သတင်း

ဦးဖြိုးမင်းသိန်း လိမ်လည်ထွက်ဆိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပြု

လာဘ်ပေးခဲ့ရသည်ဟု စစ်ကောင်စီဘက်မှ သက်သေထွက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ချက်များမှာ မဟုတ်တမ်းတရမ်းများသာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ ယနေ့ (အောက်တိုဘာ၄) တရားခွင်မစမီ ရှေ့နေအဖွဲ့နှင့် နာရီဝက်ခန့် တွေ့ခွင့်ရစဉ် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ယနေ့တရားခွင်သည် အဂတိနှင့် မပတ်သက်သည့်အတွက် ဦးဖြိုးမင်းသိန်းရှိမနေခဲ့ပေ။

“သီးခြားသဘောထားပြောစရာ မလိုပါဘူး။ အားလုံး မဟုတ်တမ်းတရမ်းတွေပါပဲလို့ ပြောပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ၎င်းကို စောင့်ရှောက်ပေးစေလိုသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိဿာ ပေးခဲ့ရသည်ဟု သီးသန့်တရားရုံး၌ပင် ပြုလုပ်သည့် အောက်တိုဘာ ၁ တရားခွင်တွင် ဦးဖြိုးမင်းသိန်းက ထွက်ဆိုခဲ့သည်။

အဂတိကော်မရှင်အရာရှိတစ်ဦးက တရားလိုလုပ်၍ ထောင် ၁၅ နှစ်ထိ ကျခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲထားသည့် ထိုအမှုတွင် ဦးဖြိုးမင်းသိန်းက အဓိကသက်သေအဖြစ် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

လာမည့် တစ်ပတ်ရုံးချိန်း(အောက်တိုဘာ ၈) တွင် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှ ဦးဖြိုးမင်းသိန်းကို ပြန်လှန်မေးခွန်းထုတ်မည်ဖြစ်သည်။ ထိုအမှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားခြင်းမှာ ဦးဖြိုးမင်းသိန်း၏ ပြောစကားသာ အဓိကဖြစ်သည်ကို တွေ့ရပြီး ပေးခဲ့ရပါသည်ဆိုသော ငွေနှင့် ရွှေတို့ကို သက်သေခံတင်သွင်းထားခြင်းမရှိသေးဟု ရှေ့နေအဖွဲ့ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့ရသည်ဟု ဦးဖြိုးမင်းသိန်းပြောသည်ဆိုသော ရုပ်သံဖိုင်ကို စစ်ကောင်စီက မတ်လအတွင်း ထုတ်ပြန်ချိန်တွင် မတော်မတရား၊ အများပြည်သူအမြင်လွဲစေရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း NLD ထိပ်တန်းတာဝန်ရှိသူတစ်ဦးက Myanmar Now ကို မှတ်ချက်ပြုထားသည်။

“ဘုရား(ထာဝရငြိမ်းချမ်းရေးစေတီ) တည်ဖို့ လှူတဲ့ကိစ္စတွေပါ။ ဒါကို မတော်မတရားအမှုတပ်၊ အများအမြင်လွဲအောင်လုပ်နေပေမဲ့ ဘယ်သူက ဘာလဲဆိုတာ လူထုက ရှင်းရှင်းလင်းလင်းသိပြီးသားပါ။ ပြောနေစရာကို မလိုဘူး”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီဘက်မှ သက်သေထွက်သည့် ဦးဖြိုးမင်းသိန်းတွင် မည်သည့်ဖိအားကြုံနေရသည်ကို မခန့်မှန်းနိုင်သော်လည်း ထိုအမှုအတွက် ၎င်း၏ ပြောဆိုချက်များမှာ လွန်စွာအရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောသည်။

“တကယ့်ကို လွတ်လွတ်လပ်လပ်နဲ့ ထွက်ဆိုနိုင်တဲ့ အနေအထားဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ အရေးကြီးပါတယ်။ တရားရုံးတွေမှာ မမှန်သက်သေခံမှုတွေက တအားများတယ်။ ဒီခေတ်ကြီးထဲမှာ ဆိုရင် ပိုပြီး သိသာနိုင်တယ်။ အတင်းအဓမ္မနှိပ်စက်ပြီးတော့ သက်သေခံခိုင်းတဲ့ဟာတွေ၊ ခြိမ်းခြောက်နှိပ်စက်ပြီး သက်သေခံခိုင်းတာတွေ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရသည့် NLD ခေါင်းဆောင်များထဲတွင် ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်းလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ မူလကပင် နှလုံးရောဂါခံစားနေရသည့် ဦးဖြိုးမင်းသိန်းမှာ ဖမ်းဆီးခံထားရချိန်အတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါဒဏ် နှစ်ကြိမ်ခံစားခဲ့ရသဖြင့် ကျန်းမာရေးမကောင်းကြောင်း ပြီးခဲ့သည့် တရားခွင်၌ ထွက်ဆိုထားသည်။

ဇနီးသည်နှင့်အတူ ရန်ကုန်၌ ထိန်းသိမ်းခံထားရသည်ဟု ယူဆရသည့် ဦးဖြိုးမင်းသိန်း၏ လက်ရှိကျန်းမာရေးအခြေအနေ အသေးစိတ်ကိုမူ သီးခြားအတည်မပြုနိုင်သေးပါ။

ဦးဖြိုးမင်းသိန်းစွပ်စွဲသည့် အထက်ပါ အဂတိမှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မြေယာရယူမှု၊ အဆောက်အအုံဆောက်လုပ်မှုနှင့် သက်ဆိုင်သည့် အဂတိမှု သုံးမှုတို့ကို နေပြည်တော်ရှိ သီးသန့်တရားရုံးသို့ မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းက နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် လာရောက် ရုံးထိုင်စစ်ဆေးနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘဝက ဒေါ်အောင်ဆန်းစုကြည်၏ ပုံဖြင့် အမှတ်တရဓာတ်ပုံရိုက်ခံနေသည့် ဦးဖြိုးမင်းသိန်း။ (ဓာတ်ပုံ- Phyo Min Thein FB Page)

နေပြည်တော် သီးသန့်တရားရုံး၌ပင် ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင် ရုံးထိုင်စစ်ဆေးသည့် ယနေ့တရားခွင်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ရုံးတော်သို့ တောင်းဆိုမှုတစ်ခု လုပ်ခဲ့သေးကြောင်း သိရသည်။

“သူ့ရဲ့ အမှု(ငါးမှု)တွေကို နှစ်ပတ်တစ်ခါ ချိန်းပေးဖို့ပါ။ တစ်ပတ်တစ်ခါဆိုတော့ တစ်ပတ်အတွင်းမှာရှိနေတဲ့ ရုံးဖွင့်ရက်တွေ အကုန်လုံးကို သုံးနေရတယ်။ ကျန်းမာရေးထိခိုက်လာနိုင်တဲ့အတွက် တစ်ပတ်ခြားတစ်ခါချိန်းပေးဖို့ပါ။ တရားသူကြီးက ရှေ့တစ်ပတ်မှာ အမိန့်ချပေးမယ် ပြောပါတယ်”ဟု ဦးခင်မောင်ဇော်က ပြောသည်။

နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပါ ပုဒ်မ ၅ခုကို တရားသူကြီး ဦးမောင်မောင်လွင်က တစ်ပတ်နှစ်ရက် စစ်ဆေးနေခြင်း ဖြစ်သည်။

ယနေ့တရားခွင်အတွင်း တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်သည်ဟု ရှေ့နေ အဖွဲ့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားသည့် အမှုပေါင်း ၁၁ မှုရှိပြီဖြစ်သည်။

ထိုအထဲမှ အထက်ပါ ငါးမှုအတွက် တစ်ပတ်နှစ်ရက်၊ အဂတိလေးမှုအတွက် နှစ်ပတ်တစ်ရက်၊ အစိုးရလျှို့ဝှက်အက်အမှုအတွက် တစ်ပတ်တစ်ရက် ဒေါ်အောင်ဆန်းစုကြည်က အချိန်ပေးနေရသည်။

ရန်ကုန်တိုင်းတရားလွှတ်‌တော်တွင် စွဲဆိုထားသည်ဆိုသော အဂတိတစ်မှုနှင့် စပ်လျဉ်း၍ ရုံးထုတ်စစ်ဆေးမည့် အစီအစဉ်ကိုမူ အတည်မပြုနိုင်သေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီစွဲဆိုထားသည့် အမှုများ။ ( ဒီဇိုင်း-Myanmar Now)

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button