အောင်ရဲထွေးအမှုမှာ ဖမ်းခံရတဲ့သူတွေ ဘယ်လို လွတ်မြောက်သွားသလဲ

ကိုအောင်ရဲထွေး၏မိသားစုက ကိုအောင်ရဲထွေးသည်နှလုံးရောဂါရှိသူဖြစ်ပြီး လူငယ်သဘာဝ ပျော်ပွဲရွှင်ပွဲတွင် အခန့်မသင့် ခိုက်ရန်ဖြစ်ပွားရာမှ မတော်တဆ သေဆုံးခဲ့သည်ဟု တင်ပြထားကြောင်းလည်း အဆိုပါစီရင်ချက်တွင် ရေးသားထားသည်။

Published on Jul 30, 2018

(ရန်ကုန်) - လူမှုကွန်ရက်တွင် ဟာသရုပ်သံဖိုင်များကြောင့် လူသိများခဲ့သည့်ကိုအောင်ရဲထွေးသေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ကိုအောင်ရဲထွေးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park နှစ်သစ်ကူးပွဲတော်အတွင်း ရန်ဖြစ်ကာ လူအုပ်စုလိုက် ဝိုင်းရိုက်ကြသဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သူ၏ သေဆုံးခဲ့မှုအတွက် ရန်ပွဲအတွင်း ပါဝင်ရိုက်နှက်သည်ဟု စွပ်စွဲခံခဲ့ရသော ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးသည် သုဝဏ္ဏရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ပြီး ခြောက်လကျော်ကြာ အချုပ်ဖြင့် တရားရင်ဆိုင်ခဲ့ရသည်။

တစ်နိုင်ငံလုံးကစိတ်ဝင်စားခဲ့သည့် အဆိုပါအမှုကို နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း စိစစ်မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

တရားလိုကဘယ်သူလဲ

Myanmar Now က ကြည့်ရှုခဲ့ရသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၏ စီရင်ချက်တွင် နှစ်သစ်ကူးပါတီရန်ပွဲတွင် သေဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုအောင်ရဲထွေးသေဆုံးမှုအတွက် သူ၏အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအတွင်းရှိ The One Entertainment Park တွင်လူ၄/၅ ဦးက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်သဖြင့် သေဆုံးရသည်ဟု ကိုအောင်ရဲထွေး၏အစ်ကိုက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း စီရင်ချက်တွင်ရေးသားထားသည်။

ရုတ်သိမ်းပေးဖို့ လျှောက်ထားခြင်း

အမှုတွင် တရားလိုပြသက်သေ ၁၄ ဦးအား စစ်ဆေးပြီးသည့်အဆင့်တွင် အမှုအား ရုတ်သိမ်းခွင့်ပြုရန် ခရိုင်ဥပဒေအရာရှိက လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က)အရ ရုတ်သိမ်းခွင့်ပြုရန်လျှောက်ထားသည်ဟု စီရင်ချက်တွင်ရေးသားထားသော်လည်း နေ့ရက်မပါရှိပါ။

ရုတ်သိမ်းလွှာတင်ရခြင်းမှာ ကိုအောင်ရဲထွေး၏မိသားစုက ကိုအောင်ရဲထွေးသည် နှလုံးရောဂါရှိသူဖြစ်ပြီး လူငယ်သဘာဝ ပျော်ပွဲရွှင်ပွဲတွင် အခန့်မသင့် ခိုက်ရန်ဖြစ်ပွားရာမှ မတော်တဆ သေဆုံးခဲ့သည်ဟုလည်း အဆိုပါစီရင်ချက်တွင် ရေးသားထားသည်။

ထို့အပြင် လူသတ်မှုဖြင့် ဖမ်းခံရသူများ၏မိသားစုများက ကိုအောင်ရဲထွေး ဆေးရုံတက်ချိန်နှင့် နာရေးတွင် လူမှုရေးအရ ကူညီဆောင်ရွက်ပေးကြခြင်း၊ တရားလိုမိသားစုနှင့် ဖမ်းဆီးခံထားရသူများအနက်မှ တစ်ဦးဖြစ်သည့် သန်းထွဋ်အောင် (ခေါ်) သားကြီးတို့၏မိသားစုများမှာ ဘာသာတူများဖြစ်ကြောင်း၊ ကိုအောင်ရဲထွေး၏ မိသားစုများအား ကျေနပ်သည်အထိ တောင်းပန်ခြင်း၊ ဘာသာရေးအကြီးအကဲများက ညှိနှိုင်းပေးခြင်းတို့ကြောင့် အမှုအား ဆက်လက်တရားစွဲဆိုရန် ဆန္ဒမရှိတော့ကြောင်းလည်း စီရင်ချက်တွင် ဖော်ပြထားသည်။

သို့သော် အဆိုပါအမှုပိတ်လျှောက်လွှာကို တရားစွဲအဖွဲ့အစည်းဖြစ်သည့် ခရိုင်ရဲတပ်ဖွဲ့က ကန့်ကွက်ခဲ့သည်။

ရန်ကုန်ဥပဒေချုပ်ရုံးသဘောထား

ရန်ကုန်တိုင်းဒေသကြီးတရားဥပဒေချုပ်ရုံး ကစိစစ်ခဲ့ပြီးနောက် အမှုကို ရုတ်သိမ်းခွင့်ပြုခဲ့သည်။

စိစစ်ချက်တွင် သံသယမှုဖြင့် ထိန်းသိမ်းခံရသူများသည် သေဆုံးသူ ကိုအောင်ရဲထွေးအား ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ထင်ရှားပေါ်ပေါက်မှု မရှိခဲ့ဟုဆိုသည်။

ကိုအောင်ရဲထွေး၏ ဦးခေါင်းတွင်ရရှိသည့် ဒဏ်ရာသည် မည်သူ့လက်ချက်ဖြစ်ကြောင်းနှင့် သံသယရှိသူ သုံးဦးနှင့် ပတ်သက်ကျူးလွန်ကြောင်း သက်သေခံချက် အားနည်းလျက်ရှိ၍ အမှုကို ဆက်လက်စစ်ဆေးပါက အကျိုးထူးဖွယ်ရာ မရှိဟု ဆုံးဖြတ်ခဲ့သည်။

အခြားဖော်ပြမှုများ

အဆိုပါအမှုတွင် တရားလိုပြသက်သေ ၁၄ ဦးကို စစ်ဆေးခဲ့သည်ဟုဆိုသည်။

အဆိုပါသက်သေများအနက် အခင်းဖြစ်ပွားသည့်နေရာတွင်ရှိနေသည့် အဓိကသက်သေ လေးဦးကလည်း ကိုအောင်ရဲထွေး၏ ဦးခေါင်းဒဏ်ရာသည် မည်သည့်လက်ချက်ဖြစ်ကြောင်း ထင်ရှားစွာထွက်ဆိုနိုင်ခြင်း မရှိဟုလည်း ဆိုသည်။

သက်သေများအား စစ်ဆေးချက်များအရ သံသယမှုဖြင့် ဖမ်းခံခဲ့ရသူများသည် ကိုအောင်ရဲထွေးအား ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သက်သေအထောက်အထား တင်ပြနိုင်မှု အားနည်းကြောင်းလည်း စီရင်ချက်တွင် ရေးသားထားသည်။

သက်သေခံချက်များသည် သေဆုံးသူ၏ဦးခေါင်းတွင်ရရှိသည့်ဒဏ်ရာသည် မည်သူ့လက်ချက်ဖြစ်ကြောင်းနှင့် သံသယရှိသူများ ကျူးလွန်ကြောင်း သက်သေပြရန် အားနည်းသည်ဟုလည်း ရေးသားထားသည်။

တရားလိုနှင့်ကိုအောင်ရဲထွေး၏ မိသားစုဝင်များကိုယ်တိုင် အမှုကို ဆက်လက်မစွဲဆိုလိုတော့ဘဲ လွတ်လပ်သည့် ဆန္ဒအရ အမှုပိတ်သိမ်းလိုသည်ဟုလည်းဆိုသည်။

