သတင်း

တကောင်းမြို့အနီး စစ်ယာဉ်တန်းကို PDF နှစ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

မန္တလေးနှင့် စစ်ကိုင်းတိုင်းအစပ် တကောင်းမြို့၊ သုံးမိုင်ကျေးရွာအနီး ရောက်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ (အောက်တိုဘာ ၆) ညတွင် PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃၀ ခန့် ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

ယာဉ်တန်းသည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ဘက်မှ သပိတ်ကျင်းမြို့ဘက်သို့ မောင်းနှင်လာခြင်းဖြစ်သည်ဟု သပိတ်ကျင်းဒေသခံတစ်ဦးက ပြောသည်။

“သုံးမိုင်ဆိုတာက တကောင်းနဲ့ ကပ်နေတာ၊ သူတို့ဖြစ်ပြီဆိုတော့ ကျွန်တော်တို့ကတော့ အသံပဲ ကြားတာပေါ့။ စစ်ကားတစ်စီးတော့ မီးလောင်သွားတယ်” ဟု သပိတ်ကျင်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲ့ဒါနဲ့ တစ်ချိန်တည်း တောင်တစ်လုံးရွာရဲ့ သင်္ချိုင်းနားမှာလည်း တိုက်ပွဲ အသေးစားလေးတစ်ခုဖြစ်တယ်။ အပြန်အလှန်ပစ်သံတွေ ဆူညံနေတာ ကြားနေရတာ။ အဲ့ဒီတိုက်ပွဲကတော့ နှစ်ဖက်လုံး အထိအခိုက်မရှိဘူး သိရတယ်” 

စစ်ယာဉ်တန်းကို ထီးချိုင့် PDF နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့ပြီး စစ်သားအများအပြား ဒဏ်ရာရကြောင်း သပိတ်ကျင်းမြို့နယ် PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီဘက်ကမူ ၎င်းတို့ထိခိုက်သော တိုက်ခိုက်ခံရမှုအခြေအနေများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့ မရှိပေ။

PDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များတွင် ထီးချိုင့်ဒေသလည်း အပါအဝင်ဖြစ်သည်။ 

ယင်းထီးချိုင့်ဒေသနှင့် ကပ်လျက်တွင်ရှိသည့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းမြို့အပါအဝင် မန္တလေး-ဗန်းမော်ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းများ သွားလာနေကြခြင်းဖြစ်သည်။

သပိတ်ကျင်း PDF က စစ်ကောင်စီ၏ သတင်းပေးဒလန်များ၊ အုပ်ချုပ်ရေးမှူးများကို လုပ်ကြံရှင်းလင်းခြင်း၊ စစ်ကောင်စီ၏ Mytel တာဝါတိုင်များကို တိုက်ခိုက်ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခဲ့ရာမှ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်လာခြင်းဖြစ်သည်။

ထီးချိုင့်နှင့် သပိတ်ကျင်းမြို့နယ်များ၏ အနီးဝန်းကျင်ပြမြေပုံ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button