အောင်ရဲထွေးအမှု ပြန်စစ်ရန် ဆင့်ခေါ်ခံထားသူများဘက်က တိုင်းရုံးသို့လာရောက်

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ယနေ့ရောက်လာသည့် ကျော်ဇောဟန် (ဓာတ်ပုံ - ကေဇွန်နွေး / Myanmar Now)

(ရန်ကုန်) - လူမှုကွန်ရက်တွင် လူသိများသည့် ကိုအောင်ရဲထွေးသေဆုံးခဲ့မှုကို တိုင်းအဆင့်က ပြန်လည် စစ်ဆေးရန်အတွက် ဆင့်စာ (သမ္မန်စာ) ထုတ်ကာ ခေါ်ယူထားသူသုံးဦးစလုံးဘက်က ယနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ လာရောက်ကြောင်း အဆိုပါရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

ကိုအောင်ရဲထွေး သေဆုံးမှုအတွက် လာရောက်အဖမ်းခံခဲ့ပြီးမှ အမှုကြေအေးသည်ဟုဆိုကာ အောက်ရုံးက ပြန်လွှတ်ပေးခဲ့သည့် ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့သုံးဦးဘက်က ယနေ့ လာရောက်သတင်းပို့ခဲ့ခြင်းဖြစ်သည်။ ကျော်ဇောဟန်ကို Myanmar Now က တွေ့ခဲ့ပြီး သန်းထွဋ်အောင်နှင့် ပြည့်ဖြိုးအောင်တို့ ကိုယ်တိုင် လာမလာကိုတော့ မသိရပေ။

ထိုအမှုနှင့်သက်ဆိုင်သည့် ခရိုင်တရားရုံးမှ အမှုတွဲများလည်း လက်ဝယ်ရောက်ရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီး ဥပဒေရုံးက အမှုပြန်လည်ပြင်ဆင်ချက် တင်သွင်းထားသည့်ကိစ္စ မကြာမီနှစ်ဖက်လျှောက်လဲကာ ကြားနာစစ်ဆေးတော့မည်ဟု ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

“တိုင်းတရားလွှတ်တော်ကို ရာဇဝတ်ပြင်မှုအမှတ် ၂၉၆(ခ) ၂၀၁၈ အဖြစ် လျှောက်ထားခံရသူတွေဘက်က ကိုယ်စားလှယ်လွှဲစာ လာတင်တယ်။ အရှေ့ပိုင်းခရိုင်တရားရုံးက ဒီအမှုရုပ်သိမ်းခွင့်ပြုခဲ့တဲ့ဟာကို ကြားနာမယ်။ ပြင်ဆင်ခွင့်ပြုခဲ့မယ်ဆိုရင်တော့ ခရိုင်ရုံးရဲ့ အမိန့်ကိုပယ်ဖျက်မယ်။ ပြင်ဆင်ခွင့် ပယ်မယ်ဆိုရင်တော့ အောက်ရုံးအမိန့်က အတည်ဖြစ်မယ်ပေါ့” ဟု ၎င်းက ပြောသည်။

ဥပဒေသဘောတရားအရ ပြင်ဆင်ခွင့်ကို အတည်ပြုခဲ့လျှင် မူလစွဲဆိုထားသည့် ဥပဒေပုဒ်မများဖြင့်ပင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး အမှုတွဲဟောင်းတွင် အာမခံ မပေးထားခဲ့လျှင် ယခုနောက်ပိုင်းတွင်လည်း ဆက်လက်အာမခံပေးရန် မရှိနိုင်ဟု ၎င်းက ဆက်ဆိုသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ကိုအောင်ရဲထွေးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ညက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment Park အမည်ရှိ ပျော်ပွဲရွှင်ပွဲကျင်းပရာနေရာ၌ကျင်းပသည့် နှစ်သစ်ကူး ပွဲတော်တွင် ရှိနေစဉ် လူအုပ်တစ်အုပ်၏ ထိုးကြိတ်ကန်ကျောက်ခံရသဖြင့် နှစ်ရက်အကြာတွင် သေဆုံးခဲ့သည်။

ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး အထက်ဖော်ပြပါ လူငယ်သုံးဦးကို သက်ဆိုင်ရာ မိဘများက ရဲစခန်းသို့ လာရောက်ပို့ဆောင် အဖမ်းခံစေကာ တရားရင်ဆိုင်စေခဲ့ပြီး ခြောက်လကျော် အချုပ်ဖြင့် တရားရင်ဆိုင် ခဲ့ကြရသည်။

ထို့နောက် ယခုနှစ်ဇူလိုင်လ ၂၄ ရက်နေ့က တိုင်းဥပဒေရုံး၏ သဘောတူမှုဖြင့် အမှုရုပ်သိမ်းကြေအေးလွှာကို လက်ခံကာ အမှုကြေအေးရုပ်သိမ်းပြီး စွပ်စွဲခံရသူများကို လွှတ်ပေးခဲ့သည်။

ထို့အတွက် ပြည်သူအများနှင့် ဥပဒေပညာရှင်များကြားတွင် လူသေဆုံးမှုကို လွှတ်ပေးသင့်မသင့် အငြင်းပွားကာ ဝေဖန်ခဲ့ကြသည်။

အရှေ့ပိုင်းခရိုင် တရားရုံး၏ အမှုကြေအေးရုပ်သိမ်းခွင့်အမိန့်တွင် “ကိုအောင်ရဲထွေးသည် နှလုံးရောဂါ ရှိသူ ဖြစ်ခြင်း၊ လူငယ်သဘာ၀ ပျော်ပွဲရွှင်ပွဲတွင် အခန့်မသင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ကိုအောင်ရဲထွေး ဆေးရုံတက်စဉ်နှင့် နာရေးတွင် လူမှုရေးအရ ကိစ္စအဝဝကို ဆောင်ရွက်ပေးခြင်း၊ သေဆုံးသူမိသားစုကို ကျေနပ်သည်အထိ တောင်းပန်ခြင်း၊ ဘာသာရေး အကြီးအကဲများက ညှိနှိုင်းပေးခြင်းတို့ကြောင့် အမှုကို ဆက်လက်စွဲဆိုရန် ဆန္ဒမရှိသဖြင့် သေဆုံးသူမိသားစုကိုယ်တိုင် လွတ်လပ်သော သဘောဆန္ဒဖြင့် ကြေအေးရုပ်သိမ်းခဲ့သည်”ဟု ဖော်ပြထားသည်။

အမှုတွင် သက်သေ ၁၄ ဦးကို စစ်ဆေးပြီးသည်အထိ သံသယရှိသူများက ကိုအောင်ရဲထွေးကို ထိုးကြိတ်ကြောင်း ထင်ရှားစွာ မပေါ်ပေါက်သေးသည့်အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က) အရ စွဲချက်မတင်မီ တရားလို ကိုယ်တိုင် အမှုကြေအေးရုတ်သိမ်းသည့်အတွက် ခွင့်ပြုခဲ့ကြောင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် စွပ်စွဲခံရသူထဲမှ တစ်ဦးနှင့် ကိုအောင်ရဲထွေးတို့သည် ဘာသာတူဖြစ်ခြင်း၊ ဘာသာရေး အကြီးအကဲများက ညှိနှိုင်းပေးခြင်းဆိုသည့် အချက်မှာ လုံးဝမှားယွင်းနေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ဦးထွန်းကြည်က သုံးသပ်သည်။

“ကျွန်တော်တို့ အစ္စလာမ်ဘာသာရဲ့ လမ်းညွှန်ချက်မှာ အဲ့ဒီလို ကြေအေးခွင့်မရှိဘူး။ ဝင်ရောက်ညှိနှိုင်းပေးလို့လည်း မရဘူး။ လူသေတဲ့ကိစ္စက လူသေတာပဲ။ ဒါဟာ ရာဇဝတ်မှုပဲ။

ရာဇဝတ်မှုတွေကို ဘာသာရေးအကြီးအကဲတွေက ကြားဝင်ဆောင်ရွက်ခွင့်မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကရော မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရရော ဒါကို ခွင့်ပြုလို့မရဘူး”ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading