သတင်း

ယူကရိန်းသွား မြန်မာရေတပ်ကိုယ်စားအလှယ်အဖွဲ့ မလေးရှားတွင် သောင်တင်နေ

ယူကရိန်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရေတပ်အရာရှိ ၁၈ ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ခုမှာ ယူကရိန်းနိုင်ငံတွင်း ဝင်ရောက်ခွင့်မရဘဲ ပြန်ခဲ့ရပြီး လက်ရှိတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် သောင်တင်လျက်ရှိသည်။ 

Justice for Myanmar အဖွဲ့က ပေးပို့လာသော ဓာတ်ပုံမှတ်တမ်းများအရ  အဆိုပါ ရေတပ်ကိုယ်စားလှယ်အဖွဲ့မှာ ယူကရိန်းနိုင်ငံတွင်း ဝင်ရောက်ခွင့်မရဘဲ Kyiv လေဆိပ်တွင် နှစ်ညတာ အိပ်စက်ခဲ့ရပြီးနောက် ပြန်ပို့ခံရခြင်းဖြစ်သည်။

ဓာတ်ပုံမှတ်တမ်းများတွင် အထုပ်အပိုးများနှင့်အတူ ယူကရိန်းနိုင်ငံ Kyiv လေဆိပ်ကြမ်းပြင်တွင် အိပ်စက်နေသော ရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များကို တွေ့ရှိရသည်။ သတင်းရင်းမြစ်များ၏ လုံခြုံရေးအတွက် ထိုဓာတ်ပုံများကို Myanmar Now က ထုတ်ပြန်နိုင်ခြင်းမရှိပေ။

မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့မှာ ယူကရိန်းနိုင်ငံမှ ပြန်ခဲ့ရပြီးနောက် လက်ရှိတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် သောင်တင်လျက်ရှိသည်ဟု သိရသည်။ ၎င်းတို့သည် မလေးရှားနိုင်ငံ ယူကရိန်းသံရုံးတွင် ဗီဇာပြန်လည်ရယူရန်ရှိပြီး ယူကရိန်းကို ပြန်သွားဦးမည်ဟု သိရှိရသည်။ မလေးရှားနိုင်ငံရှိ ယူကရိန်းသံရုံးကမူ ယခုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုသည်။ 

မလေးရှားလေဆိပ်တွင် ရေတပ်ကိုယ်စားလှယ်အဖွဲ့ ခေတ္တတည်းခိုနေသော Sama Sama ဟိုတယ်ကို ဆက်သွယ်မေးမြန်းရာတွင် အဖွဲ့ဝင် ၂၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့မှာ အောက်တိုဘာ ၃ ရက်တွင် ဟိုတယ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ၈ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

ဆက်လက်ပြီး ထိုဟိုတယ်ရှိ ရေတပ်ကိုယ်စားလှယ်အဖွဲ့မှ အရာရှိတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ရေတပ်အရာရှိ ၁၈ ဦးပါဝင်ကြောင်း၊ ယူကရိန်းနိုင်ငံသို့ ဝင်ရောက်ခွင့်မရသဖြင့် ပြန်လှည့်လာရခြင်းဖြစ်ကြောင်း အတည်ပြုသည်။

သို့သော် အသေးစိတ်အခြေအနေကို မေးမြန်းရာတွင် အဆိုပါ ရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်အရာရှိက ဖြေဆိုရန် ငြင်းဆန်သည်။ ကိုယ်စားလှယ်အဖွဲ့တွင် ရေတပ်မှ ၁၈ ဦးနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်အချို့ ပါဝင်သည်ဟု ယူဆရသည်။

ယခုခရီးစဉ်သည် ယူကရိန်းလက်နက်ကုမ္ပဏီများ၏ အကူအညီဖြင့် ပြုလုပ်နေသော မြန်မာ့ရေတပ်က ဖရီးဂိတ်စစ်သင်္ဘောများတည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ကြောင်း Justice for Myanmar က ဆိုသည်။ ထိုယူကရိန်းကုမ္ပဏီများမှာ Ukroboronservice နှင့် Zorya-Mashproyekt ကုမ္ပဏီများဖြစ်သည်။ ထိုကုမ္ပဏီများသည် မြန်မာစစ်သင်္ဘောများတည်ဆောက်ရာတွင် လိုအပ်သည့် တွန်းကန်အားစနစ်ဒီဇိုင်းတည်ဆောက်ပေးနေပြီး၊  သင်္ဘောတာဘိုင်ကြီးများနှင့် Reduction gears များကိုပါ ရောင်းချပေးနေသည်ဟု သိရှိရသည်။

မြန်မာစစ်တပ်၏ ဖရီးဂိတ်စစ်သင်္ဘောများတည်ဆောက်နေမှုတွင် ယူကရိန်းကုမ္ပဏီများနှင့် မြန်မာကို ပွဲစားလုပ်ပေးနေသူမှာ Trident Marine ကုမ္ပဏီဖြစ်ကြောင်း၊ ထိုကုမ္ပဏီသည် ၂၀၁၉ တွင် Ukroboronservice ကုမ္ပဏီထံမှ စစ်သင်္ဘောတည်ဆောက်မှုဆိုင်ရာ စာရွက်စာတမ်းများကို ရရှိခဲ့ကာ၊ မြန်မာနိုင်ငံသားများပိုင် စင်ကာပူအခြေစိုက် D & K Intertrade ကုမ္ပဏီမှတစ်ဆင့် Ukroboronservice ကုမ္ပဏီကို ငွေပေးချေခဲ့ကြောင်း လွန်ခဲ့သည့်လက JFM ကထုတ်ဖော်ရေးသားခဲ့သည်။ 

အာဏာသိမ်းမြန်မာစစ်တပ်ကို ယူကရိန်းနိုင်ငံက တိုက်လေယာဉ်များ၊ စစ်သင်္ဘောများ၊ တင့်ကားများမှသည် ရေဒါစနစ်အပါအဝင် အမျိုးစုံသော စစ်လက်နက်ပစ္စည်းများ ဆက်လက်တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မြန်မာလက်နက်ပွဲစား အချို့ပါဝင်ပတ်သက်လျက်ရှိသည်။ 

ယူကရိန်းနိုင်ငံ၏ ပြည်ပပို့ကုန်မှတ်တမ်းများနှင့် ပေါက်ကြားလာသော စာရွက်စာတမ်းများအရ ၂၀၁၅ ခုနှစ်မှ ယနေ့အချိန်ထိ မြန်မာစစ်တပ်အတွက် တိုက်လေယာဉ်များ၊ စစ်သင်္ဘာများ၊ တင့်ကားဆိုင်ရာ အစိတ်အပိုင်းများနှင့် လေကြောင်းစောင့်ကြည့်ရေးရေဒါများကို မြန်မာလက်နက်ပွဲစားများမှတစ်ဆင့် တင်ပို့ရောင်းချခဲ့သည်။

ယူကရိန်းနှင့် မြန်မာစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှုတွင် ယူကရိန်းနိုင်ငံပိုင် Ukroboronprom နှင့် Ukrspecexport ကုမ္ပဏီများနှင့် ပူးတွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို အင်အားပြနှိမ်နင်းရာတွင် အသုံးပြုခဲ့သော BTR-4 အမျိုးအစား သံချပ်ကာယာဉ်များအပါအဝင် MMT-40 အမျိုးအစား အပေါ့စားတင့်ကားများနှင့် 2SIU အမျိုးအစား ဟောင်ဝစ်ဇာအမြောက်များ ထုတ်လုပ်ရေးစီမံကိန်းလည်း ပါဝင်သည်။ 

မြန်မာရေတပ်အဖွဲ့မှာ မည်သည့်အတွက်ကြောင့် ယူကရိန်းနိုင်ငံတွင်း ဝင်ရောက်ခွင့်မရဘဲ ပြန်ပို့ခံရခြင်းဖြစ်သည်ကိုမူ အတိအကျမသိရသေးပေ။ ၎င်းတို့သည် မလေးရှားလေဆိပ်ရှိ ဟိုတယ်သို့ အောက်တိုဘာ ၃ ရက်တွင် ဝင်ရောက်ခဲ့သည်ဖြစ်ရာ အတိအကျမသိရသော်လည်း ယူကရိန်းလေဆိပ်ကို အောက်တိုဘာလဆန်းပိုင်းက ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

“ဒီမြန်မာရေတပ်အဖွဲ့ကို ယူကရိန်းနိုင်ငံထဲ ပေးမဝင်ဖို့ ယူကရိန်းနိုင်ငံအာဏာပိုင်တွေကို မေတ္တာရပ်ခံချင်ပါတယ်” ဟု JFM က ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။ 

“ဒီဖရီးဂိတ်စစ်သင်္ဘောတွေက မြန်မာပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချတာကို ချက်ချင်းချမှတ်ပြီး မြန်မာစစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေမှာ သွယ်ဝိုက်ပါဝင်နေတာကို အဆုံးသတ်သင့်ပါပြီ”

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button