စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

လက်နက်ပွဲစားဆိုသူ ဦးအေးကို ခြေတံလက်တံဘယ်လောက်ရှည်သလဲ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် နောက်ကွယ်မှကြိုးကိုင်သူဟု နာမည်ထွက်ခဲ့သူမှာ ထိုင်းအခြေစိုက် မြန်မာလူမျိုး လက်နက်ပွဲစား ဦးအေးကိုဆိုသူဖြစ်သည်။ 

၎င်းသည် ဆောက်လုပ်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် AK ကုမ္ပဏီအုပ်စုပိုင်ရှင်ဖြစ်ကာ သီတဂူဆရာတော်နှင့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦး​တေဇအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းအချို့နှင့် တွဲရိုက်ထားသည့် ဦးအေးကို၏ ဓာတ်ပုံများ၊ လက်ရှိစစ်ခေါင်းဆောင်များ၏ ထိုင်းနိုင်ငံခရီးစဉ်များတွင် ဦးအေးကို ပါဝင်ပတ်သက်ခဲ့ပုံများကို Myanmar Now က ရရှိထားသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂတွင် ထုတ်ဖော်ပြောကြားခဲ့သည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြိုးပမ်းမှုတစ်ခုကို ပြီးခဲ့သည့် ဩဂုတ်လအတွင်း အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) ဖော်ထုတ်ခဲ့သည်။

ထိုအန္တရာယ်ပြုရန် ကြိုးပမ်းမှုဖြင့် အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နှင့် ၂၀ အရွယ် ရဲဟိန်းဇော်ဆိုသည့် မြန်မာလူငယ်နှစ်ဦးကို ဖမ်းဆီးအရေးယူထားကာ ၎င်းတို့နှစ်ဦးထံ ထိုင်းနိုင်ငံရှိ မြန်မာလူမျိုးလက်နက်ပွဲစားတစ်ဦးက အမေရိကန်ဒေါ်လာ ၄၀၀၀ လွှဲပေးခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်တရားရေးဌာန၏ နယူးယောက်တောင်ပိုင်း အစိုးရရှေ့နေရုံးက ဩဂုတ် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

ထိုင်းအခြေစိုက် မြန်မာလူမျိုးလက်နက်ပွဲစား၏ အမည်ကို အမေရိကန်တရားရေးဌာနက ထုတ်ပြန်ခြင်း မရှိသော်လည်း ထိုသူမှာ ဦးအေးကိုဖြစ်ကြောင်း FBI ၏ စုံစမ်းစစ်ဆေးရေးတွင် ပါဝင်ခဲ့ပြီး နယူးယောက်မြို့ရှိ မြန်မာသံရုံးကို အဝင်အထွက်ရှိသူ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နီးစပ်သူတစ်ဦးက အတည်ပြုခဲ့သည်။ 

ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမျိုးလက်နက်ပွဲစားဟု အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) က ထုတ်ပြန်ခဲ့သည့် ဦးအေးကို (မျက်မှန်နှင့်)၊ ဇနီးဖြစ်သူနှင့် သားနှစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ − Supplied) 

Myanmar Now က ရရှိထားသည့် အထောက်အထားများအရ ဦးအေးကိုသည် AK ကုမ္ပဏီအုပ်စု၊ Family Aye Ko ဆောက်လုပ်ရေး၊ A.K Construction & Industry၊ Clarity Construction & Trading နှင့် Axiom Mandalay Highway Construction ကုမ္ပဏီတို့၏ ဥက္ကဋ္ဌဖြစ်သည်။

ထို့ပြင် Myanmar Enertech၊ Sandrar Services၊ Myanmar Terry & Tee^1S နှင့် Ruili Manufacturing ကုမ္ပဏီတို့တွင်လည်း ဦးအေးကိုက ဒါရိုက်တာအဖြစ် ပါဝင်နေသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများအရ ဦးအေးကိုပိုင် ကုမ္ပဏီအချို့တွင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နန်းမြင့်မြင့်စိုးသည်လည်း ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သည်။ 

ဘန်ကောက် မြန်မာစစ်သံရုံး၏ အနီးကပ်လူယုံ 

ထိုင်းနိုင်ငံတွင် ပြုလုပ်သော သိမ်ကျောင်းအလှူတစ်ခုသို့ တက်ရောက်လာသော သီတဂူဆရာတော်နှင့်အတူ တွေ့ရသည့် ဦးအေးကို။ (ဓာတ်ပုံ − Supplied) 