သမ္မတပြောမှ တရားစစွဲဖို့ လုပ်သလား

ယခုလ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ တရားလွှတ်တော်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် အမှုကြီးများတွင် ပြည်သူအချင်းချင်း ကျေအေးရုတ်သိမ်းခွင့်မရှိပဲ လူသေဆုံးမှု တွင် တရားလိုသည် နိုင်ငံတော်ဖြစ်ကြောင်း၊ လူသေမှုကို ပြည်သူအချင်းချင်း ကျေအေးလိုက်ခြင်းက တရားဥပဒေစိုးမိုးရေးအတွက် အရေးကြီးကြောင်း၊ ပြည်သူအများ စိတ်ဝင်စားသည့်အမှုကို ကြန့်ကြာခြင်းမရှိဘဲ မြန်မြန်ဆန်ဆန်နှင့် အမှားအယွင်းမရှိအောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့အတွက် ယခုလို ကိုအောင်ရဲထွေ သေဆုံးခဲ့မှုကို အမှုကြေးအေးလိုက်ရုံဖြင့် စွပ်စွဲခံရသူများကို လွှတ်ပေးလိုက်ခြင်းကို ပြည်သူအများနှင့် ရှေ့နေအများစုက ဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်သည်ဟု ဝေဖန်ခဲ့ကြသည်။

သို့သော် ကျူးလွန်သူဟု စွပ်စွဲခံရသူ သုံးဦးလုံးကို ယခုလ ၂၆ ရက်နေ့က အမိန့်ချမှတ်စဉ်ကပဲ ခရိုင်ရဲတပ်ဖွဲ့၏ ကန့်ကွက်ရန် ရှိမရှိကို တရားရုံးက မေးမြန်းခဲ့ရာ ကန့်ကွက်ကြောင်းကိုလည်း ပြောထားပြီးကြောင်း ပြင်ဆင်ချက် တင်မည်ဆိုလျှင် အမိန့်ချမှတ်ပြီး ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လွှာကို တင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ အရှေ့ပိုင်းခရိုင်တရားရုံးမှ အမည်မဖော်လိုသူ ခရိုင်ရဲအရာရှိတစ်ဦးက ပြောသည်။

တရားရုံးလုပ်ထုံးလုပ်နည်းများအရ အမိန့်ချသည့်နေ့က ကြာသပတေးနေ့ဖြစ်နေသဖြင့် ကြားရုံးပိတ်ရက်များ ခံသွားသည့်အတွက် ယနေ့မှ အမိန့်ချသည့်စာမိတ္တူကို ထုတ်ယူရန် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ကတော့ ပြင်ဆင်ချက်တင်ဖို့အတွက် လုပ်နေပါတယ်။ ဒါပေမယ့် အဲဒီ အမှုကို လွှတ်ဖို့ စီရင်ချက်ချတာက ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့၊ ဒီကြားထဲ ရုံးပိတ်ရက်တွေကလည်းရှိနေတော့ ဒီနေ့မှ အဲဒီစီရင်ချက်ကို မိတ္တူကူးဖို့ လုပ်နေရတယ်။ အထက်က ဘယ်လိုဆက်ညွှန်ကြားမလဲတော့ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

အရှေ့ပိုင်းခရိုင် ဥပဒေရုံးသို့ သွားရောက်စုံစမ်းရာတွင် ၎င်းတို့အနေဖြင့် အထက်အဆင့်ဆင့်ကို တင်ပြပြီး အထက်မှ ခွင့်ပြုချက်များရပါက ညွှန်ကြားချက်အတိုင်း အမှုပြင်ဆင်ခွင့်ကို ပြုလုပ်သွားမည်ဖြစ်သော်လည်း လတ်တလောတွင် အထက်မှ လမ်းညွှန်ချက်များ မရရှိသေးသည့်အတွက် တိတိကျကျမပြောနိုင်သေးကြောင်း အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ တာဝန်ရှိသူ ဥပဒေအရာရှိတစ်ဦးက ပြောသည်။

