သတင်း

မန္တလေးဆန္ဒပြရဟန်းများ ကားဖြင့် ဝင်တိုက်ပြီး အဖမ်းခံရ

စစ်အာဏာရှင်ကို နေ့စဉ်ဆန္ဒပြနေသည့် မန္တလေးမြို့မှ သံဃသမဂ္ဂစစ်ကြောင်း ယနေ့ (အောက်တိုဘာ ၂) မွန်းလွဲ ၁ နာရီခွဲခန့်က လမ်းပေါ်တွင် ချီတက်နေစဉ် အရပ်ဝတ် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကားဖြင့်တိုက်၍ ဖြိုခွင်းရာ ရဟန်း ၅ ပါး ဖမ်းဆီးခံရသည်။ 

စိန်ပန်းရပ်အတွင်း ဆန္ဒပြနေစဉ် လက်နက်ကိုင် ၁၀ ဦးခန့်က အိမ်စီးကားနှစ်စီးဖြင့် ရောက်လာပြီး ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဆန္ဒပြစစ်ကြောင်းမှ ဆရာတော်တစ်ပါးထံမှ သိရသည်။

“စစ်ကြောင်းစထွက်ချိန် KLUGER ကားနှစ်စီးနဲ့ ရောက်လာပြီး တိုက်ဖမ်းသွားတာ။ ကားထဲ အရပ်ဝတ်တွေနဲ့ သေနတ်တွေ မြင်လိုက်တော့ လူစုခွဲလိုက်ပေမဲ့ မမီဘူး။ အခုထိ ဦးဇင်းတို့ပြေးနေတုန်း”ဟု ထိုဆရာတော်က ညနေပိုင်းတွင် မိန့်သည်။

ထိုသို့ ဖမ်းဆီးရာတွင် သေနတ်သံ ဆယ်ချက်ထက်မနည်း ကြားရပြီး အသံဗုံးပေါက်ကွဲသံကဲ့သို့သော အသံများလည်း ကြားရသည်ဟု ထိုရပ်ကွက်နေပြည်သူများက ပြောသည်။

“ဖမ်းခံရတဲ့သံဃာတွေကို တစ်ခါတည်း လူဝတ်လဲပြီး ကားပေါ်တင်တယ်။ ပါးတွေ ရိုက်တယ်၊ သေနတ်တွေနဲ့ ချိန်ထားတယ်။ အခုထိလည်း ကျန်တဲ့ဆရာတော်တွေကို သူတို့ရှာနေကြတုန်း”ဟု ထိုရပ်ကွက်မှ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။ 

ကားဖြင့်တိုက်ကာ ဖမ်းဆီးခံရသည့် သံဃာများမှာ ဦးသိရိနန္ဒ၊ ဦးဝိလာသ၊ ဦးသုစိတ္တ၊ ဦးရေဝတနှင့် ဦးဝီရိယဓမ္မတို့ဖြစ်ကြောင်း မန္တလေးသံဃသမဂ္ဂက ယမန်နေ့ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ အဆိုပါ သံဃာများနှင့်အတူ ကိုရှိုင်းအောင်၊ ကိုဌေးလွင်စိုးနှင့် ကိုမင်းဝင်းဆိုသည့် လူပုဂ္ဂိုလ်သုံးဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ရဟန်းတော်တို့ကို အကြမ်းဖက်ဖမ်းဆီးခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိများကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။

နေ့စဉ်ဆန္ဒပြနေသည့် သံဃသမဂ္ဂကို ဖြိုခွင်းရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေရာ မေ ၂၈ တွင် ကားဖြင့် တိုက်ကာ ဖမ်းဆီးခဲ့မှုကြောင့် ရဟန်း ၂ ပါး ဖမ်းဆီးခံရသည်။ ထို ၂ ပါးမှာ မိုးကောင်းကျောင်းတိုက်မှ ရှင်မဏိသာရ၊ မန္တလေး၊ မစိုးရိမ်တိုက်သစ်မှ အရှင်ရာဇိန္ဒတို့ ဖြစ်ပြီး မေ ၃၀ အကျဉ်းသားလွှတ်စဉ်က အိုးဘိုထောင်မှ ပြန်လွတ်လာသည်။  

ဩဂုတ် ၁၁ ၌လည်း သံဃသမဂ္ဂဆန္ဒပြနေစဉ် ရဟန်းတစ်ပါး ဖမ်းဆီးခံရပြီး အိုးဘိုထောင်၌ ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။ 

ထို့နောက် စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ တွင် မဟာအောင်မြေမြို့နယ်ရှိ ကင်းဝန်မင်းကြီးကျောင်းတိုက်သို့ ဝင်ရောက်စီးနင်းကာ သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ ဦးပညာသီဟအား ဖမ်းဆီးခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၂ ကျောင်းကို ထပ်မံစီးနင်းစဉ် လူ ၂ ဦးနှင့် ရဟန်း ၂ ပါး ထပ်မံဖမ်းဆီးခံရသည်။

စစ်တပ်က အာဏာသိမ်းပြီး ၈ လကျော်အကြာတွင် မန္တလေးမြို့ အထင်ကရ ပရိယတ္တိစာသင်တိုက်ကြီးများဖြစ်ကြသည့် ဘုရားကြီးတိုက်၊ မစိုးရိမ်တိုက်သစ်နှင့် မြတောင်တိုက်တို့တွင် သီတင်းသုံး စာဝါလိုက်နေသည့် သံဃာတော်အရေအတွက် ထက်ဝက်မက ကျဆင်းသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ပရိယတ္တိစာသင်တိုက်ကြီးများအများဆုံးတည်ရှိရာ မန္တလေး၌ ယင်းသို့ သံဃာအရေအတွက်ကျဆင်းသွားခြင်းမှာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲများကြောင့်ဟု မန္တလေးမြို့ခံ ရဟန်းသံဃာများက ဆိုကြသည်။

မြတောင်ကျောင်းတိုက်ကိုလည်း စစ်ကောင်စီက မကြာခဏဝင်ရောက်စီးနင်းကာ ဆန္ဒပြသံဃာတော်များကို ရှာဖွေခြင်း၊ လက်နက်မိသည်ဟု စွပ်စွဲခြင်းတို့ကြောင့် ကျောင်းတိုက်နေရဟန်းတချို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထိုသို့ဖိနှိပ်မှုကြားမှပင် သံဃသမဂ္ဂစစ်ကြောင်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေရာ ယနေ့သည် ၂၃၆ ရက်မြောက် ဆန္ဒပြနေစဉ် ဖြိုခွင်းခံရခြင်း ဖြစ်သည်။

စစ်အာဏာရှင်ကို တရားဓမ္မဖြင့် ဖျောင်းဖျရန် မဖြစ်နိုင်တော့သဖြင့် ရဟန်းဘဝကို စွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာသည့် ရဟန်းတချို့လည်း ရှိလာသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button