ဘန်ကောက်တွင် အခြေစိုက်သည်ဟု ယူဆရသည့် ဦးအေးကိုမှာ ထိုင်းနိုင်ငံရှိ မြန်မာစစ်သံမှူးအဆက်ဆက် အားထားခဲ့သော လူယုံတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်သူတစ်ဦးက ဆိုသည်။ 

“သူက ဝန်ထမ်းမဟုတ်ဘူး။ သံရုံးတွေမှာ အမြဲတမ်းရှိတယ်။ အဓိကက ကိုအေးကိုက စစ်သံမှူးအဆက်ဆက်ကို လုပ်ကျွေးရတာ” ဟု ၎င်းက ပြောသည်။

စစ်သံမှူးများစေခိုင်းသည့် အလုပ်များကို လုပ်ပေးရသူ ဦးအေးကိုမှာ အပေးအယူအနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရထားကြောင်း၊ ထိုလုပ်ငန်းများတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်း ပါဝင်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ 

“စစ်သံရုံးရဲ့လူယုံလို့ ပြောလို့ရတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်၊ လည်လည်ဝယ်ဝယ်ဖြစ်တယ်။ ဂေါက်ပွဲတွေဘာတွေ စီစဉ်ပေးတာလည်း သူတို့ပဲတဲ့။ စစ်ဘက်က ဂေါက်ပွဲတွေဘာတွေ လာလာပြီးတော့ လုပ်ခိုင်းတယ်။ ထိုင်းစစ်တပ်နဲ့ ဟိုဘက်ဒီဘက် ချိတ်ပေးမှုတွေ အဲလိုမျိုးတွေ ပါကောင်းပါမယ်” ဟု ၎င်းက ပြောသည်။ 

Myanmar Now က ရရှိထားသည့် ဓာတ်ပုံအထောက်အထားများတွင် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇအပါအဝင် ပုဂ္ဂိုလ်အချို့နှင့် ဂေါက်ကွင်းတစ်ခုအတွင်း တွဲရိုက်ထားသည့် ဦးအေးကို၏ ဓာတ်ပုံပါရှိသည်။ ထို့ပြင် ဦးအေးကိုသည် ထိုင်းနိုင်ငံရှိ မြန်မာဂေါက်သီးအသင်းဥက္ကဋ္ဌလည်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ပြုလုပ်သော သိမ်ကျောင်းအလှူတစ်ခုသို့ တက်ရောက်လာသည်ဆိုသော သီတဂူဆရာတော် ဦးဉာဏိဿရနှင့် အနီးကပ်တွဲရိုက်ထားသည့် ဓာတ်ပုံတစ်ခုလည်း တွေ့ရသည်။ ထိုဓာတ်ပုံမှာ မည်သည့်အချိန်က ရိုက်ခဲ့သည်ကိုမူ မသိရပေ။

ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇအပါအဝင် ပုဂ္ဂိုလ်အချို့နှင့် ဂေါက်ကွင်းတစ်ခုတွင် တွေ့ရသည့် ဦးအေးကို။ (ဓာတ်ပုံ − Supplied) 

လက်ရှိ အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိနှင့် ပြန်ကြားရေးဒုတိယဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်း ၂၀၁၈ ခုနှစ်အတွင်းက ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ရာတွင် ဦးအေးကို အရပ်သားဧည့်တော်အဖြစ် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ 

ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ထိုင်းစစ်တပ်၏ ဖိတ်ကြားမှုဖြင့် လာရောက်ခဲ့သည့် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဦးအေးကိုက တစ်စုံတစ်ခုပေးအပ်စဉ် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံနှင့် ထိုင်းစစ်ဗိုလ်ကြီးများကို လက်ဆွဲနှုတ်ဆက်နေသည့် ဦးအေးကို၏ ဓာတ်ပုံများလည်း တွေ့ရှိရသည်။ 

ထို့ပြင် လေတပ်အကြီးအကဲဟောင်းများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးသိန်းဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်သန်းတို့နှင့် အတူတွဲရိုက်ထားသည့် ဦးအေးကို၏ မှတ်တမ်းဓာတ်ပုံအချို့ကိုလည်း Myanmar Now က ရရှိထားသည်။

အဆိုပါ ဓာတ်ပုံမှတ်တမ်းများနှင့် စာရွက်စာတမ်းအထောက်အထားများအရ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် အစီအစဉ်တွင် နောက်ကွယ်မှ  ကြိုးကိုင်သည်ဆိုသော ဦးအေးကိုသည် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သူ၊ စစ်တပ်၏ လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသည်။

ထိုင်းစစ်တပ်၏ ဖိတ်ကြားမှုအရ ထိုင်းနိုင်ငံသို့ ရောက်လာသည့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်အတူ တွေ့ရသည့် ဦးအေးကို။ (ဓာတ်ပုံ − Supplied) 

ထို့ပြင် အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) ၏ စုံစမ်းဖော်ထုတ်ချက်အပြင် Myanmar Now က ရရှိထားသည့် အချက်အလက်များအရ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် အစီအစဉ်၏ နောက်ကွယ်တွင် စစ်တပ်ပါဝင်နေသည်ဟု ယူဆဖွယ်ရာဖြစ်နေသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂတွင် ပြင်းပြင်းထန်ထန်ထုတ်ဖော်ပြောကြားခဲ့သူ ဦးကျော်မိုးထွန်းကို ရာထူးမှ ထုတ်ပယ်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်ကြေညာခဲ့သည့်အပြင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထို့ပြင် ဦးကျော်မိုးထွန်း၏ နေရာကို စက်မှုထမ်းသက် ၂၆ နှစ်ရှိ ဗိုလ်မှူးကြီးအောင်သူရိန်ဖြင့် လဲလှယ်ခန့်အပ်ရန် ဇူလိုင်လအတွင်း စစ်ကောင်စီက အဆိုပြုခဲ့သော်လည်း ကုလသမဂ္ဂက လက်မခံခဲ့ပေ။ စက်တင်ဘာလအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌လည်း စစ်ကောင်စီကိုယ်စားပြုသူ မည်သူမျှတက်ရောက်ခွင့် မရခဲ့ပေ။ 

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ခရီးစဉ်အတွင်း ထိုင်းစစ်ဗိုလ်ကြီးများကို လက်ဆွဲနှုတ်ဆက်နေသည့် ဦးအေးကို။ (ဓာတ်ပုံ − Supplied) 

အရည်အသွေးညံ့ဖျင်းသည့် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် 

ဦးအေးကိုမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရခေတ်တို့တွင် အငြင်းပွားဖွယ်ရာ စီမံကိန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သူဖြစ်သည်။ ၎င်းပိုင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်သည့် လမ်းပိုင်းအချို့မှာမူ အရည်အသွေးပိုင်းနှင့် ပတ်သက်၍ ဝေဖန်ခံရမှုများ ရှိခဲ့သည်။ 

ဦးအေးကိုမိသားစုပိုင် ဆောက်လုပ်ရေးကုမ္ပဏီသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး လမ်းပိုင်း (၁၁၂ မိုင် ၆ ဖာလုံ) ကို BOT ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ချိုင့်ကွက်များထနေသည့် အဆိုပါ လမ်းပိုင်းတစ်နေရာတွင် ငါးမျှားဟန်ပြုနေသည့် ဓာတ်ပုံကို ဒေသခံတစ်ဦးက ၂၀၁၇ ၌ Facebook လူမှုကွန်ရက်တွင်တင်ခဲ့ရာ လူအများသတိထားမိခဲ့ပြီး လွှတ်တော်တွင် မေးခွန်းမေးမြန်းသည်အထိ ဂယက်ရိုက်ခဲ့သည်။

မော်လမြိုင်-မုဒုံ-သံဖြူဇရပ်လမ်းပိုင်း အရည်အသွေးမမီ၍ Aye Ko မိသားစုဆောက်လုပ်ရေးကုမ္ပဏီကို အရေးယူရန်ရှိမရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က ၂၀၁၇၊ အောက်တိုဘာတွင် အမျိုးသားလွှတ်တော်၌ မေးမြန်းခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၁၇ တွင် Aye Ko မိသားစုဆောက်လုပ်ရေးကုမ္ပဏီကို မော်လမြိုင်-မုဒုံ- သံဖြူ ဇရပ် (၃၇ မိုင်) လမ်းပိုင်းအတွက်သာ လုပ်ခွင့်ပြုသည်ဟု စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့သော်လည်း ယင်းကုမ္ပဏီက တာဝန်ယူထားသည့် ထိုလမ်းပိုင်းတွင် အရည်အသွေးမမီသည့် ပြဿနာများ ဆက်ရှိနေခဲ့သည်။

