပြည်ကောင်းအောင် လုပ်လိမ့်မယ်။ ဒါလည်းကျွန်တော်တို့ လေးစားရမှာပဲ။

ဒီထက်ပိုပြီးအားကောင်းလာရင် ကမ္ဘာကြီးကလေးစားရတဲ့ ခေါင်းဆောင် သူ ဖြစ်လာရမှာပဲဗျ။ သူတွေးတာကြံတာတွေကလည်း ကမ္ဘာကြီးကိုသက်ရောက်တာ။ ကမ္ဘာနားမှာဂြိုလ်ရှိလို့

သူတို့ဒီဘာသာစကားကို နားလည်ရင် သူတို့ကိုလည်း သက်ရောက်ဦးမှာပဲ။ လူဟာ လုပ်နိုင်တဲ့စွမ်းရည် အားကောင်းလာတာနဲ့အမျှ သူ့ရဲ့သက်ရောက်မှုနယ်နမိတ်ကလည်း ကျယ်ပြန့်

လာတာပဲ။ အဲဒါကြောင့်မို့ ဘောင်တွေကိုကျော်ပြီးတော့ တွေးချင်တာ။။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading