သတင်း

ဒေသအချို့တွင် အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်

အာဏာသိမ်းစစ်ကောင်စီအောက်တွင် တာဝန်ထမ်းဆောင်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းပြီး တစ်လအကြာတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းရှိ ဒေသအချို့တွင် ကျန်းမာရေးအကြောင်းပြကာ အစုလိုက်အပြုံလိုက် နုတ်ထွက်နေသော အုပ်ချုပ်ရေးမှူးများ ရှိနေသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရေးတိုက်ပွဲ စတင်ကြောင်း NUG အစိုးရက စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက်ပိုင်း ဒေသအချို့တွင် အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်သူများရှိခဲ့ပြီး လတ်တလောတွင် ကသာ၊ ထီးချိုင့်၊ ချောင်းဦး၊ ရေစကြို၊ ခရမ်းနှင့် မင်္ဂလာဒုံမြို့နယ်များ၌ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်နေသည်ကို တွေ့ရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ​စက်တင်ဘာလလယ်မှ ယမန်နေ့ (အောက်တိုဘာ ၆) အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၄ ဦး နုတ်ထွက်စာတင်ထားသည်ဟု ရေစကြိုမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ 

အုပ်ချုပ်ရေးမှူးအားလုံး စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားနုတ်ထွက်ရန် ရေစကြိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ သတိပေးချက်နှင့်အတူ သာစည်ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ထိုသို့ အစုလိုက်အပြုံလိုက် နုတ်ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ 

သာစည်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဆန်းလင်းသည် မည်သူ့မျှမကြောက်ဘဲ အုပ်ချုပ်ရေးမှူးလုပ်မည်ဟု ကျေးရွာအတွင်း အသံချဲ့စက်ဖြင့် ကြွေးကြော်ပြီးနောက် အောက်တိုဘာ ၁ ရက်တွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ၎င်းကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရေစကြို PDF က ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုမှာ သြဇာသက်ရောက်မှုမရှိဘဲ စစ်တပ်သတင်းပေး (ဒလန်) အဖြစ် လုပ်ကိုင်နေသူများသာဖြစ်သည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။ 

“သတင်းတွေပေးနေတော့ အဲ့ဒီရွာတွေမှာရှိတဲ့ CDM ဝန်ထမ်းတွေတို့၊ တက်ကြွလှုပ်ရှားသူတွေ၊ သပိတ်ခေါင်းဆောင်တွေ ဖမ်းတာပေါ့။ အဲ့ဒါကြောင့် သူတို့တွေကို ရည်ရွယ်ပြီး နုတ်ထွက်ပေးဖို့ဆိုပြီး ကြေညာချက်ထုတ်လိုက်တဲ့သဘောပါ” ဟု မြို့နယ် PDF အဖွဲ့၏ သတိပေးစာနှင့် ပတ်သက်၍ အထက်ပါ ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။

ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းရှိ ရေစကြိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၈ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၈၁ ခုရှိသည့်အနက် မြို့ပေါ်ရပ်ကွက်များအားလုံးမှ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၃၆ ဦး နုတ်ထွက်စာတင်ထားသည်ဟု သိရသည်။ 

ကျန်ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ဝန်းကျင်သည်လည်း နေရပ်တွင် နေထိုင်ခြင်း မရှိသည်မှာ ကြာမြင့်နေပြီဖြစ်ကာ နုတ်ထွက်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးအချို့မှာ စစ်တပ်အတွင်း ခိုလှုံကာ တိမ်းရှောင်နေသည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်း၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အများဆန္ဒဖြင့် ရွေးချယ်ခန့်အပ်ခံထားရသည့် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖယ်ရှားပြီးနောက် စစ်ကောင်စီက ၎င်းတို့စိတ်ကြိုက် အစားထိုးခန့်အပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင်လည်း စက်တင်ဘာ ၃၀ နောက်ဆုံးထားနုတ်ထွက်ရန် ဒေသခံ PDF အဖွဲ့က ထုတ်ပြန်ပြီးနောက် မကြာသေးမီ ရက်ပိုင်းအတွင်း အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်ခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ဆန္ဒပြနေသူတစ်ဦးက စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ရန် နှိုးဆော်နေသည်ကို ဖေဖော်ဝါရီ ၁၄ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA) 

ထီးချိုင့်မြို့ မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်စာတင်ခဲ့သည်ဟု ထီးချိုင့် PDF အဖွဲ့နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး အရှင်းခံလိုက်ရပြီးနောက်မှာ မြို့ပေါ် ၂၊ ၃၊ ၄၊ ၅ ရပ်သွားပြီ။ နယ်တွေကလည်း တစ်ပြိုင်နက်တည်း နုတ်ထွက်လိုက်တဲ့အခါကျတော့ အုပ်ချုပ်ရေးယန္တရားက ရပ်သလိုဖြစ်သွားပါပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါ အမျိုးသားက ပြောသည်။ 

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းနေသည့် ထီးချိုင့်မြို့နယ်တွင် စက်တင်ဘာလကုန်ပိုင်းက စစ်တပ်သတင်းပေး (ဒလန်) အချို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်နည်းတူ ယခုလဆန်းပိုင်း၌လည်း အလယ်တောရဲကင်းစခန်းနှင့် ကမ်းနီရဲကင်းစခန်းများ မီးရှို့ခံထားရသည်။

စစ်ကိုင်းတိုင်းအတွင်း ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် ကသာမြို့နယ်တွင်လည်း ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူး ၁၂ ဦး တစ်ပြိုင်နက် နုတ်ထွက်စာတင်ခဲ့သည်။

ကျေးရွာအုပ်စုများတွင် ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများ နုတ်ထွက်သွားခြင်းနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုမရှိခြင်းကြောင့် စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် နုတ်ထွက်လိုကြောင်း အုပ်ချုပ်ရေးမှူး ၁၂ ဦးက စုပေါင်းလက်မှတ်ရေးထိုးထားသည့် စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ 

ထို့အတူ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင်လည်း မိသားစုလုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နေ့တွင် နုတ်ထွက်စာတင်ခဲ့သည့် အုပ်ချုပ်ရေးမှူး ၂၀ ဦးရှိသည်ဟု ဒေသခံ PDF အဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။ 

“ အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်ပြီး အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ သတိပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့က ပြည်သူ့သစ္စာဖောက်ဒလန်အဖြစ် သတ်မှတ်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းပဲဖြစ်ရမှာပါ” ဟု PDF – Khayan ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။

နုတ်ထွက်စာတင်သူများတွင် ခရမ်းမြို့ပေါ်ရပ်ကွက် ၁၃ ခုမှ အုပ်ချုပ်ရေးမှူးအားလုံးနှင့် ကျေးရွာ ၅၆ ရွာအနက် ၇ ရွာမှ အုပ်ချုပ်ရေးမှူးများဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် နုတ်ထွက်ကြခြင်း ဖြစ်သည်။ 

အဆိုပါအုပ်ချုပ်ရေးမှူးများ အမှန်တကယ်နုတ်ထွက်ခြင်းဟုတ်မဟုတ် စောင့်ကြည့်သွားမည်ဟု PDF – Khayan အဖွဲ့က ဆိုသည်။

“လက်ရှိမှာတော့ ဒီအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်နေတယ်။ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြပြီးတော့ ပြတ်ပြတ်သားသားနုတ်ထွက်ဖို့ လိုမယ်။ ရှေ့မှာတော့ နုတ်ထွက်ယောင်ပြပြီးတော့ နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ဆက်နွှယ်တာ ရှိနိုင်တယ်။ ဒါကြောင့် ပြတ်ပြတ်သားသားနုတ်ထွက်ကြဖို့ သတိပေးလိုပါတယ်” ဟု PDF-Khayan ခေါင်းဆောင်တစ်ဦးက ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်မှု နေ့တိုင်းနီးပါးရှိနေပြီး လက်ရှိအချိန်ထိ အသတ်ခံရသည့် မြို့နယ်အဆင့်နှင့် ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူ ၁၀၂ ဦးရှိကြောင်း စက်တင်ဘာ ၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များကို တွေ့ဆုံရာတွင် စစ်ကောင်စီက ထည့်သွင်းဖော်ပြခဲ့သည်။

သို့သော် လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများအတွက် နစ်နာကြေး ကျပ်ငါးသိန်းပေးအပ်ကြောင်း ဇွန်လအတွင်း ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နေ့စဉ်နှင့်အမျှ သတ်ဖြတ်ခံနေရသည့် အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ မည်သို့စီစဉ်ဆောင်ရွက်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button