မုဒုံ-သံဖြူဇရပ်လမ်းပိုင်း၏ ဆိုးရွားမှုကို ၂၀၁၇၊ ဩဂုတ်လ ၁၈ တွင် ဒေသခံတစ်ဦးက Facebook ၌ သရော်၍ တင်ခဲ့သည့် ဓာတ်ပုံ။ 

၂၀၁၉ ခုနှစ်အတွင်းက မွန်ပြည်နယ်လွှတ်တော်၌လည်း ကုမ္ပဏီတာဝန်ရှိသူများကို ခေါ်ယူ၍ BOT စာချုပ်ပါ စည်းကမ်းကို လိုက်နာရန် ၁၀ ကြိမ်ထက်မနည်း သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဟု သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်ဦးအောင်ကျော်သူက Myanmar Now ကို ပြောသည်။ 

ဦးအေးကိုပိုင် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူထားသည့် လမ်းပိုင်းအတွင်းရှိ မော်လမြိုင်-မုဒုံလမ်းတွင် စာချုပ်စည်းကမ်းအရ လေးလမ်းသွား နိုင်လွန်ကတ္တရာခင်းရမည်ဖြစ်သော်လည်း လမ်းလယ်မျဉ်းနှင့် ကပ်လျက် အသွားအပြန်နှစ်လမ်းကိုသာ ကတ္တရာခင်းထားကြောင်း ၎င်းက ဆက်ပြောသည်။

“လမ်းအလယ်မှာ ခုံးနေတော့ ယာဉ်မတော်တဆမှုတွေ အကြိမ်ပေါင်း မြောက်မြားစွာဖြစ်တာပေါ့။ ဖြစ်တဲ့အခါမှာ ဆိုရှယ်မီဒီယာမှာ အော်ကြပြုကြတော့ ကုမ္ပဏီကို အရေးယူပေးဖို့ မလုပ်ဘူးဆိုရင် BOT ကို ပယ်ဖျက်ပေးဖို့အဆင့်ထိ လုပ်ခဲ့ဖူးတယ်” ဟု ဦးအောင်ကျော်သူက ပြောသည်။

ထိုအထဲတွင် A.K ကုမ္ပဏီ၏ ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းမကြီးကို အရည်အသွေးမီ ပြုပြင်မှုမရှိဘဲ လမ်းအသုံးပြုခသာ ကောက်နေသဖြင့် လမ်းကြေးတောင်းသည့် ဂိတ်တချို့တွင် ခရီးသွားများနှင့် အချင်းများခဲ့ဖူးကြောင်း ဦးအောင်ကျော်သူက ပြောသည်။

“ပုံမှန်အရပ်သားကားတွေကတော့ သိပ်ဘာမှမလုပ်ဘူး။ ဆဲရုံပဲဆဲလို့ ရတာပေါ့။ ဒါပေမယ့် (လက်နက်ကိုင်) အဖွဲ့အစည်းကားတွေကျတော့ မခံနိုင်တော့ ဂိတ်ကလူတွေကို ဖမ်းခေါ်သွားတယ်လို့ ကြားဖူးတယ်ပေါ့နော်။ ၂၀၁၀ ဝန်းကျင် ကာလတွေမှာပေါ့” ဟု ၎င်းက ပြောသည်။ 

DICA ၏ ၂၀၁၉ ဒီဇင်ဘာလမှတ်တမ်းအရ ဦးအေးကိုပိုင်ကုမ္ပဏီသည် ဘားအံ- ကော့ကရိတ်- မြဝတီ လမ်းပိုင်း၊ ဘားအံနှင့် မော်လမြိုင်ကို ဆက်သွယ်ထားသည့်​ ကော့ကျိုက်- ဇာသပြင်နှင့် အိန္ဒု- ဇာသပြင်- မော်လမြိုင် လမ်းပိုင်းတို့ကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။ 

၂၀၂၀ အောက်တိုဘာလထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတစ်ပုဒ်အရ ဘားအံမြို့မှ အိန္ဒုလမ်းဆုံအထိ လမ်းပိုင်းကို ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန် လုပ်ပိုင်ခွင့်ရထားသည်။ 

ငှားရမ်းခနည်းပါးစွာဖြင့် နိုင်ငံပိုင်ဟိုတယ်များ လုပ်ကိုင်ခွင့်ရခဲ့သူ 

ငှားရမ်းခနည်းပါးစွာဖြင့် ဦးအေးကို လုပ်ကိုင်ခွင့်ရထားသည့် နိုင်ငံပိုင်ဟိုတယ်များအနက် မန္တလေးမြို့ရှိ အထင်ကရဟိုတယ်တစ်ခုဖြစ်သော Hotel Mandalay။ 

ဦးအေးကိုသည် ဦးသန်းရွှေအစိုးရလက်ထက်တွင် မန္တလေးမြို့ရှိ အထင်ကရဟိုတယ်များဖြစ်သော The Prince Hotel နှင့် Hotel Mandalay တို့အပါအဝင် ရွှေမန်းတောင်ဂေါက်ကွင်း၊ ဘားအံ-ကော့ကရိတ်- မြဝတီလမ်းမကြီး ပြင်ဆင်ဖောက်လုပ်မှုလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ထိုကာလအတွင်း ရေးသားခဲ့သည့် ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။ 

မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ ဦးအေးကို လုပ်ကိုင်ခွင့်ရရှိထားသည့် မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ၏ ငှားရမ်းခနှုန်းထားများမှာ ကာလပေါက်ဈေးထက် လွန်စွာနည်းပါးနေ၍ ပြည်သူ့ဘဏ္ဍာငွေထိခိုက်ဆုံးရှုံးမှုရှိနေသည်။

ဦးအေးကိုပိုင်ကုမ္ပဏီသည် မန္တလေးမြို့၏ အဓိကလမ်းမကြီးများပေါ်ရှိ The Prince Hotel ကို တစ်လ ကျပ်လေးသိန်းဖြင့် နှစ်ပေါင်း ၂၀၊ Hotel Mandalay ကို တစ်လ ကျပ်တစ်သိန်းကျော်ဖြင့် နှစ် ၃၀ လုပ်ပိုင်ခွင့်ရထားခြင်းကို နွားထိုးကြီးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်ငြိမ်းငြိမ်းသက်နွယ်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးတင်ပြခဲ့သည်။ 

တိုင်းလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီးနောက် ငှားရမ်းခွင့်ကုန်ဆုံးတော့မည့် The Prince Hotel ကို တစ်လငှားခ ကျပ်ခြောက်သိန်းသုံးသောင်းအထိ ပေးရန် A.K ကုမ္ပဏီက သဘောတူခဲ့သော်လည်း လုပ်ပိုင်ခွင့်ကို ၂၀ နှစ်မှ နှစ်ပေါင်း ၇၀ အထိ တိုးပေးရန် တိုင်းအစိုးရက ၂၀၁၆ ခုနှစ် မတ်လတွင် သဘောတူခဲ့ရသည်။ 

၂၀၂၇ ခုနှစ်တွင်မှ လုပ်ကိုင်ခွင့်သက်တမ်းကုန်မည့် Hotel Mandalay ငှားရမ်းခကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (၂၀၁၇ ဧပြီ ၁) မှစ၍ တစ်လလျှင် ကျပ်ငါးသိန်းခန့်သာ တိုးပေးရန် ဦးအေးကို၏ A.K ကုမ္ပဏီက သဘောတူခဲ့သည်။ 

“နောက်တစ်ခုကတော့ ရွှေမန်းတောင်ဂေါက်ကွင်းပါ။ ၁၀၁ ဒသမ ၉၆ မြေဧကကို နိုင်ငံတကာအဆင့်မီ ဟိုတယ်ဆောက်လုပ်ဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ အဲဒီမြေဟာလည်း ကာလတန်ဖိုးထက် အဆမတန်နည်းနေတယ်လို့ သိရပြီး စာချုပ်က အစိုးရအကူးအပြောင်း (ဦးသိန်းစိန်းအစိုးရလက်ထက်မှ NLD အကူးအပြောင်း) စပ်ကူးမပ်ကူးမှာ ချုပ်ဆိုခဲ့တာပါ” ဟု ဒေါ်ငြိမ်းငြိမ်းသက်နွယ်က တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးခဲ့သည်။ 

အခြားသူတစ်ဦး၏ မှတ်ပုံတင်ဖြင့် အသွင်ပြောင်းထားသူ 

လေတပ်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်သန်းနှင့်အတူ တွေ့ရသည့် ဦးအေးကို။ (ဓာတ်ပုံ − Supplied) 

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် အစီအစဉ်တွင် နောက်ကွယ်မှ ပါဝင်ခဲ့သူမှာ လွန်ခဲ့သည့် နှစ် ၄၀ ခန့်က အခြားသူတစ်ဦး၏ မှတ်ပုံတင်ဖြင့် အေးကိုဟု အသွင်ပြောင်းထားသူဖြစ်ကာ အမည်ရင်းမှာ ဦးဇာနည်အောင် (ခ) သူရအောင်ဖြစ်သည်။

ဦးအေးကို အစစ်နှင့် အတု နှစ်ဦးစလုံးမှာ အ.ထ.က (၁) သင်္ဃန်းကျွန်း ကျောင်းသားဟောင်းများဖြစ်သည်ဟု သိရကြောင်း၊ ဦးအေးကိုအစစ်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က ဆုံးပါးသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။ 

အခြားသူ၏ နိုင်ငံသားအထောက်အထားဖြင့် အသွင်ပြောင်းထားသည့် ​ဦးအေးကိုတစ်ဖြစ်လဲ ဦးဇာနည်အောင်မှာ အသက် ၆၀ အရွယ်ရှိပြီဟုလည်း ၎င်းက ပြောသည်။

ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် အစီအစဉ် လူသိရှင်ကြားပေါ်ထွက်လာရာမှတစ်ဆင့် လက်နက်ပွဲစားဟု နာမည်ထွက်လာသူ ဦးအေးကိုသည် အ.ထ.က (၁) သင်္ဃန်းကျွန်း၏ ဆရာကန်တော့ပွဲသို့ နှစ်စဉ်နီးပါး လာရောက်ကာ မတည်ငွေကျပ်သိန်း ၅၀ အထိ လှူဒါန်းလေ့ရှိသည့်အပြင် ဦးအေးကိုအစစ်ကိုလည်း ထောက်ပံ့တတ်သည်ဟု ဆိုသည်။

“လစဉ် ငွေကြေးထောက်ပံ့တာပါ။ ဆရာကန်တော့ပွဲကာလဆို (ဦးအေးကိုအစစ်၏) အိမ်ကို ပေါ်တင်လာတယ်။ မဟုတ်ရင် ကျောင်းနောက်ပေါက်ရှိတယ်။ အဲဒီနောက်ဖေးပေါက်ကနေ လာလာပေးတယ်။ သူကိုယ်တိုင်လာတာ များတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

ဦးအေးကိုအစစ်မှာ အထက(၁) သင်္ဃန်းကျွန်း၏ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ လက်နက်ပွဲစားဟု နာမည်ထွက်သူ ဦးအေးကို၏ နေအိမ်မှာလည်း အ.ထ.က ၁ သင်္ဃန်းကျွန်းကျောင်း၏ မျက်နှာချင်းဆိုင်ဘက်တွင်ရှိကြောင်း ၎င်းက ဆက်ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ဦးဇာနည်အောင်မှာ လွန်ခဲ့သည့် နှစ် ၄၀ ခန့်က ရန်ကုန်ကျောက်မျက်လောကတွင် ကျင်လည်ခဲ့ဖူးပြီး ငွေကြေးအရှုပ်အရှင်းကြုံရချိန်တွင် ဦးအေးကို အစစ်ထံမှ မှတ်ပုံတင်နှင့် ကိုယ်ရေးအချက်အလက်များကို ရယူ၍ ဘဝခရီးဆက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထိုသတင်းရင်းမြစ်က ဆိုသည်။

ကျောက်မျက်လောကတွင် ပြဿနာတက်ခဲ့ပြီးနောက် ဦးအေးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ သွားရောက်ကာ ခြေရာဖျောက်နေခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

“မှောင်ခိုကိစ္စမှန်သမျှ အကုန်လုပ်တယ် ပြောတယ်ဗျ။ အဲဒါက တကယ်လို့ပြောတယ်။ မှောင်ခိုလုပ်ငန်းမှန်သမျှ ရန်ကုန်မှာ အကုန်လုပ်ခဲ့တယ်။ ရန်ကုန်ကနေ ထွက်ခွာပြီးနောက်ပိုင်းမှာလည်း ဆက်ပြီးတော့ လုပ်နေခဲ့တယ်” ဟု ၎င်းက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button