ယခုလို အမှုရုတ်သိမ်းမှုများဖြင့်လွှတ်ပေးလိုက်ခြင်းသည် ဥပဒေအရ စီရင်ချက်မချမီ တရားရှင်လွှတ်ခြင်း၊ တရားလိုနှင့် စွပ်စွဲခံရသူ သက်သေများစိစစ်အပြီး အမှုမမြောက်သည့်အတွက် တရားသေလွှတ်ခြင်း စသည့် ပုံစံမျိုးမဟုတ်ပဲ တရားစွဲဆိုသည့်အမှုမျိုး မရှိသကဲ့သို့ မှတ်ယူရမည့်ပုံစံမျိုးဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သောကြောင့် တရားရေးကျွမ်းကျင်သူများက ဝေဖန်နေကြခြင်းဖြစ်သည်ဟု ဥပဒေအကျိုးဆောင် တစ်ဦးဖြစ်သည့် ဦးခင်မောင်မြင့်က ဆိုသည်။

ပါဝင်ပတ်သက်သူများ သိထားသင့်သည့်ဥပဒေ

ကိုအောင်ရဲထွေး သေဆုံးမှုတွင် အမှုစတင်စဉ်ကတည်းက ပုံစံမကျသည့်အချက်များကို တွေ့ရှိခဲ့သည်က တရားလိုနေရာတွင် ကိုအောင်ရဲထွေး၏ မိဘများ သက်ရှိထင်ရှားရှိနေပါလျက် အစ်ကိုဖြစ်သူက တရားလို ပြုလုပ်ထားသည့် အချက်ကလည်း အပါအဝင်ဖြစ်သည်ဟု ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က သုံးသပ်သည်။

ထိုအချက်ကို စတင်တရားစွဲစဉ်ကတည်းက အမှုစစ်ရဲအရာရှိများအနေဖြင့် ကန့်ကွက်ကာ မိဘဖြစ်သူများကိုသာ တရားလိုပြုလုပ်ရန် စီစဉ်သင့်ခဲ့သလို ယခုလိုလူအုပ်ဖြင့် ဝိုင်းရိုက်သည့်အချက်တွင် ဆေးစာများကို အားကိုး၍မရကြောင်း သူက ဆက်ပြောသည်။

“ဆေးစာဆိုတာက ဘယ်ဒဏ်ရာနဲ့သေတယ်ဆိုတာပဲပါတာ။ ဘယ်သူ့လက်ချက်နဲ့သေတယ်ဆိုတာ မပါဘူး။ အခုလိုသာ အမှုရုတ်သိမ်းခွင့်သာ ပေးနေတော့မယ်ဆိုရင် လူသတ်ချင်ရင် ဝိုင်းရိုက်ကြတော့မှာပေါ့။ ဘယ်သူ့ လက်ချက်ဆိုတာ မသိတော့ရင် အမှုကို ရုတ်သိမ်းလိုက်လို့ရနေပြီပေါ့။ ဒါ တကယ့်အန္တရာယ်ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

ယခုအမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ရဲအရာရှိမှအစ တရားသူကြီးများအဆုံး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၈ ပါ ပြဌာန်းချက်များကို အထူးသတိပြုရန်လိုအပ်သည်ဟု ၎င်းက ဆက်ဆိုသည်။

ပုဒ်မ ၂၁၈ အရ တစ်စုံတစ်ယောက်ကို ဆုံးရှုံးနစ်နာစေရန် သို့မဟုတ် အပြစ်မှကယ်ဆယ်ရန် မှားမှန်းသိလျက် ပြည်သူ့ဝန်ထမ်းတစ်ဦးသည် မှတ်တမ်းရေးသားချက်များကို မှားယွင်းစွာရေးသားပါက ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်ပေး၍ရသည်ဟု ဆိုထားသည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading