မေးခွန်းတစ်ခု၊ အမြင်နှစ်မျိုး - အောင်ရဲထွေးအမှုကို မတူညီသည့် ရှုထောင့်နှစ်ခုမှ ချဉ်းကပ်ခြင်း

“ကျွန်တော့်ရဲ့ ရှေ့နေလုပ်သက် နှစ် ၄၀ ကျော်မှာ အခုဆိုရင် ရှေ့နေလုပ်ချင်စိတ်မရှိတော့အောင် စိတ်ပျက်သွားတယ်။ ကိုအောင်ရဲထွေးအမှု လွှတ်လိုက်ရော လာဘ်စားတယ်လို့ တန်းပြောကြပါရော”

ဦးနေလ ဒုတိယ ဥက္ကဌ။ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း။

“ဒါ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ဆိုင်တယ်လို့ပဲ ပြောရမှာပဲ။ သမားရိုးကျအတိုင်း မရုပ်သိမ်းနိုင်တဲ့ အမှုတစ်ခုကို ထူးဆန်းစွာ ရုပ်သိမ်းသွားလို့ပါ”

ဦးရောဘတ်စန်းအောင် တရားလွှတ်တော် ရှေ့နေ။

ဟာသရုပ်သံတိုများကြောင့် Facebook ပေါ်တွင် လူသိများလာခဲ့သူ ကိုအောင်ရဲထွေး ၂၀၁၇ ဒီဇင်ဘာ နှစ်သစ်ကူးပါတီ ရန်ပွဲအတွင်း သေဆုံးခဲ့သည့်အတွက် လူသတ်မှုဖြင့် ဖမ်းခံထားရသည့် သံသယရှိသူသုံးဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်တွင် စွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သည့် ကိုအောင်ရဲထွေး၏အမှုသည် သမ္မတက မှတ်ချက်ပေးရသည်အထိ ရိုက်ခတ်ခဲ့သည်။ သမ္မတက မှတ်ချက်ပေးခဲ့ပြီးနောက် တရားရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့ အမှုကို ပြန်လည်ကိုင်တွယ်ရန်ပြင်ဆင်နေကြသည်။

အဆိုပါအမှုသည် ပြည်သူများအကြားတွင်သာမက ဥပဒေပညာရှင်များအကြားတွင်ပင် ဆွေးနွေးငြင်းခုံနေကြသည်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ ဒုတိယ ဥက္ကဋ္ဌဦးနေလနှင့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်တို့သည် ကိုအောင်ရဲထွေးအမှုအပေါ် မတူညီသည့်အမြင် ရှိသူများဖြစ်သည်။

သူတို့နှစ်ဦးသည် ၂၀၁၇ဇန်နဝါရီလအတွင်းက ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဦးကိုနီ အမှုတွင် တရားလိုများ၏ရှေ့နေများအဖြစ် ပူးပေါင်းဆောင်ရွက်နေသူများလည်းဖြစ်သည်။

လူသိများသော ဥပဒေပညာရှင်နှစ်ဦးကို သီးသန့်တွေ့ဆုံကာ Myanmar Now က မေးခွန်းပုံစံတစ်ခုတည်းကိုသာ မေးမြန်းခဲ့ပြီး ၎င်းတို့၏ မတူညီသည့် အမြင်များကိုဖော်ပြလိုက်ပါသည်။

Myanmar Now ။ ။ အခုလို အရှေ့ပိုင်းခရိုင်တရားရုံးက ကိုအောင်ရဲထွေးအမှုကို ကျေအေးရုတ်သိမ်းခွင့်ပြုခဲ့တာကို ဘယ်လိုသုံးသပ်ပါသလဲ။

ဦးနေလ ။ ။ရန်ကုန်တိုင်းဥပဒေချုပ်ရဲ့ ခွင့်ပြုချက်သဘောထားနဲ့ ခရိုင်ဥပဒေရုံးက အမှုကို ရုပ်သိမ်းတယ်။ သက်သေ ၁၄ ဦးစစ်တဲ့ အထဲမှာလည်း မျက်မြင်သက်သေပိုင်းတွေမှာ အထင်အရှားမပေါ်ဘူး။ ဒီအမှုမှာ ထူးခြားတာက နစ်နာတဲ့မိသားစုကိုက အကြောင်းကြောင်းကြောင့် အမှုရုပ်သိမ်းဖို့ သဘောတူတယ်။ အဲဒီမှာ တစ်ခုရှိတာက တရားရုံးရဲ့ဆုံးဖြတ်ချက်တွေမှာ ရဲဘက်က သဘောထားတောင်းခံစရာမလိုဘူး။ ဒီအမှုမှာ အားနည်းချက်တွေရှိနေတယ်။ ကျေအေးဖို့အခြေအနေက ပေါ်ပေါက်နေပြီးသားဆိုတာ တွေ့ရတယ်။ နစ်နာသူတွေကလည်း အမှုမှာ မမြင်မတွေ့ဘူးဆိုတာတွေနဲ့ ဖော့ထွက်ဆိုသွားတာတွေ တွေ့ရတယ်။ တိုင်းဥပဒေချုပ်ရုံးက သုံးသပ်တယ်ဆိုတာကလည်း ထွက်ချက်တွေမှာ ပေါ်ပေါက်နေတဲ့ အချက်တွေအပေါ် သုံးသပ်တာ။ အခုလို အမှုကျေအေးရုတ်သိမ်းခွင့်ဆိုတာ ဥပဒေမှာလည်း ပြဋ္ဌာန်းထားသလို တရားရုံးလမ်းညွှန်ချက် (၁၁) မှာလည်း ညွှန်ကြားချက်ရှိတယ်။

ဦးရောဘတ်စန်းအောင် ။ ။ဒါ မဖြစ်သင့် မဖြစ်ထိုက်ဘူးဗျ။ ဒီလိုသာလုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက အများကြီးကို စိုးရိမ်ဖွယ်ရာပဲ။ မရုပ်သိမ်းသင့်တာကို ရုပ်သိမ်းတာလေ။ ဒီလောက် ရက်ရက်စက်စက်လုပ်တဲ့ကိစ္စတွေကို အားပေးအားမြှောက်မဖြစ်ရအောင်၊ နောင် အစဉ်အလာလို မဖြစ်ရအောင် မရုပ်သိမ်းသင့်ဘူးပေါ့။

Myanmar Now ။ ။ ရုပ်သိမ်းလိုက်တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က) မှာ ပြဋ္ဌာန်းထားချက်အရ အခုလို ရုပ်သိမ်းခွင့်ကို တရားရုံးက ခွင့်ပြုလို့ရတဲ့ အနေအထားမျိုးရှိတယ်။ အဲ့ဒီမှာ တရားရုံးက ဥပဒေပြဋ္ဌာန်းချက်အရ ဆုံးဖြတ်မယ့် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ပြုခွင့်ပေးထားတာရှိတယ်။ အဲဒီဟာကို ဘယ်လိုသဘောရလဲ။

ဦးနေလ ။ ။ ဒီဖြစ်ရပ်က အမှန်တကယ်တော့ သာမန်ရန်ဖြစ်မှုကနေဖြစ်လာတာ။ သေဆုံးသူ ကိုအောင်ရဲထွေးရဲ့ အစ်ကိုနဲ့ မှားပြီး ရန်ဖြစ်ရာကနေ သေဆုံးတဲ့အထိ ဖြစ်လာတာ။ ကိုအောင်ရဲထွေးရဲ့ အစ်ကိုဖြစ်သူက အခုစွပ်စွဲခံရသူတစ်ဦးကို နဖူးကွဲအောင် လုပ်ခဲ့ဖူးတယ်ဆိုတဲ့ ဖြစ်စဉ်တွေကလည်း ကြားရတယ်။

ဦးရောဘတ်စန်းအောင် ။ ။ တကယ်လက်တွေ့ အခြေခံကျတဲ့ ဆင်ခြင်တုံတရားဖြစ်ရမယ်။ ငါဆုံးဖြတ်တာ ငါ့ဆင်ခြင်တုံတရားမဖြစ်ရဘူး။ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်လို့မရဘူး။ အခု သူတို့လုပ်သွားတာက အဲ့ဒီလိုပုံစံမျိုးဖြစ်နေတယ်။ ဆင်ခြင်တုံတရားဆိုပြီး အရမ်းသုံးလို့မရဘူး။

Myanmar Now ။ ။ ဒီလို အမှုကျေအေးရုတ်သိမ်းခွင့်ကို ခရိုင်တရားသူကြီးက ခွင့်ပြုပြီးတဲ့နောက်မှာ ဒီအမှုက သိပ်ကိုကျယ်လောင်စွာ ဝေဖန်သံတွေ ထွက်လာတယ်။ လူတစ်ယောက် သေဆုံးခဲ့ရတဲ့အမှုကို အခုလို လွှတ်ပေးလိုက်တာကို ဝေဖန်ကြတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်သွားရတာလဲ။

ဦးနေလ ။ ။ အဓိကကတော့ မြန်မာနိုင်ငံအတွင်းက လူမှုကွန်ရက် Facebook တွေရဲ့ လှုံ့ဆော်မှုကြောင့်ပဲ။ ဥပဒေကြောင်းအရ မှန်သလား မှားသလား သေသေချာချာမသိဘဲနဲ့ အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်လိုက်လို့ အခုလိုကြီးသွားရတာ။ အဲ့ဒီလို ဝိုင်းပြောကြရာကနေ နောက်ဆုံး သမ္မတပါ ကြားသွားပြီးတော့ သူက မှတ်ချက်တွေဘာတွေ ပြုတာနဲ့ တိုင်းဥပဒေရုံးက သူကိုယ်တိုင် ခွင့်ပြုချက်ပေးခဲ့တဲ့ အမှု ကျေအေးရုတ်သိမ်းကာ ပြန်လွှတ်ခဲ့တာကို သူကိုယ်တိုင်ကပဲ အခု ပြင်ဆင်ချက်တွေဘာတွေ ပြန်တင်တဲ့ဟာတွေဖြစ်လာတာ။ အခုလို ပြန်လုပ်တဲ့ဆီမှာ ဥပဒေရေးရာ အငြင်းပွားစရာတွေ ဖြစ်လာတာကို မစဉ်းစားကြဘူးလား ဆိုတာမေးစရာဖြစ်လာတယ်။ တစ်ခုခုဆို တရားစီရင်ရေးမှာ လာဘ်ပေးလာဘ်ယူကိစ္စ ဒါကိုပဲ တန်းပြောကြတယ်။ နောက်ဆုံး စီရင်ချက်ကို မတွေ့ရသေးခင် အမှုပေါ်ပေါက်ချက်အရလား၊ ဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေကြောင့်လားဆိုတာ မစဉ်းစားကြပဲ တန်းစွပ်စွဲကြရော။

ဦးရောဘတ်စန်းအောင် ။ ။ ဘာဖြစ်လို့လဲဆိုတော့ အမှုစဖြစ်ကတည်းက ပြည်သူလူထုက ဒီလိုဖြစ်ရပ်အပေါ် ကြောက်ရွံ့တုန်လှုပ်သွားတယ်။ ပြည်သူစိတ်ဝင်စားမှုက တအုံ့နွေးနွေးရှိနေချိန်မှာ ရုတ်တရက်လွှတ်လိုက်တယ်ဆိုတော့ ထပေါက်ကွဲတာပဲ။ ဟိုးလေးတကျော်ဖြစ်သွားတယ်။ အဲ့ဒါကို သတိမမူဘဲ အချိန်ကာလတစ်ခု ကြာမြင့်သွားချိန်မှာ လုပ်လိုက်တဲ့သူတွေက သွေးအေးသွားပြီလို့ ယူဆပြီးလုပ်တာ။ အဲဒီမှာ အုတ်အောသောင်းနင်းနဲ့ အဲ့ဒီလိုလုပ်မှုကို ဖြေရှင်းရတာပါ။ မလုပ်သင့်တာကို လုပ်တယ်လို့ ကျွန်တော်ပြောချင်တယ်။

Myanmar Now ။ ။ ဒီအမှုမှာ တရားစီရင်ရေးအပိုင်းမှာ အဂတိလိုက်စားမှု ရှိနေတယ်လို့ လူထုအများက ယုံကြည်နေကြတယ်။ အဲ့ဒီအပေါ်ရော ဘယ်လိုသုံးသပ်ပါသလဲ။

ဦးနေလ ။ ။ဒီအမှုမှာ ဥပဒေအရ မှန်တယ်၊ မှားတယ်ဆိုတာ ဒုတိယအဆင့်ကိုရောက်သွားပြီ။ မြန်မာ့တရားစီရင်ရေးအတွက် တကယ့်ကို ရင်လေးစရာဖြစ်စေခဲ့တယ်။ အဂတိ လေးမျိုးထဲက ဘယာဂတိ (ကြောက်၍ လုပ်နေခြင်း) ဆိုတဲ့ဟာအပေါ် စဉ်းစားရတော့မယ်။ ဒါကို ထည့်မစဉ်းစားကြဘဲ အခုလို ဒီအမှုမှာ လုပ်နေကြတာ။ အစိုးရသစ်တက်လာတယ်၊ လက်ရှိတရားလွှတ်တော်ချုပ်အဆင့် ရှိသူတွေကို မကြိုက်ဘူးလား၊ မကျေနပ်ရင် ဖြုတ်လိုက်ပါလား။ အခုက မှားသွားရင်အရေးယူမယ်ဆိုတဲ့ စောင့်ကြည့်မှုတွေနဲ့ လုပ်ကြမယ်ဆိုရင် အဲ့ဒီလူတွေက ကြောက်ပြီး တရားစီရင်ရေးတွေကို လုပ်ကြတော့မယ်။ ကျွန်တော့်ရဲ့ ရှေ့နေလုပ်သက် နှစ် ၄၀ ကျော်မှာ အခုဆိုရင် ရှေ့နေလုပ်ချက်စိတ်မရှိတော့အောင် စိတ်ပျက်သွားတယ်။ ကိုအောင်ရဲထွေးအမှုမှာ စွပ်စွဲခံရသူတွေကို လွှတ်လိုက်ရော လာဘ်စားတယ်လို့ တန်းပြောကြပါရော။ အဲ့ဒီတော့ အခုနောက်ပိုင်း ဘယ်တရားသူကြီးက တရားခံလို့ စွပ်စွဲခံရသူတွေကို ဘယ်လွှတ်ပေးရဲတော့မလဲ။ အဲ့ဒီလို မလွှတ်ပေးရဲတော့တဲ့ ဘဝကို ရောက်သွားရင် ဘယ်သူတွေနစ်နာမှာလဲ။ ပြည်သူပဲနစ်နာမှာ။ တရားစီရင်ရေးမှာ လွတ်လွတ်လပ်လပ် မရှိတော့တဲ့ အခြေအနေကို ရောက်တယ်လို့ ဖြစ်စေတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ လွတ်လပ်တဲ့ တရားစီရင်မှုရှိမှ ရမှာ။ အခုက တရားသူကြီးတွေက သူတို့ခုံပြုတ်မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ပုံစံကို ဖြစ်စေတယ်။ တပ်မတော်အစိုးရလက်ထက်တုန်းကလည်း အဲ့ဒီလိုစိုးရိမ်မှုတွေနဲ့ တရားစီရင်ခဲ့ကြရသလို အခု အဲ့ဒီလိုဖြစ်လာမှာ စိုးရိမ်စရာပါ။

ဦးရောဘတ်စန်းအောင် ။ ။ ဒီအမှုမှာ နှစ်မျိုးပဲဖြစ်နိုင်တယ်။ ငွေကြောင့်လည်းဖြစ်နိုင်တယ်။ ခြိမ်းခြောက်မှု တစ်စုံတစ်ရာကြောင့်လည်း ဖြစ်နိုင်တယ်။ ခြိမ်းခြောက်မှုထက် ငွေက အားသာနေလိမ့်မယ်လို့ လူအများက ယူဆနေကြတယ်။ အဲ့ဒါကြောင့် လွှတ်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတဲ့နေရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်စစ်ဆေးတာကို ပြည်သူက လိုလားနေတာ။ ကျွန်တော်တို့ကတော့ စောင့်ကြည့်မယ်လို့ဆုံးဖြတ်တယ်။ အဲ့ဒီလိုပြန်လုပ်တော့ အခုဆို တရားသူကြီးတွေက သူ့ခုံပြုတ်မလားဆိုတဲ့ ဘယာဂတိဆိုတဲ့ ကြောက်ရွံ့မှုတွေနဲ့ ပြန်လုပ်နေရမလားဆိုပြီး ဖြစ်လာတယ်။ ရုတ်သိမ်းတာကို ခွင့်ပြုတာကလည်း တိုင်းဥပဒေချုပ်၊ အမှုပြန်ဖွင့်ဖို့ လာတာကလည်း တိုင်းဥပဒေချုပ်ပဲဆိုတော့ ဥပဒေချုပ်ရုံးသည် တစ်ချိန်တစ်မျိုးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်လာရင် နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားကို သွားထိခိုက်နိုင်တယ်။ ဒီဟာကို ဖြစ်သင့်တာက တိုင်းတရားသူကြီးချုပ်ကသော်လည်းကောင်း၊ တိုင်းတရားရေးဦးစီးမှူးကသော်လည်းကောင်း ရာဇဝတ်ပြင်ဆင်မှုဖွင့်တယ်ဆို ပိုသဘာဝကျမယ်။ အမှုရုပ်သိမ်းတဲ့နေရာနဲ့ အမှုပြင်ဆင်မှုပြန်လုပ်တဲ့နေရာက တနေရာတည်းဖြစ်နေတော့ အားလုံးရဲ့သံသယက ပိုကြီးတာပေါ့။

Myanmar Now ။ ။ လူထုအများက ဒီအမှုမှာ ငွေကြေးအသုံးပြုကာ အခုလို အမှုကနေ လွတ်မြောက်အောင် လုပ်ကြတယ်လို့ ဆိုကြတယ်။ အဲဒီအချက်ကို ဘာပြောချင်သလဲ။

ဦးနေလ ။ ။ အခုပြောနေကြတာက တစ်ယောက်ယောက်က ငွေပုံပေးလို့ ဖြစ်တယ်လို့ ပြောနေကြတာ။ တကယ်တမ်းပြောရရင် ငွေမပါဘူးလို့ ပြောရလည်း ခက်တယ်။ ပါတယ်လို့ သက်သေထူ ပြောဖို့လည်း ခက်တယ်။ ကျွန်တော့်ရှေ့နေလုပ်သက် အတွေ့အကြုံအရဆို တိုင်းအဆင့်အထိက ဒီကိစ္စကို အကြောင်းမရှိဘဲနဲ့ မလုပ်ရဲဘူးလို့ ထင်တယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စသက်သက်လို့တော့ မယူဆဘူး။

ဦးရောဘတ်စန်းအောင် ။ ။ ဒီဟာမှာ ငွေကြောင့်ဆိုတာ ပါကိုပါမှာပဲ။ ငွေမပါရင် အလုပ်မဖြစ်ဘူးလေ။ ဒါ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ဆိုင်တယ်လို့ပဲ ပြောရမှာပဲ။ သမားရိုးကျအတိုင်း မရုပ်သိမ်းနိုင်တဲ့ အမှုတစ်ခုကို ထူးဆန်းစွာ ရုပ်သိမ်းသွားလို့ပါ။

Myanmar Now ။ ။ ကျေအေးရုပ်သိမ်းခွင့် သဘောထားမှတ်ချက်ကို ခွင့်ပြုတာကလည်း တိုင်းဥပဒေချုပ်ရုံးပဲ။ အခုပြင်ဆင်ချက်တင်ပီး အခုကို ပြန်စွဲဆိုဖို့လုပ်နေတာကလည်း တိုင်းဥပဒေရုံးကပဲ။ အဲ့ဒီတော့ အမှုရုပ်ခွင့်ပြုတဲ့နေရာနဲ့ အမှုပြန်ဖွင့်ဖို့ပြင်ဆင်ချက်တင်တဲ့နေရာက တစ်ခုတည်းဖြစ်နေတာ လူထုကို ပိုသံသယမကြီးစေဘူးလား။

ဦးနေလ ။ ။ အဲ့ကိစ္စက လုပ်ထုံးလုပ်နည်းအရ ခရိုင်အဆင့်ဆုံးဖြတ်တာကို သံသယရှိမယ်ဆိုရင် တိုင်းတရားလွှတ်တော်အနေနဲ့ ပြန်လည်စစ်ဆေးကြားနာလို့ရတယ်။ ဒါနည်းလမ်းအမှန်ပဲ။ ဒါကိုမကျင့်သုံးတာကိုတွေ့ရတယ်။ ဒီမှာ တရားရုံးက ဘယ်လိုဆုံးဖြတ်မယ်လို့ ပြည်သူတွေက မျှော်မှန်းထားသလဲဆိုတဲ့ မေးခွန်းမေးချင်တယ်။ သေချာပေါက် ပြစ်ဒဏ်ပေးမှာပဲလို့ မျှော်မှန်းထားကြတာ။ အခုလည်း တိုင်းတရားလွှတ်တော်က အမှုကိုပယ်ဖျက်မှာပဲလို့ လူတွေက ယုံကြည်နေကြတယ်။ အဲ့ဒီတော့ပြန်စစ်ရင် ဒီလူတွေအားလုံးကို သက်သေခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ အပြစ်ပေးမှာပဲလို့ အများက ယုံကြည်နေကြတယ်။ အဲ့ဒီတော့ အခုဒီအမှုကို ပြန်လုပ်ရမယ့် ဘယ်တရားသူကြီးကမှ ဒီစွပ်စွဲခံရသူတွေကို လွှတ်ရဲမှာမဟုတ်ဘူးဆိုတာ သေချာတယ်။

ဦးရောဘတ်စန်းအောင် ။ ။ တချို့ကိစ္စတွေမှာ တရားရုံးထွက်ချက်က အဓိကဆိုပေမယ့် ကြီးမားတဲ့ကွဲလွဲချက်တွေပေါ်လာရင် ဥပဒေအရာရှိက ဒါကို အမှန်တရားပေါ်လာအောင် ဆောင်ရွက်ရမယ်လေ။ တရားရုံးမှာ ထွက်ဆိုတဲ့ဒီသက်သေက မှန်မှန်ကန်ကန်ထွက်ဆိုသလား စစ်ဆေးရမယ်လေ။ မဟုတ်ဘူးဆိုရင် ဘာ့ကြောင့် မဟုတ်ဘူးဆိုတာ ဖော်ထုတ်ရမယ်။

Myanmar Now ။ ။ သက်သေ ၁၄ ဦးလုံးရဲ့ ထွက်ချက်ကို ပြန်သုံးသပ်ရရင် ဒီသက်သေတွေက အမှုကို ရုပ်သိမ်းဖို့ ပြင်ဆင်လာတဲ့ကာလ တစ်လျှောက်လုံး ရုပ်သိမ်းလို့ရအောင် ဇာတ်တိုက်ထားတဲ့ သဘောမျိုး မဖြစ်နေဘူးလား။

ဦးနေလ ။ ။ ရန်ဖြစ်တယ်၊ မိဘတွေက သားသမီးတွေကို ရဲစခန်းလာပို့တယ်။ အဲဒါက အပြစ်ရှိကြောင်း ဝန်ခံတာမဟုတ်ဘူး။ အခုက လူသေသွားတာမှန်တယ်။ ကိုယ်တိုင်တွေ့ရှိချက်အရ လူတွေမသိသေးတာက ကိုအောင်ရဲထွေးက ထိုးကြိတ်ကန်ကျောက်ချိန်မှာ ချက်ချင်းသေသွားတာမဟုတ်ဘူး။ ဆေးခန်းကနေ မြန်မာနိုင်ငံမှာ အတော်ဆုံးဆိုတဲ့ ရန်ကုန်ဆေးရုံကြီးက ဦးနှောက်နဲ့ အာရုံကြောဌာနက ဘယ်အဆင့်ရှိတယ်ဆိုတဲ့ ဆရာဝန်တွေက ခွဲစိတ်တယ်မသိဘူး။ ခွဲစိတ်တယ်။ အဲ့ဒီခွဲစိတ်တဲ့ဆေးရုံရဲ့ အောင်မြင်မှုရာခိုင်နှုန်းကိုလည်း ဆန်းစစ်ကြည့်ရင်ကောင်းမယ်ထင်တယ်။ ခွဲစိတ်ကုသတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားသင့်တယ်။ နောက်တစ်ချက်က လူသေပင်သေငြားသော်လည်း ရန်ဖြစ်တဲ့အမှုကိစ္စတွေမှာ အရင်စီရင်ထုံးတချို့တွေမှာ လူသတ်မှု၊ လူသေမှုနဲ့ ပြစ်ဒဏ်မပေးဘူး။ ဒါတွေကို နာကျင်စေမှုနဲ့ပဲ ပြစ်ဒဏ်ပေးတဲ့ စီရင်ထုံး အများအပြားရှိတယ်။ အခုကိစ္စက ဆန္ဒစောပြီး အမှုရုပ်သိမ်းလို့ဖြစ်တာ။ တစ်ဖက်က ကျေအေးစာ တင်မယ်၊ တရားရုံးက မျှမျှတတစစ်ဆေးမယ်၊ သူတို့ကို နာကျင်စေမှုနဲ့ ပြစ်ဒဏ်ပေးမယ်ဆိုလည်း ပေးလို့ရတယ်။ ဒါမှမဟုတ် တရားရုံးက ကျေအေးစာကို လက်မခံဘူး၊ ဆက်စစ်မယ်ဆုံးဖြတ်ပြီး စွဲချက်တင်မယ်၊ ထွက်ချက်မှာ သက်သေမခိုင်လုံလို့ တရားရှင်လွှတ်လို့ရတယ်အခြေအနေမျိုးလည်း ရှိတယ်။ ကာယကံရှင်တွေ ဆန္ဒစောလို့ ဖြစ်တယ်လို့ပဲ သုံးသပ်တယ်။

ဦးရောဘတ်စန်းအောင် ။ ။ သက်သေထွက်ချက်တွေမှာလည်း ဇာတ်တိုက်ထားတဲ့ သဘောမျိုးပေါ်နေတယ်။ အကြမ်းဖျင်း ရုံးမတင်ခင်ကတည်းက ပွဲစားတွေ ဝင်ရှုပ်တယ်။ ပွဲစားဆိုတာ အမှုတွေမှာ ဟိုဘက်ဒီဘက်ညှိပေးမယ့် ပုဂ္ဂိုလ်တွေပေါ့။ အဲ့ဒီဟာက ရှေ့နေသော်လည်းကောင်း၊ အခြားသူတစ်ဦးသော်လည်းကောင်း ဖြစ်လိမ့်မယ်ပေါ့။

Myanmar Now ။ ။ အခုလို လွှတ်ပေးလိုက်လို့ရလောက်အောင် ထွက်ဆိုသွားတဲ့ သက်သေ ၁၄ ဦးလုံးရဲ့ ထွက်ချက်တွေမှာ ဘယ်အချက်တွေက အားနည်းချက်ဖြစ်နေပါသလဲ။

ဦးနေလ ။ ။ အဓိက သေလောက်တဲ့ဒဏ်ရာကို ဘယ်သူက ပြုလုပ်တယ်ဆိုတာ မပေါ်ဘူး။ နောက်ဆုံးဗျာ အမှုမှာ ဘာမှကို ထင်ထင်ရှားရှားမပေါ်ဘူး။ မမြင်ဘူး၊ မတွေ့ဘူး၊ မသိဘူး စတာတွေ ထွက်ဆိုထားတာကြောင့်မို့။ ဒီအမှုက အင်မတန် ပေါ့တီးပေါ့ပျက်နိုင်တယ်။ ဒါကလည်း ဖြစ်တတ်တဲ့သဘာဝပါ။ ဘာလို့လဲဆိုရင် သေသူဘက်က ကျေနပ်လာတဲ့အတွက် ဒီလိုပဲ လျှော့ ထွက်ကြမှာပဲ။ ဒါက တရားစီရင်ရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဟာပါ။ အမှုရုပ်သိမ်းဖို့က ဒီနှစ်မတ်လလောက်ကတည်းက လုပ်နေတာဆိုတော့ အဲ့ဒီနောက်ပိုင်း အမှုကို ဆက်စစ်နေပေမယ့် သက်သေထွက်ချက်တွေက မမှန်မကန်ထွက်ချက်တွေပဲ ဖြစ်တော့မှာပေါ့။ ကျေအေးတော့မယ်ဆိုတဲ့နောက်ပိုင်း ထွက်သူတွေက ဘယ်သူကမှ ပြင်းပြင်းထန်ထန် ထွက်ဆိုကြမယ့် အမှန်တရားထွက်ချက်တွေလို့ ယူဆဖွယ်မရှိဘူး။ ကျွန်တော်တို့ ရာဇဝတ်မှုစစ်ဆေးတဲ့ အခါတွေမှာ အဲ့ဒီလိုပုံသဏ္ဌာန် အများကြီးဖြစ်ခဲ့ဖူးပါတယ်။

ဦးရောဘတ်စန်းအောင် ။ ။ အဓိကအားနည်းတာက အရေးကြီးသက်သေတွေ မစစ်သေးတာပဲ။ အရေးကြီးသက်သေဆိုတာ မှုဆင်းဆရာဝန်တွေ၊ အမှုစစ်တွေပေါ့။ သက်သေထွက်ဆိုချက် ယူထားတဲ့သူတွေပေါ့။ ကြိုတင်ထွက်ဆိုချက်ပေးတဲ့သူတွေပေါ့။ နောက် CCTV တွေက အဓိကပဲ။ အဓိကပြောချင်တာက ဒီအမှုကို တည်ဆောက်တဲ့အပိုင်းမှာကိုက ဟာထားတာတွေ ရှိတယ်။ မမြင်ပါဘူး၊ မတွေ့ပါဘူး၊ မီးအလင်းက မှုန်ဝါးနေပါတယ်ဆိုတာတွေ ထွက်ဆိုသွားတော့ ဒါတွေက ဇာတ်တိုက်ထားတာနေမှာပေါ့။ စပြီးကျေအေးဖို့ လုပ်နေတဲ့ အချိန်ကစပြီး ဆက်စစ်ဆေးတဲ့ စစ်ဆေးချက်တွေက သာမန်အနေအထားမဟုတ်တော့ဘူး။ အဲ့ဒီလိုအခြေအနေရောက်ဖို့ စစ်သွားတာ။ အဲ့ဒီမှာ ဥပဒေအရာရှိက ဒါကို ဘာလို့ ကြပ်ကြပ်မတ်မတ်နဲ့ အကောင်အထည်မဖော်သလဲ။ သူတို့ဖြေရှင်းရတော့မယ်။ ဒီအမှုကို တာဝန်ယူရတဲ့ ဥပဒေအရာရှိက ရဲထွက်ချက်နဲ့ ကွဲလွဲနေရင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၂ အရ ဒီအမှုကို တိုက်ဆိုင်စစ်ဆေးရမယ်လေ။ အဲဒီတော့ သက်သေထွက်ချက်တွေကို ရဲစက္ကူနဲ့ (ရဲစခန်းတွင်ထွက်ဆိုချက်) ပြန်တိုက်လိုက်ရင် ပေါ်သွားမှာပေါ့။ အဲဒီတော့ သက်သေတွေက ရဲမှာ ထွက်တာမျိုး၊ ရုံးရှေ့ထွက်တာမျိုးပေါ်မှာပေါ့။ ကွဲလွဲနေတယ်ဆို ဥပဒေအရာရှိက ဆန့်ကျင်သက်သေ ကြေညာပြီး မမှန်သက်သေခံမှုနဲ့ အရေးယူမလား ဒါတွေလုပ်မလားပေါ့။ အဲ့ဒါကြောင့် ဒီကိစ္စမှာ ပြင်ပက လွတ်လပ်ပြီး အတွေ့အကြုံရှိတဲ့ ရှေ့နေတွေနဲ့ စိစစ်သင့်တယ်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading