သတင်း

ပုဒ်မ ၅၀၅ အတွက် အပြစ်မရှိဟု ဒေါက်တာဇော်မြင့်မောင် ပြော

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရင်ဆိုင်နေရသည့် အမှုများအနက် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) အမှုကို အောက်တိုဘာ ၄ (ယမန်နေ့) က ထောင်တွင်းတရားရုံးတွင် ဆက်လက်စစ်ဆေးရာ ဒေါက်တာဇော်မြင့်မောင်က အပြစ်မရှိကြောင်း ငြင်းဆိုလိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက အမှုဖွင့်ခြင်း ဖြစ်သည်။

အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅/၃၀(က)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ တို့ဖြင့်လည်း စွဲဆိုထားသည်။  

“၅၀၅(ခ) အမှုက တရားလိုဘက်က သက်သေတွေအားလုံးစစ်ပြီးတော့ စွဲချက်လည်းတင်ထားပြီးပြီ၊ ဒီကနေ့ ဒေါက်တာဇော်မြင့်မောင်ကို စစစ်တယ်လို့ သိရတယ်။ ဒေါက်တာဇော်မြင့်မောင်ကတော့ အပြစ်မရှိဘူးလို့ ငြင်းထားတာပါ။ သဘာဝဘေးအမှုနဲ့  ၅၀၅(ခ) အမှုက အတူတူစစ်နေပေမဲ့၊ သဘာဝဘေးအမှုက သက်သေမလာနိုင်လို့ မစစ်ရဘူးလို့ သိရပါတယ်”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ယမန်နေ့က ပြောကြားသည်။

သက်သေများစစ်ဆေးခံပြီးနောက်တွင် ဒေါက်တာဇော်မြင့်မောင်က တရားခွင်တွင် ပထမဆုံးအကြိမ် ကိုယ်တိုင်ထွက်ဆိုရခြင်းဖြစ်ပြီး အောက်တိုဘာ ၁၁ တွင်လည်း ထပ်မံထွက်ဆိုရမည်ဟု သိရသည်။

ဒေါက်တာဇော်မြင့်မောင်၏ အကျိုးဆောင်ရှေ့နေများက တင်သွင်းထားသည့် သက်သေ ၂၅ ဦးတွင် မိသားစုဝင်များ၊ ဝန်ကြီးချုပ်ရုံးနှင့် ဆက်စပ်ခဲ့သော ဝန်ထမ်းများပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းသည့်နေ့မှာပင် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များကို ဖမ်းဆီးကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မများ၊ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာပုဒ်မများ၊ အဂတိလိုက်စားမှုပုဒ်မများတပ်ကာ ထောင်တွင်းတရားရုံး၊ အွန်လိုင်းဗီဒီယိုစနစ်တို့ဖြင့် အမှုစစ်ဆေးနေခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးဥပဒေပုဒ်မ ၂၅/၃၀(က) တို့ဖြင့် အောင်မြေသာစံမြို့နယ်တရားရုံးတွင်လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ငါးခုကို မန္တလေးတိုင်းတရားလွှတ်တော်တွင်လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်သည်။

အဂတိဆိုင်ရာ အမှုများကို စစ်ဆေးခြင်းမရှိသေးကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးတိုင်းအတွင်း မြေယာများကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားသူများထံမှ ငွေကြေးရယူသည်၊ စီမံကိန်းအကောင်အထည်ဖော်နေသည့် ကုမ္ပဏီများထံမှ ငွေကြေးရယူသည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။ ဆေးကုသစရိတ်နှင့် ပါတီရုံးမြေနေရာရရှိရေး ဆောင်ရွက်မှုများမှာလည်း အဂတိလိုက်စားမှုနှင့် ငြိစွန်းသည်ဟု အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားသည်။

NLD ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာကြောင့် ၂၀၁၉ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့ရသည်။  

ထောင်သွင်းအကျဉ်းချခံရစဉ် ဩဂုတ်လအတွင်း ကိုဗစ်ဖြစ်ပွားသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရသည့် ဒေါက်တာဇော်မြင့်မောင်သည် ထောင်ဆေးရုံတွင် ဆေးကုသမှု ဆက်လက်ခံယူခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ ၄ တွင် ထောင်တွင်းအဆောင်သို့ ပြန်ရောက်သွားသည်ဟု ရှေ့နေအသိုင်းအဝိုင်းက ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း စစ်အစိုးက သူ့ကို ထိုနှစ်မှစ၍ ၁၉ နှစ်ကြာ ထောင်သွင်းအကျဉ်းချခဲ့သည်။ 

ထောင်မှ လွတ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ နိုင်ပြီး ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အမရပူရ (၁) မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည်။ သို့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများက မဲစာရင်းမှားယွင်းသည်ဟုဆိုကာ အာဏာသိမ်းခဲ့ပြီး NLD သည် နိုင်ငံတော်အာဏာကို မတရားနည်းဖြင့် ရယူရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲလျက်ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button