မေးမြန်းခန်း

“ဦးဖြိုးမင်းသိန်းရောက်လာတဲ့ အချိန် ဒေါ်အောင်ဆန်းစုကြည်က ကြည့်နေတာပါပဲ”

အာဏာမသိမ်းခင်ကတည်းက ဖမ်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မပေါင်း ၁၁ ခုဖြင့် တရားစွဲဆိုထားသည်။

ထိုအထဲတွင် ထောင်ဒဏ် ၁၅ နှစ်အထိ အမြင့်ဆုံးချနိုင်သည့် အဂတိအမှု ၅ မှုလည်း ပါဝင်သည်။ ယင်းတို့အနက် တစ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိဿာ လာဘ်ပေးခဲ့ရသည်ဟူသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်အပေါ် အခြေခံထားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့ရသည်ဆိုသော NLD ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းမှာ ဖေဖော်ဝါရီ ၁ အာဏာသိမ်းစဉ်ကတည်းက စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံထားရသူဖြစ်သည်။

မူလကပင် နှလုံးရောဂါအခံရှိပြီး ဇနီးနှင့်အတူ မည်သည့်နေရာတွင် စစ်ကောင်စီက ထားရှိမှန်းမသိသူ ဦးဖြိုးမင်းသိန်းကို ဒေါ်အောင်ဆန်းစုကြည်အတွက် နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ပြုလုပ်ထားသည့် တရားခွင်သို့ အောက်တိုဘာ ၁ တွင် စစ်ကောင်စီက ပြန်လည်ခေါ်ဆောင်လာသည်။

ထိုနေ့က တရားခွင်မြင်ကွင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် အမှု၏ အသေးစိတ်အကြောင်းအရာများကို သိနိုင်ရန် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။ 

ဦးခင်မောင်ဇော်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ငါးဦးပါ ရှေ့နေအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။

မေး −  ရွှေနဲ့ ငွေတွေ လာဘ်လာဘအဖြစ် ယူတယ်လို့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှုမှာ ပစ္စည်းသက်သေပါပါသလား။

ဖြေ − သက်သေခံပစ္စည်း ဘာမှမပါဘူး။ တရားရုံးရဲ့ (အမှုတွဲ) အဖုံးမှာကိုပဲ ရေးပြီးသား၊ သက်သေခံပစ္စည်း မပါရှိလို့။ အဲဒီလိုပဲ ရေးထားတယ်။

မေး −  အရင်တုန်းက အမှုတွေရဲ့ နမူနာအရ ပစ္စည်းသက်သေမပါဘဲ အခုလို တရားစွဲတာမျိုးရှိပါသလား။

ဖြေ − အများအားဖြင့်ကတော့ ခိုးတယ်ဆိုလည်း ခိုးတဲ့သူလက်မှာ (ပစ္စည်း) မတွေ့လည်း ရွှေဆိုင်ရောက်နေရင် ရွှေဆိုင်ပေါ့ဗျာ၊ ရအောင်သွားသိမ်းတာတွေ ဘာတွေရှိတာပဲဗျ။ အမှုဖြစ်ပစ္စည်းဗျာ။ အခုက အမှုတွဲကြီးရဲ့ အဖုံးမှာ သက်သေခံပစ္စည်း မပါရှိဆိုပြီး ရေးထားပါတယ်။

မေး −  တခြားအဂတိမှုတွေမှာဆိုရင် ကော်မရှင်အရာရှိက စွပ်စွဲခံရသူကို စစ်တယ်။ ခိုင်လုံတယ်ဆိုရင် တရားရုံးကို ရောက်လာတာမျိုး ရှိပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို စွဲတဲ့ အဂတိမှုတွေမှာ ကော်မရှင်က စွပ်စွဲခံရသူကို ကြိုစစ်ခဲ့သေးလား။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုစွဲထားတဲ့ အဂတိမှုတွေအကြောင်း တရားရုံးရောက်မှ သိရတာလား။

ဖြေ − အခုထိ အမှုတွေကတော့ မရှိဘူးဗျ။ အခု (တရားရုံးရောက်ပြီးသား) အဂတိလေးမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုစစ်တယ်လို့ မပြောဘူးဗျ။ ကော်မရှင်စစ်ဆေးရေးအရာရှိက သူစစ်ပြီး အစီရင်ခံစာတင်တယ်၊ အဲဒီလိုတင်တော့မှ အဂတိကော်မရှင်က တရားစွဲဆိုရင် စွဲပေးတာ၊ သူ့ဥပဒေမှာက (ကြိုပြီး) စစ်ရမယ်ပေါ့ဗျာ။ အဓိကကတော့ အမှုပေါ်ပေါက်သလား၊ မပေါ်ပေါက်ဘူးလား၊ လုပ်ကြတာပဲ၊ အဲဒါကို ဥပဒေနဲ့ ညီသလား၊ မညီဘူးလားဆိုတာ ပြောစရာတော့ရှိတယ်။ အဂတိကော်မရှင်ဥပဒေကိုယ်တိုင်ကလည်း အကျအပေါက်တွေအများကြီးပါ။

မေး −  ပုံမှန်လုပ်ထုံးလုပ်နည်းအရဆို စွပ်စွဲခံရသူကို တရားရုံးမရောက်မီ ကော်မရှင်အရာရှိက ကြိုတင်စစ်ချက်ယူရတယ်လို့ ပြောလို့ရတဲ့ သဘောလား။

ဖြေ − ဟုတ်ပါတယ်။ တကယ်က ကော်မရှင်အရာရှိက ရဲပဲဗျ။ သူ့ဆီမှာ အစစ်ခံချက်ကလည်း ရဲထံအစစ်ခံချက်ပဲ။ ရဲတစ်ယောက်က သူ့ဆီ အမှုရောက်လာရင် တရားလိုဘက်စစ်သလို စွပ်စွဲခံရသူကိုလည်း စစ်တာ၊ မေးတာပေါ့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် အခမ်းအနားတစ်ခုတွင် တွေ့ရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။

မေး −  လာဘ်ပေးရပါတယ်လို့ ပြောတဲ့ ဦးဖြိုးမင်းသိန်းကို အခုတော့ စစ်ကောင်စီက အဓိကသက်သေအဖြစ် သုံးထားတာပေါ့လေ။ ဥပဒေအရဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်သေးလဲခင်ဗျ။

ဖြေ − အဖြစ်ကတော့ အဲဒီလိုဖြစ်နေတာပဲ။ အဲဒီအကြောင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ပြောရင် ကျွန်တော်တို့ တရားခွင်မှာ ခုခံကာကွယ်မဲ့ ကိစ္စတွေ အကုန်ပေါ်ကုန်မှာပေါ့။ ပေးတဲ့သူကို ဘာလို့အရေးမယူလဲ၊ ကျွန်တော်မသိဘူး။ ဥပဒေမှာတော့ ပေးတဲ့သူလည်း အပြစ်ရှိတယ်။

မေး −  ပြီးခဲ့တဲ့ တရားခွင်မှာ ဦးဖြိုးမင်းသိန်းက အသံတောင် ကျယ်ကျယ်မထွက်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာချင်းကို မဆိုင်ခဲ့ဘူးလို့ ဆရာတို့ပြောထားလို့ သိပါတယ်။ ဦးဖြိုးမင်းသိန်းကို တွေ့တဲ့အချိန်မှာရော ဒေါ်အောင်ဆန်းရဲ့ အမူအရာ ဘယ်လိုရှိပါသလဲ။

ဖြေ − သက်သေစာရင်းမှာတော့ ပါပြီးသားပါ။ ဒါပေမယ့် အမှုတွဲမိတ္တူကို ဒေါ်အောင်ဆန်းစုကြည်က (တရားခွင်စတဲ့နေ့) အဲဒီနေ့ မနက်မှ ရတာပါ။ ဦးဖြိုးမင်းသိန်းလာမယ်ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ အရပ်သားသက်သေဆိုပြီးတော့ တရားသူကြီးက ခေါ်လိုက်တာ။ ‌ခေါ်ရခက်တဲ့ အရပ်သားသက်သေကို စစ်မယ်ပြောတာ။ ဝင်လာတော့မှ ကျွန်တော်တို့ သူမှန်းသိတာ။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အံ့ဩတကြီးဆိုတာမျိုး မရှိပါဘူး။ ဦးဖြိုးမင်းသိန်းရောက်လာတဲ့အချိန် ဦးဖြိုးမင်းသိန်းကို ကြည့်နေတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က သူ့နဂိုအတိုင်းပါပဲ။ မတ်မတ်ထိုင်ပြီး မျက်လုံးက ရှေ့တည့်တည့်ကြည့်နေတာပါပဲ။ ဦးဖြိုးမင်းသိန်းက သူ့ရှေ့တည့်တည့်မှာ ရှိတယ်ဗျာ၊ နောက်ကျောပေးပြီးတော့။

မေး −  ဦးဖြိုးမင်းသိန်း သက်သေထွက်တဲ့ အချိန်ကရော ဘယ်လောက်များကြာပါသလဲ။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တစ်ခုခုပြောတာမျိုးရှိပါသလား။

ဖြေ − မရှိဘူးဗျ။ ကြည့်နေတာပဲလေ။ နာရီဝက်လောက်ရှိမှာပေါ့။

မေး −  အဲဒီအမှုကို ဘယ်လိုရင်ဆိုင်ဖို့ ပြင်ဆင်ထားပါသလဲ။ ပြောပြလို့ရသလောက် သိချင်ပါတယ်။

ဖြေ − ကျွန်တော်တို့ ဘယ်လို(တရားခွင်မှာ ခုခံကာကွယ်တာ) လုပ်မယ်၊ ကျွန်တော်တို့ ဘယ်လမ်းကြောင်းလျှောက်နေတယ်၊ ဥပမာ- သက်သေခံပစ္စည်းမပါတာ၊ ဘယ်သူ့ကို ဘယ်လိုလုပ်မယ်ဆိုတာ အဲဒါတွေက ကျွန်တော်တို့ရဲ့ လျှို့ဝှက်နည်းနာတွေ။ ဖော်လို့မရဘူး။

စစ်ကောင်စီ၏ အဓိကသက်သေဖြစ်သည့် ဦးဖြိုးမင်းသိန်းကို အောက်တိုဘာ ၈ တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြန်လှန်စစ်ဆေးမေးမြန်းရန် ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button